အမြို့မြို့အနယ်နယ်သတင်းများ

မဟာအောင်မြေမြို့နယ်၊ ရတနာဘုမ္မိအရှေ့ရပ်ကွက်၌ ပြည်သူ့စစ်မှုထမ်းအမှတ်(၁)မှ တာဝန်ကျေပွန်စွာထမ်းဆောင်ခဲ့ပြီးသော နိုင်ငံ့သားကောင်းများအား ဂုဏ်ပြုကြိုဆို

‎‎မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ ရတနာဘုမ္မိအရှေ့ရပ်ကွက်၌ ပြည်သူ့စစ်မှုထမ်းအမှတ်(၁)မှ တာဝန်ကျေပွန်စွာထမ်းဆောင်ခဲ့ပြီးသော နိုင်ငံ့သားကောင်းများအား ဂုဏ်ပြုကြိုဆိုပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ကျင်းပသည်။

ပဲခူးမြို့၌ ၂၀၂၆ ခုနှစ် အလုပ်သမားနေ့အခမ်းအနား ကျင်းပ

ပဲခူးမြို့ မြို့တော်ခန်းမ၌ မေ ၁ ရက် နံနက်ပိုင်းက ၂၀၂၆ ခုနှစ်၊ အလုပ်သမားနေ့ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ခဲ့သည်။ ဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်က ပြည်ထောင်စုမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံမှ ပေးပို့သည့် အလုပ်သမားနေ့ သဝဏ်လွှာအား ဖတ်ကြားသည်။    

မင်းဘူး(စကု)မြို့နယ်၌ ရက် (၁၀၀)အတွင်း ကိုယ်ပိုင်လုပ်ငန်းထူထောင်နိုင်စေရန် ဝင်ငွေတိုးစီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ဒေသတွင်း အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်း လုပ်ငန်းများအနက်မှ ရက်(၁၀၀)အတွင်း ကိုယ်ပိုင်လုပ်ငန်းများ ထူထောင်နိုင်စေရန် ဝင်ငွေတိုးစီမံကိန်းလုပ်ငန်းများကို မင်းဘူး(စကု)မြို့နယ်၌ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ရွှေကျင်မြို့နယ်တွင် ရှေးဟောင်းသမိုင်းဝင် ရွှေတောင်ဦးစေတီတော်မြတ်ကြီး စိန်ဖူးတော်၊ ထီးတော်၊ ငှက်မြတ်နားတော် တင်လှူပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်၊ ညောင်ဝိုင်း/တရုတ္တန်းရပ်ကွက်တွင် တည်ထားကိုးကွယ်လျှက်ရှိသော ရှေးဟောင်းသမိုင်းဝင် ရွှေတောင်ဦးစေတီတော်မြတ်ကြီး၏ စိန်ဖူးတော်၊ ထီးတော်၊ ငှက်မြတ်နားတော် တင်လှူပွဲကို ကဆုန်လပြည့်နေ့ နံနက် (၉)နာရီမှစ၍ ကျင်းပသည်။

ဒေသခံပြည်သူများ ဘေးအန္တရာယ်အပေါင်းကင်းဝေးစေရေးအတွက် ပြည်လုံးချမ်းသာရ မြတ်စွာဘုရား မြို့နယ်အတွင်း လှည့်လည်အပူဇော်ခံပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ် ဗောဓိရိပ်သာကျောင်းတိုက်ရှိ မင်းငါးဆက်တိုင်တိုင် ကိုးကွယ်ဆည်းကပ်ခဲ့သော ပြည်လုံးချမ်းသာရ မြတ်စွာဘုရား ဆင်းတုတော်ကြီးအား မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ ဘေးအန္တရာယ်အပေါင်း ကင်းဝေးစေရေးအတွက် လှည့်လည်အပူဇော်ခံပွဲကို မေလ ၁ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည်။

တောင်သာမြို့၌ သံဃာတော် (၁၀၈)ပါးအား ဆွမ်းဆန်၊ လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မဝတ္ထုငွေများ လောင်းလှူပူဇော်ပွဲ အခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီး တောင်သာမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှကြီးမှူးကျင်းပသော သံဃာတော်(၁၀၈)ပါးအား ဆွမ်းဆန်၊ လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မဝတ္ထုငွေများ လောင်းလှူပူဇော်ပွဲ အခမ်းအနားကို ကဆုန်လပြည့်နေ့ ယမန်နေ့ နံနက် ၇ နာရီခွဲက အမှတ်(၆)ရပ်ကွက် ပြည်လုံးအောင်ချမ်းသာ ဘုရားဝန်းအတွင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

တမူးမြို့၌ ကဆုန်လပြည့် (ဗုဒ္ဓနေ့) ညောင်ရေသွန်းပွဲတော် အခမ်းအနားကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့၌ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ စီစဉ်ကြီးကြပ်မှုဖြင့် ခရိုင်နှင့်မြို့နယ်ဌာနဆိုင်ရာများ၊ မြို့ပေါ်ရပ်ကွက်နေ ပြည်သူများ၏ ညောင်ရေသွန်းလောင်း ပူဇော်ပွဲကို ဧပြီလ ၃၀ ရက်နေ့ ညနေ ၄ နာရီက မြို့မသာသနာ့ရိပ်သာ (ရွှေကျင်) ကျောင်းတိုက်ရှိ ဗောဓိညောင်ပင်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဘယ်လင်းအကျဉ်းဦးစီးဌာနမှ ကဆုန်လပြည့်နေ့ (ဗုဒ္ဓနေ့)၌ အကျဉ်းသားအကျဉ်းသူ ခုနစ်ဦး လွတ်ငြိမ်းသက်သာခွင့်ပြု

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတရုံး၏ ၃၀.၄.၂၀၂၆ ရက်စွဲပါ၊ အမိန့်အမှတ် (၅၁/၂၀၂၆)ဖြင့် ကဆုန်လပြည့်နေ့ (ဗုဒ္ဓနေ့) အထိမ်းအမှတ်အဖြစ် လည်းကောင်း၊ ပြည်သူလူထု နှလုံးစိတ်ဝမ်း‌ အေးချမ်းစေရေးနှင့် လူမှုရေးအရ ငဲ့ညှာထားသောအားဖြင့် လည်းကောင်း၊ နိုင်ငံတော်၏ တည်ဆောက်ရေးတွင် ပါဝင်နိုင်ရန်အတွက် လည်းကောင်း နိုင်ငံတော် သမ္မတသည် အချုပ်ထောင်/အကျဉ်းထောင် အသီးသီးမှ အကျဉ်းသား/သူများအား လွတ်ငြိမ်းသက်သာခွင့် ပေးလျက်ရှိရာ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်အတွင်းရှိ ဘယ်လင်းအကျဉ်းဦးစီးဌာန အမှတ်(၁)နှင့် အမှတ်(၂) ကုန်ထုတ်စခန်း အစည်းအဝေးခန်းမများ၌ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေအရ ပြစ်မှုများနှင့် အဂတိတိုက်ဖျက်ရေး ဥပဒေအရ ပြစ်မှုများမှအပ အခြားသော ဥပဒေများဖြင့် ပြစ်မှုကျခံလျက်ရှိသည့် အကျဉ်းသား ၇ ဦးအား ရာဇဝတ်ကျင်ထုံ ဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ ၁ အရ “နောက်တစ်ကြိမ် ပြစ်မှုကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်” ဟူသော စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ကြောင်း သိရသည်။

ကဆုန်လပြည့်နေ့တွင် နိုင်ငံတစ်ဝန်းရှိ မြို့နယ်များ၌  ကဆုန်ညောင်ရေသွန်းပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲများ ကျင်းပ

မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ် ကဆုန်လပြည့်နေ့ကို “ဗျာ၊ ဖွား၊ ပွင့်၊ စံ ဤလေးတန် မှတ်ရန် ဗုဒ္ဓနေ့” ဟူသည့် စာဆိုနှင့်အညီ နိုင်ငံတစ်ဝန်းမြို့နယ်များရှိ မဟာဗောဓိညောင်ပင်များ၊ စေတီပုထိုးများတွင် မြတ်စွာဘုရားရှင်၏ ဂုဏ်တော်ကိုရည်မှန်းကာ ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ခြင်းနှင့် ဆရာတော်၊ သံဃာတော်များ၊ သာသနာနွယ်ဝင်များအား ဆွမ်းဆန်စိမ်းလောင်းလှူပွဲများကို ကျင်းပကြသည်။

ကဆုန်လပြည့်နေ့တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဘုရားစေတီပုထိုးများ၌ ကုသိုလ်ကောင်းမှု ပြုသူများဖြင့် အထူးပင်စည်ကားလျက်ရှိ

ယနေ့တွင် ကျရောက်သည့် မြန်မာသက္ကရာဇ် ၁၃၈၈-ခုနှစ် ကဆုန်လပြည့်နေ့သည် ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့၏ နေ့ထူးနေ့မြတ်ဖြစ်သည်နှင့်အညီ “ဗျာဒိတ်ဖွားမြင် ဗောဓိပင်၊ စံဝင်နိဗ္ဗာန်နန်း” ဆိုသည့်စကားအတိုင်း ယမန်နေ့နံနက်ပိုင်းအချိန်ကစတင်ကာ ရွှေတိဂုံစေတီတော်မြတ်ကြီး အပါအဝင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဘုရားစေတီပုထိုးများ၌ ကဆုန်ညောင်ရေ သွန်းလောင်းပူဇော်ပွဲများကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်လျက်ရှိရာ ကဆုန်ညောင်ရေ သွန်းလောင်းပူဇော်ကြသူများ၊ ဥပုသ်သီလ စောင့်တည်ကြသူများ၊ ဆွမ်း၊ ပန်း၊ ရေချမ်း၊ ဆီမီး ကပ်လှူ၍ ကုသိုလ်ကောင်းမှုပြုသူများ၊ စတုဒိသာ ကျွေးမွေးလှူဒါန်းကြသူများဖြင့် အထူးပင် စည်ကားလျက်ရှိကြောင်း သိရသည်။
Subscribe to အမြို့မြို့အနယ်နယ်သတင်းများ