ပဲခူးမြို့၌ ၂၀၂၆ ခုနှစ် အလုပ်သမားနေ့အခမ်းအနား ကျင်းပ

 ပဲခူး မေ ၁

ပဲခူးမြို့ မြို့တော်ခန်းမ၌ မေ ၁ ရက် နံနက်ပိုင်းက ၂၀၂၆ ခုနှစ်၊ အလုပ်သမားနေ့ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ခဲ့သည်။ ဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်က ပြည်ထောင်စုမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံမှ ပေးပို့သည့် အလုပ်သမားနေ့ သဝဏ်လွှာအား ဖတ်ကြားသည်။    

 ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီး ဒေါ်စိုးစိုးသက်၊ အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် တိုင်းဒေသကြီး ဝန်ကြီးများက ၂၀၂၆ ခုနှစ်၊ အလုပ်သမားနေ့ အထိမ်းအမှတ် Video Clip အား ကြည့်ရှုခဲ့ကြသည်။ ၎င်းနောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အလုပ်သမားနေ့ အခမ်းအနား တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးသည်။

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် အခါအားလျော်စွာ အလုပ်အကိုင်အခွင့်အလမ်းပြပွဲ(Job Fair)များ ပြုလုပ်ပေးလျက်ရှိပြီး တိုင်းဒေသကြီးအတွင်း အလုပ်လက်မဲ့များလျော့ပါးလာပြီး မိသားစုဝင်ငွေတိုးတက်စေခြင်း၊ အလုပ်လုပ်ကိုင်နိုင်သူအားလုံး အလုပ်အကိုင်ရရှိနိုင်ပါက ဒေသတွင်း ကုန်ထုတ်စွမ်းအားမြှင့်မားလာပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေနိုင်ခြင်း၊ အလုပ် အကိုင်ရှာဖွေသူ အလုပ်သမားများနှင့် အလုပ်သမားလိုအပ်သူ အလုပ်ရှင်များအတွက် အချိန်မကုန်၊ ငွေမကုန်ဘဲ တစ်နေရာတည်းတွင် ချိတ်ဆက်ဆောင်ရွက်ပေးနိုင်ခြင်းဖြင့် အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင်အကျိုးဖြစ်ထွန်းစေနိုင်သည့် အစီအစဉ်များ ဆောင်ရွက်ပေး လျက်ရှိကြောင်း သတင်းရရှိသည်။ 

သက်ဖြိုးကြိုင်(ပြန်/ဆက်)