ကဆုန်လပြည့်နေ့တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဘုရားစေတီပုထိုးများ၌ ကုသိုလ်ကောင်းမှု ပြုသူများဖြင့် အထူးပင်စည်ကားလျက်ရှိ

တာမွေ     မေ  ၁

ယနေ့တွင် ကျရောက်သည့် မြန်မာသက္ကရာဇ် ၁၃၈၈-ခုနှစ် ကဆုန်လပြည့်နေ့သည် ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့၏ နေ့ထူးနေ့မြတ်ဖြစ်သည်နှင့်အညီ “ဗျာဒိတ်ဖွားမြင် ဗောဓိပင်၊ စံဝင်နိဗ္ဗာန်နန်း” ဆိုသည့်စကားအတိုင်း ယမန်နေ့နံနက်ပိုင်းအချိန်ကစတင်ကာ ရွှေတိဂုံစေတီတော်မြတ်ကြီး အပါအဝင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဘုရားစေတီပုထိုးများ၌ ကဆုန်ညောင်ရေ သွန်းလောင်းပူဇော်ပွဲများကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်လျက်ရှိရာ ကဆုန်ညောင်ရေ သွန်းလောင်းပူဇော်ကြသူများ၊ ဥပုသ်သီလ စောင့်တည်ကြသူများ၊ ဆွမ်း၊ ပန်း၊ ရေချမ်း၊ ဆီမီး ကပ်လှူ၍ ကုသိုလ်ကောင်းမှုပြုသူများ၊ စတုဒိသာ ကျွေးမွေးလှူဒါန်းကြသူများဖြင့် အထူးပင် စည်ကားလျက်ရှိကြောင်း သိရသည်။

“ကဆုန်လပြည့်နေ့ဟာ ကျွန်မတို့ဗုဒ္ဓဘာသာဝင်တွေအတွက် တစ်ခြားသော နေ့ထူးနေ့မြတ်တွေထက် ပိုပြီးထူးခြားလှတဲ့ နေ့တစ်နေ့လည်း ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီကဆုန်လပြည့်နေ့ဟာ ဂေါတမမြတ်စွာ ဘုရားရှင်သာလျှင်မကဘဲ အခြားနှစ်ကျိပ်ရှစ်ဆူကုန်သော မြတ်စွာဘုရားတို့၏ ဖွားမြင်တော်မူသောနေ့၊ ဘုရားဖြစ်တော်မူသောနေ့၊ ပရိနိဗ္ဗာန်ပြုသောနေ့များမှာလည်း ကဆုန်လပြည့်နေ့ဖြစ်တာကြောင့် ‘ဗုဒ္ဓနေ့’ ဟုလည်း သတ်မှတ်ခေါ်တွင်ကြတယ်လို့ ရှေးလူကြီးတွေ ပြောစကားအရ သိရပါတယ်။ အဲဒါကြောင့် ဒီနေ့လို ထူးခြားလှတဲ့ ကဆုန်လပြည့်နေ့မှာ အလုပ်ကလည်း ပိတ်ထားတော့ ဘုရားမှာ ကုသိုလ်ကောင်းမှုတွေပြုလုပ်ရင်း ဒီတစ်နေ့တာကို ဖြတ်သန်းချင်ပါတယ်” ဟု မှော်ဘီမြို့နယ်မှ ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်မြတ်ကြီးကို လာရောက်ဖူးမြော် ကုသိုလ်ယူသူတစ်ဦးက ဆိုသည်။

ကဆုန်လပြည့်နေ့သည် ဂေါတမဘုရားအလောင်းတော် သုမေဓာရှင်ရသေ့အား “ဘဒ္ဒကမ္ဘာတွင် ဘုရားရှင် အဖြစ်ကို ရလိမ့်မည်” ဟု ဒီပင်္ကရာ မြတ်စွာဘုရားက ဗျာဒိတ်တော်စကား မိန့်ကြားတော်မူသောနေ့၊ ဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသား ဖွားမြင်သောနေ့၊ ဘုရားအဖြစ်ကို ရတော်မူသောနေ့၊ ဂေါတမမြတ်စွာဘုရား ပရိနိဗ္ဗာန် စံတော်မူသောနေ့ စသည့်နေ့များဖြစ်သဖြင့် “ဖွားမြင်ပွင့်စံ၊ ဗျာဒိတ်ခံ၊ မှတ်ရန်ကဆုန်၊ လပြည့်ကြုံ” ဟု “ကဆုန်လပြည့်ဗုဒ္ဓနေ့” ကို ဗုဒ္ဓဘာသာဝင်များက ယနေ့ထိတိုင် အထွတ်အမြတ်ထားလျက်ရှိကြောင်း၊ ကဆုန်ညောင်ရေသွန်းပွဲတော်သည် မြန်မာလူမျိုးတို့၏ (၁၂)လရာသီပွဲတော်များထဲမှ ကုသိုလ်ယူဖွယ်ရာ၊ ဝမ်းသာကြည်နူးဖွယ်ရာ ဘာသာရေးဆိုင်ရာ ပွဲတော်တစ်ခုဖြစ်သည့်အပြင် မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်တစ်ရပ်အဖြစ် မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် နှစ်စဉ်စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။

မြန်မာသက္ကရာဇ် ၁၃၈၈-ခုနှစ် ကဆုန်လပြည့်နေ့(ဗုဒ္ဓနေ့)တွင် ရွှေတိဂုံစေတီတော်မြတ်ကြီးအပါအဝင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဘုရားစေတီပုထိုးများအား အများပြည်သူ ဖူး‌မြော်ကြည်ညိုနိုင်ရေးအတွက် စနေ၊ တနင်္ဂနွေနှင့် နေ့ထူးနေ့မြတ် အစိုးရရုံးပိတ်ရက်များ၌ နေ့စဉ်နံနက်(၅)နာရီခွဲမှ ည(၁၀)နာရီအချိန်အထိ ဖွင့်လှစ်ပေးထားပြီး မည်သူမဆို စိတ်အေးချမ်းသာစွာ လာရောက်ဖူးမြော်၍ ကုသိုလ်ယူနိုင်ကြောင်း သတင်းရရှိပါသည်။

နိုင်လင်းအောင်(ပြန်/ဆက်)