ကြို့ပင်ကောက် မေ ၁
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ် ဗောဓိရိပ်သာကျောင်းတိုက်ရှိ မင်းငါးဆက်တိုင်တိုင် ကိုးကွယ်ဆည်းကပ်ခဲ့သော ပြည်လုံးချမ်းသာရ မြတ်စွာဘုရား ဆင်းတုတော်ကြီးအား မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ ဘေးအန္တရာယ်အပေါင်း ကင်းဝေးစေရေးအတွက် လှည့်လည်အပူဇော်ခံပွဲကို မေလ ၁ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည်။
မှန်နန်းရှင်မင်း၊ သာယာဝတီမင်း၊ ပုဂံမင်း၊ မင်းတုန်းမင်း၊ သီပေါမင်း ကုန်းဘောင်မင်း ငါးဆက်တိုင်တိုင် နန်းတော်အတွင်း ကိုးကွယ်ဆည်းကပ်ခဲ့သော ပြည်လုံးချမ်းသာရမြတ်စွာဘုရား ဆင်းတုတော်ကြီးအား ကဆုန်လပြည့်ကျော်တစ်ရက်နေ့ နံနက်ပိုင်းမှစ၍ မြို့နယ်အတွင်း လှည့်လည်အပူဇော်ခံလျက်ရှိသည်။
ဒေသခံပြည်သူများ ရောဂါဘယဘေး အန္တရာယ်များ၊ သဘာဝဘေးအန္တရာယ်များမှ ကင်းဝေးစေရေး အတွက်ရည်ရွယ်၍ နှစ်စဉ်နှစ်တိုင်း လှည့်လည်အပူဇော်ခံခဲ့ကြောင်း နံနက်ပိုင်းတွင် မြို့အနောက်ဘက်ခြမ်း ရပ်ကွက်များအတွင်းသို့လှည့်လည်အပူဇော်ခံပြီး နေ့လယ်ပိုင်းတွင် မြို့အရှေ့ဘက်ခြမ်း ရပ်ကွက်များအတွင်းသို့ လှည့်လည်အပူဇော်ခံသွားမည်ဖြစ်ကြောင်း အပူဇော်ခံပွဲ ဖြစ်မြောက်ရေး ကော်မတီထံမှ သိရသည်။
ဇေယျာထွန်း(ကြို့ပင်ကောက်)