မင်းဘူး မေ ၁
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ဒေသတွင်း အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်း လုပ်ငန်းများအနက်မှ ရက်(၁၀၀)အတွင်း ကိုယ်ပိုင်လုပ်ငန်းများ ထူထောင်နိုင်စေရန် ဝင်ငွေတိုးစီမံကိန်းလုပ်ငန်းများကို မင်းဘူး(စကု)မြို့နယ်၌ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ မင်းဘူးခရိုင်မှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်းလုပ်ငန်းများအနက်မှ ရက်(၁၀၀) အတွင်း လုပ်ငန်းရှင်(၂၀)ပေါ်ပေါက်လာစေရေး စီမံချက်များမှ တစ်ခုအပါအဝင်အဖြစ်သော မော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းနည်းပညာသင်တန်းကို မင်းဘူး(စကု)မြို့နယ်၊ ပိုက်သင်စံပြ ကျေးရွာ၌ ဧပြီလ ၂၉ ရက်မှ စတင်ပြီး ဖွင့်လှစ်သင်ကြားပို့ချပေးလျက်ရှိကြောင်း အဆိုပါဦးစီဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ခင်စိုးစိုးစံက ပြောသည်။
မင်းဘူး(စကု)မြို့နယ်၌ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ရက် (၁၀၀)အတွင်း ကိုယ်ပိုင်လုပ်ငန်းထူထောင်နိုင်စေရန် ရည်ရွယ်ဖွင့်လှစ်သည့် မော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းနည်းပညာသင်တန်းတွင် သင်တန်းသား ၁၅ ဦးဖြင့် ဧပြီလ ၂၉ ရက်မှ ဇွန်လ ၁၇ ရက်နေ့အထိ (၁)လခွဲကြာ ဖွင့်လှစ်၍ ကျွမ်းကျင်တတ်မြောက်စွာဖြင့် ကိုယ်ပိုင်လုပ်ငန်းများ ထူထောင်နိုင်သည် အထိ စာတွေ့၊ လက်တွေ့စနစ်ကျ လေ့ကျင့်သင်ကြားပေးသွားမည်ဖြစ်ကြောင်း၊ အဆိုပါသင်တန်းမှ အမှန်တကယ် ကိုယ်ပိုင်လုပ်ငန်း ထူထောင်မည့် ထူးချွန်သင်တန်းသား (၅)ဦးအား သတ်မှတ်ချက်များနှင့်အညီ စိစစ်ရွေးချယ်ပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများ ပံ့ပိုးပေး၍ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ရက်(၁၀၀)အတွင်း လုပ်ငန်းထူထောင်နိုင်ရန် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)