စဉ့်ကိုင် ဧပြီ ၁
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတရုံး၏ ၃၀.၄.၂၀၂၆ ရက်စွဲပါ၊ အမိန့်အမှတ် (၅၁/၂၀၂၆)ဖြင့် ကဆုန်လပြည့်နေ့ (ဗုဒ္ဓနေ့) အထိမ်းအမှတ်အဖြစ် လည်းကောင်း၊ ပြည်သူလူထု နှလုံးစိတ်ဝမ်း အေးချမ်းစေရေးနှင့် လူမှုရေးအရ ငဲ့ညှာထားသောအားဖြင့် လည်းကောင်း၊ နိုင်ငံတော်၏ တည်ဆောက်ရေးတွင် ပါဝင်နိုင်ရန်အတွက် လည်းကောင်း နိုင်ငံတော် သမ္မတသည် အချုပ်ထောင်/အကျဉ်းထောင် အသီးသီးမှ အကျဉ်းသား/သူများအား လွတ်ငြိမ်းသက်သာခွင့် ပေးလျက်ရှိရာ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်အတွင်းရှိ ဘယ်လင်းအကျဉ်းဦးစီးဌာန အမှတ်(၁)နှင့် အမှတ်(၂) ကုန်ထုတ်စခန်း အစည်းအဝေးခန်းမများ၌ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေအရ ပြစ်မှုများနှင့် အဂတိတိုက်ဖျက်ရေး ဥပဒေအရ ပြစ်မှုများမှအပ အခြားသော ဥပဒေများဖြင့် ပြစ်မှုကျခံလျက်ရှိသည့် အကျဉ်းသား ၇ ဦးအား ရာဇဝတ်ကျင်ထုံ ဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ ၁ အရ “နောက်တစ်ကြိမ် ပြစ်မှုကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်” ဟူသော စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် စဉ့်ကိုင်မြို့နယ်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ဇော်မင်းနိုင်၊ ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်လင်း၊ ဘယ်လင်းအကျဉ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးချစ်ကိုနှင့် တာဝန်ရှိသူများက လွတ်ငြိမ်းချမ်းသာခွင့်ရ အကျဉ်းသားများအားဆုံးမစကား အသီးသီးပြောကြားခဲ့သည်။
ဆက်လက်၍ ကုန်ထုတ်စခန်းတွင် ပြစ်ဒဏ်ကျခံစဉ်ရရှိခဲ့သည့် အကျိုးခံစားခွင့်များအား ထုတ်ပေးခဲ့ပြီးနောက် ဘယ်လင်းအကျဉ်းဦးစီးဌာန အမှတ်(၁) ကုန်ထုတ်စခန်းမှ အကျဉ်းသား ၆ ဦးနှင့် အမှတ်(၂) ကုန်ထုတ်စခန်းမှအကျဉ်းသား ၁ ဦး၊ စုစုပေါင်းအကျဉ်းသား ၇ ဦးတို့အား အကျဉ်းဦးစီးဌာန အစီအစဉ်ဖြင့် ရထားဘူတာနှင့်ကားဂိတ်များသို့ မော်တော်ယာဉ်များဖြင့် ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ကျော်စွာ (စဉ့်ကိုင်)