တမူး မေ ၁
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့၌ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ စီစဉ်ကြီးကြပ်မှုဖြင့် ခရိုင်နှင့်မြို့နယ်ဌာနဆိုင်ရာများ၊ မြို့ပေါ်ရပ်ကွက်နေ ပြည်သူများ၏ ညောင်ရေသွန်းလောင်း ပူဇော်ပွဲကို ဧပြီလ ၃၀ ရက်နေ့ ညနေ ၄ နာရီက မြို့မသာသနာ့ရိပ်သာ (ရွှေကျင်) ကျောင်းတိုက်ရှိ ဗောဓိညောင်ပင်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ တက်ရောက်လာကြသူများက နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနား ဖွင့်လှစ်ခဲ့ပြီး မြို့မသာသနာ့ရိပ်သာ (ရွှေကျင်)ကျောင်းတိုက် ပဓာန နာယက ဆရာတော် အဂ္ဂမဟာ သဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တ မာနိတသိရီ ထံမှ ရှစ်ပါးသီလခံယူဆောက်တည်ခဲ့ကြသည်။
ထို့နောက် ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (ကလေး) မှ ဒုတိယဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး ဟန်ဝင်းအောင်၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းကိုကိုနှင့်အဖွဲ့ဝင်များ၊ မြို့မိမြို့ဖများမှ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြရာ မြို့မသာသနာ့ရိပ်သာ ကျောင်းတိုက်ဆရာတော်မှ အနုမောဒနာတရားဟောကြား ချီးမြှင့်ခဲ့ပြီး လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြပြီးနောက် ဆရာတော်၊ သံဃာတော်များမှ မေတ္တသုတ် ပရိတ်တရားတော်များ ရွတ်ပွားသရဇ္ဇျယ်ခြင်းများ ပြုလုပ်ပေးပြီး အခမ်းအနားကို “ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု” သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားပြီးမြောက် အောင်မြင်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ တက်ရောက်လာကြသည့် ဒုတိယဒေသကွပ်ကဲရေးမှူး၊ ခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဧည့်ပရိသတ်များမှ မဟာဗောဓိညောင်ပင်အား ပရိဘောဂစေတီအဖြစ် သတ်မှတ်ပြီး ဗုဒ္ဓဘုရားရှင်အား ရည်စူး၍ အမွှေးနံ့သာရည်တို့ဖြင့် ကဆုန်ညောင်ရေများ သွန်းလောင်းပူဇော် ကုသိုလ်ယူခဲ့ကြသည်။
အလားတူ မြို့ပေါ်ရပ်ကွက်များရှိ မြေနီကုန်းကျောင်းတိုက်၊ သာသနာ့ဥယျာဉ်ကျောင်းတိုက်၊ အောင်တော်မူကျောင်းတိုက်၊ ဂဏပါမောက္ခ ကျောင်းတိုက်၊ သာသနာ့လင်္ကာရကျောင်းတိုက်နှင့် မဟာဇေတဝန်ကျောင်းတိုက်တို့၌လည်း ကဆုန်ညောင်ရေသွန်းလောင်း ပူဇော်ပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။
ရတနာ