အမြို့မြို့အနယ်နယ်သတင်းများ

May 03,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့ အမှတ်(၃)ရပ်ကွက်ရှိ Sea & Lake အပန်းဖြေဥယျာဉ်သို့ ဧပြီလ ၃၀ ရက်နေ့ နံနက်(၁၁)အချိန်က ဧကာဒသမတန်းလူရည်ချွန် မောင်မယ်များ (ငွေဆောင်) မှ လာရောက်လေ့လာလည်ပတ်ကြရာ Sea & Lake အပန်းဖြေဥယျာဉ်ရှိ ဒီရေတော၌လည်းကောင်း၊ ကျောင်းစိမ်းပြတိုက်တွင်လည်းကောင်း၊ ပန်းပုရုပ်ထု ပြတိုက်တွင်လည်းကောင်း အသဲတစ်ရာတွင်လည်းကောင်း လေ့လာ၍ အလှဓာတ်ပုံများ ရိုက်ခြင်းဖြင့် အပန်းဖြေခဲ့ကြသည်။
May 03,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်ရှိ ကလေးစာဖတ်ခန်း၌ ကလေးများ အသိပညာဗဟုသုတ တိုးပွား‌စေရန်၊ စဉ်းစား‌တွေးခေါ်မှုစွမ်းရည်တိုးပွား‌စေရန်ရည်ရွယ်၍ ဉာဏစမ်းရည်ပြိုင်ပွဲများကို ယနေ့နံနက် ၁၀ နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
May 03,2024
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေး ရက်သတ္တပတ် (၂၀၂၄ ခုနှစ်)အထိမ်းအမှတ် က‌လေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေးထိုးနှံတိုက်‌ကျွေးခြင်းအခမ်းအနားကို ယမန်နေ့ နံနက်က အောက်ကျင်းရပ်ကွက်ရှိ မြို့နယ်မိခင်နှင့်ကလေး ကျန်းမာရေးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။
May 03,2024
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ချိုက်ကျေးရွာတွင် ယမန်နေ့မွန်းလွဲ ၂ နာရီ ၂၅ မိနစ်အချိန်ခန့်က မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် အဆိုပါကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း (ခွဲ) စာသင်‌ဆောင်တစ်လုံး အမိုးလန်ပျက်စီးဆုံးရှုံးသွားခဲ့ကြောင်း သိရသည်။
May 03,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာဖတ်ပရိသတ်ထံ လက်ဝယ်အရောက် စာအုပ်၊ စာစောင်များ ငှားရမ်းပေးခြင်းကို အပတ်စဉ် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် ၉ နာရီခွဲက ဌာနဆိုင်ရာရုံးများနှင့် ရပ်ကွက်နေပြည်သူများထံ သွားရောက်ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
May 03,2024
မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက် ၉ နာရီခွဲက ၂၀၂၄-၂၀၂၅ ခုနှစ် ကော်ဖီသီးနှံ တိုးချဲ့စိုက်ပျိုးရေးအတွက် ကော်ဖီမျိုးစေ့များ ထောက်ပံ့ပေးအပ်ပွဲကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မင်းမှ အဖွင့်အမှာစကားပြောကြားပြီး စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းထွန်းဦးက အရည်အသွေးကောင်း ကော်ဖီမျိုးကောင်းမျိုးသန့် ဖြန့်ဖြူးထောက်ပံ့မှုအတွက် ရှင်းလင်းပြောကြားခဲ့သည်။
May 03,2024
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနရုံးမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများအဖွဲ့က အိမ်ခြေလေးဆယ်ကျေးရွာဓမ္မာရုံ၊ အမှတ် ၉ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနှင့် တောင်သလဲမြောင်ကျေးရွာဘုန်းတော်ကြီးကျောင်းတို့၌ ပြည်သူများအား Biometric (ဇီဝဆိုင်ရာ)အချက်အလက်များ ကောက်ယူခြင်းလုပ်ငန်းများကို ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
May 03,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေးဌာနမှ တာဝန်ရှိသူများသည် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် ရောင်းချခဲ့သည့် အရပ်ရပ်အခွင်အရေးလိုင်စင်များနှင့် သားသတ်လုပ်ငန်းလိုင်စင်များအား လိုင်စင်စည်းကမ်းချက်များဖြင့် လိုက်နာ​ဆောင်ရွက်​ခြင်းရှိ/မရှိ ကွင်းဆင်းစစ်​ဆေးခြင်း  ယနေ့နံနက်ပိုင်းက လုပ်ငန်း​ဆောင်ရွက်သည့် နေရာများသို့ ကွင်းဆင်းစစ်​ဆေးခဲ့​ကြောင်း သိရသည်။