မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မွန်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် လူငယ်ရေးရာဟောပြောပွဲနှင့် လူငယ်စစ်တမ်းဖြေဆိုခြင်း ဆွေးနွေးပွဲအခမ်းအနားသို့ တက်ရောက်
မွန်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် လူငယ်ရေးရာ ဟောပြောပွဲနှင့် လူငယ်စစ်တမ်းဖြေဆိုခြင်း ဆွေးနွေးပွဲအခမ်းအနားကို အောက်တိုဘာ ၁၉ ရက်နေ့ နံနက်ပိုင်းက မော်လမြိုင် တက္ကသိုလ်၊ ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက ပြောင်းလဲနေတဲ့ ဒီဂျစ်တယ်ခေတ်ကြီးမှာ နည်းပညာများဟာ တစ်နေ့တစ်ခြား တိုးတက်နေသလို ကမ္ဘာ့နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အခန်းကဏ္ဍသည်လည်း ပြောင်းလဲနေသည်ကို လူငယ်အားလုံး သတိပြုရမှာဖြစ်ကြောင်း၊ လူငယ်များအနေဖြင့် မိမိတို့ဘဝအတွက်သာမက နိုင်ငံနှင့်ပြည်သူအတွက်ပါ အကျိုးရှိစေမယ့် ကြီးမားတဲ့ တာဝန်တွေကို ထမ်းဆောင်ရမှာ ဖြစ်တဲ့အတွက် အတွေ့အကြုံကောင်းတွေ ရရှိလာဖို့ လိုအပ်မှာဖြစ်ပြီး ဗလငါးတန် ဖွံ့ဖြိုးမှုသာမက ပြောင်းလဲနေသော ကမ္ဘာကြီးတွင် မျိုးဆက်သစ်လူငယ်များ တက်ကြွစွာပါဝင်နိုင်ရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်ကြဖို့ မှာကြားလိုကြောင်း၊ နယ်ပယ်စုံ ကဏ္ဍပေါင်းစုံမှာရှိသည့် လူငယ်များ ဆောင်ရွက်နိုင်သည့် အခွင့်အလမ်းများကို ဖန်တီးပုံဖော်ပေးသည့် မျိုးဆက်သစ်များ ဖြစ်ပေါ်စေရေး အားလုံးပူးပေါင်းဆောင်ရွက်ပေးကြစေလိုကြောင်းဖြင့် အမှာစကားပြောကြားခဲ့သည်။