မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်ဌေး မင်းဘူးမြို့ သာသနာ့ဗိမာန်၌ အပူရှောင်စခန်း ဖွင့်လှစ်ထားရှိမှု ကြည့်ရှုအားပေး

မင်းဘူး ဧပြီ ၄

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့ရှိ သာသနာ့ဗိမာန်တော်ကြီးအတွင်း၌ အပူဒဏ်အန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် အပူရှောင်စခန်းဖွင့်လှစ်ထားရှိမှု အခြေအနေများကို မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်ဌေးနှင့်အတူ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် တာဝန်ရှိသူများက ယမန်နေ့နံနက် ၁၁ နာရီအချိန်က အဆိုပါဗိမာန်၌ သွားရောက်ကြည့်ရှုအားပေးသည်။

ဦးစွာမကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်ဌေးနှင့် တာဝန်ရှိသူများသည် မင်းဘူးမြို့ အမှတ်(၃)ရပ်ကွက်ရှိ သာသနာ့ဗိမာန်သို့ရောက်ရှိပြီး သာသနာ့ဗိမာန်တော်ကြီးအတွင်း၌ အပူရှောင်စခန်းဖွင့်လှစ်ထားရှိမှုနှင့် အပူရှောင်စဉ်ကာလ သက်ကြီးဘိုးဘွားများ နားခိုနိုင်စေရန် နားနေခန်း၊ TV ကြည့်ခန်း၊ စားသောက်ခန်းနှင့် အုပ်ချုပ်ထောက်ပံ့မှုဆိုင်ရာကိစ္စရပ်များ ကြိုတင် ပြင်ဆင်ဆောင်ရွက်ထားရှိမှု၊ အပူဒဏ်ကြောင့် အပူရှောင်သက်ကြီးဘိုးဘွား ပုဂ္ဂိုလ်များအား မလိုလားအပ်သော အကျိုးဆက်များမဖြစ်ပေါ်စေရန် တိုင်းရင်းဆေးပညာဦးစီးဌာနနှင့် ခရိုင်ပြည်သူ့ဆေးရုံကြီးမှ ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေမှု၊ အပူရှောင်စခန်းသို့ လာရောက်ကြသူများ သုတရသစာအုပ်စာပေများနှင့် နေ့စဉ်ထုတ်သတင်းစာများ ဖတ်ရှုလေ့လာနိုင် စေရန် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာအုပ်စာစောင်များ ပြင်ဆင် ဆောင်ရွက်ထားရှိမှုများနှင့် အပူရှောင်စခန်းရှိ သက်ကြီးဘိုးဘွားများအား နေ့လယ်စာဖြင့် ဧည့်ခံကျွေးမွေးဆောင်ရွက်ပေးနေမှုစသည့် အခြေအနေမျာကို လှည့်လည်ကြည့်ရှုပြီး ဘိုးဘွားများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများ ပြောကြားခဲ့သည်။

ဆက်လက်ပြီး အပူရှောင်စခန်းများအတွက် နိုင်ငံတော်ယာယီသမ္မတနှင့် အလှူရှင်များက လှူဒါန်းပေးပို့ထားသော ရေသန့်၊ အချိုရည်၊ ဓာတ်ဆားနှင့် တစ်ကိုယ်ရေ အသုံးအဆောင်ပစ္စည်းများကို မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်ဌေးနှင့်တာဝန်ရှိသူများက သက်ကြီး ဘိုးဘွားများအား လှူဒါန်းပေးအပ်ပြီး အပူရှောင်စခန်းများ ဖွင့်လှစ်ရာ၌ အထောက်အကူပြုစေရန် မကွေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စားလှယ်များမှ စုပေါင်းလှူဒါန်းသော အလှူငွေကျပ် ၂၅ သိန်းကို အပူရှောင်စခန်းဖွင့်လှစ်နိုင်ရေး လုပ်ငန်းကြီးကြပ်မှုကော်မတီထံ လှူဒါန်းပေးအပ်ခဲ့သည်။

မင်းဘူးမြို့သည် ယခုရက်ပိုင်းကမ္ဘာ့အပူဆုံးမြို့များ စာရင်းတွင် ဝင်ရောက်နေသည့်အတွက် နိုင်ငံတော် အကြီးအကဲ၏ လမ်းညွှန်ချက်အရ မိမိတို့နေအိမ်များ၌ နေထိုင်ရန် ခက်ခဲပြီး အပူဒဏ်ကို တိမ်းရှောင်ရန် လိုအပ်မည့်သူများနှင့် သက်ကြီးဘိုးဘွားများအား အပူရှောင်စခန်းများတွင် လာရောက် နားခိုနိုင်ရေးနှင့် အပူဒဏ်အန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် အပူရှောင်စခန်းများကို မြို့နယ်အတွင်း၌ ဧပြီလ ၂ ရက်နေ့မှစတင်ပြီး ဖွင့်လှစ်ထားရှိရာ မင်းဘူးမြို့ သာသနာ့ဗိမာန်ရှိ အပူရှောင်စခန်း၌ သက်ကြီးဘိုဘွား ၂၆ ဦးနှင့် စကုမြို့ အမှတ်(၂) ရပ်ကွက်ရှိ မိုးကုတ်ဝိပဿနာ ဓမ္မရိပ်သာ အပူရှောင်စခန်း၌ သက်ကြီးဘိုဘွား ၁၇ ဦးတို့က လာရောက်နားခိုနေထိုင်လျက်ရှိပြီး လိုအပ်သော ပံ့ပိုးကူညီမှုများနှင့် ကျန်းမာရေးဝန်ဆောင်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မောင်မောင်(မင်းဘူး)