စလင်း ဧပြီ ၄
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် ဒေသတွင်း ဆန်စပါးဖူလုံပိုလျှံစေရေးအတွက် ၂၀၂၆ ခုနှစ် နွေသီးနှံများစိုက်ပျိုးရာသီတွင် မဲဇလီဆည်ရေနှင့် စလင်းရေလှောင်တမံရေဖြင့် နွေစပါး ၅၄၆ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရသည်။
နွေသီးနှံများစိုက်ပျိုးရာသီ၌ ဒေသခံတောင်သူများ အဆင်ပြေစွာ ထွန်ယက်စိုက်ပျိုးနိုင်ရေးအတွက် စလင်းရေလှောင်တမံနှင့် မဲဇလီဆည်တို့မှ မတ်လဒုတိယအပတ်မှစတင်၍ နွေစပါး ဒေသတွင်းလျာထား (၁၈၆၀) ဧကနှင့် နွေနှမ်းလျာထား (၃၅၈၁၆) ဧကလျာထားစိုက်ပျိုးမည့် ကျေးရွာအုပ်စု (၅) အုပ်စုရှိ၊လယ်ယာမြေများသို့ နွေစပါးများစိုက်ပျိုးရန်၊ စိုက်ပျိုးရေများ ဖြန့်ဝေပေးလျက်ရှိကြောင်း၊ စိုက်ပျိုးပြီးစီးသည့် စပါးမျိုးများမှာ အောင်နိုင်တိုးစပါးနှင့် ဆာဖိုးသာ စပါး (၅၄၆) ဧက လျာထားစိုက်ပျိုးပြီးစီးပြီး၊ လျာထားချက် (၁၈၆၀) ဧက ပြည့်မီရေး ဆက်လက် စိုက်ပျိုးလျက်ရှိသည်။
စလင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့်ဒေသတွင်းစားနပ်ရိက္ခာဖူလုံစေရေး၊ လယ်ယာကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် သီးနှံအထွက်နှုန်းတိုးတက်ရေးနှင့် သီးနှံစိုက် စွမ်းအားတိုးတက်ရေးတို့ကို အလေးထားဆောင်ရွက်လျက်ရှိရာ၊ နွေသီးနှံများ စိုက်ပျိုးရေး လုပ်ငန်းများအား အကောင်အထည်ဖော်နိုင်ရေးကော်မတီဖွဲ့စည်း၍ ကြီးကြပ် ဆောင်ရွက်လျက်ရှိပြီး ကျန်းမာသန်စွမ်းသော စပါးပင်များရရှိရန်အတွက် မျိုးကောင်းမျိုးသန့် သုံးစွဲခြင်း၊ ဘက်စုံမျှတသော ဓာတ်မြေဩဇာအသုံးပြုနည်း ကျင့်သုံးခြင်းနှင့်မိမိစပါးခင်းကို ပုံမှန်ကွင်းဆင်းစစ်ဆေးကြရန်နှင့် တောင်သူအသိပညာပေးလုပ်ငန်းများကို တာဝန်ရှိသူများနှင့် ကွင်းဝန်ထမ်းများကကွင်းဆင်း၍လည်းကောင်းစိုက်ပျိုးရေးနည်းပညာပေးစခန်း၌လည်းကောင်း တောင်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး ပူးပေါင်းဆောင်ရွက်၊လျာထားချက်ပြည့်မှီရေး၊ ဆက်လက်စိုက်ပျိုးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မောင်လွင်(စလင်း)