နွေရာသီမီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် သရုပ်ပြပွဲအခမ်းအနားကျင်းပ

ရန်ကုန် ဧပြီ ၄

အားကစားနှင့်ကာယပညာဦးစီးဌာန၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)၊ နွေရာသီမီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် သရုပ်ပြပွဲအခမ်းအနားကို ဧပြီလ ၂ ရက်နေ့နံနက် (၁၀:၀၀) နာရီအချိန်တွင် တာမွေမြို့နယ်၊ ကျိုက္ကဆံအားကစားကွင်းအတွင်းရှိ စားရိပ်သာခန်းမ၌ကျင်းပပြုလုပ်ရာ အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ဦးထွန်းထွန်းဦး၊ ဒုတိယကျောင်းအုပ်ကြီးများ၊ ဌာနခွဲအလိုက် အရာထမ်း/အမှုထမ်းများ၊ သင်တန်းနည်းပြ ဆရာ/ဆရာမများ တက်ရောက် ခဲ့သည်။

ဦးစွာအားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ဦးထွန်းထွန်းဦးက အမှာစကားပြောကြားရာတွင် နိုင်ငံတော်ပိုင်အဆောက်အဦများ၊ ရုံးများ၊ အဆောင်များ၊ အိမ်ရာများတွင် သဘာဝဘေးအန္တရာယ်ကြောင့်လည်းကောင်း၊ ပေါ့ဆမီးများကြောင့် လည်းကောင်း ပျက်စီးဆုံးရှုံးမှုများ မဖြစ်စေရန်နှင့် ဖြစ်ပေါ်လာပါက အမြန်ဆုံးတားဆီး ကာကွယ်ပေးနိုင်စေရန်အတွက် ရည်ရွယ်၍ ယခုဟောပြောပွဲနှင့်သရုပ်ပြလက်တွေ့လေ့ကျင့်ခြင်းအခမ်းအနားကို ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်းပြောကြားခဲ့ပြီး တာမွေမြို့နယ်မီးသတ်စခန်းမှဒု-ဦးစီးမှူး ဦးထွန်းထွန်းလင်းနှင့် ဒု-ဦးစီးမှူး ဦးအာကာမင်းခင်တို့က မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ကျောင်းအုပ်ကြီး ဦးထွန်းထွန်းဦးက အသိပညာပေးဟောပြောခြင်းနှင့်သရုပ်ပြလက်တွေ့သင်ကြားပေးခဲ့သည့် တာမွေမြို့နယ် မီးသတ် အဖွဲ့ထံသို့ အမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်ပြီးနောက် တာမွေမြို့နယ် မီးသတ်အဖွဲ့မှ တာဝန်ရှိသူတို့က အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်)မှ ဝန်ထမ်းများအား လက်တွေ့ သရုပ်ပြသခြင်းနှင့် မီးဘေးအန္တရာယ်ကြုံတွေ့လာပါက မီးငြှိမ်းသတ်မှုများကို ဆောင်ရွက်နိုင်ရန်အတွက် လက်တွေ့လေ့ကျင့်သင်ကြားပေးခြင်းများ ဆောင်ရွက်ခဲ့ပြီးနောက် ကျောင်းအုပ်ကြီးနှင့်တာဝန်ရှိသူတို့သည် ရုံး၊ အားကစားကွင်း/အားကစားရုံများ၊ အားကစား သမားအိပ်ဆောင်၊ စားရိပ်သာနှင့် ဝန်ထမ်းအိမ်ယာတို့၌ မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်နိုင်စေရေးအတွက် မီးချိတ်၊ မီးကတ်နှင့် မီးသတ်ဆေးဘူးများ စနစ်တကျ ထားရှိစေရန်နှင့် မီးသတ်တပ်ဖွဲ့မှ လိုအပ်သည်များကို အကြံပြုတိုက်တွန်းပြောကြားပြီး ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

အောင်မြင့်(ပြန်/ဆက်)