ရွှေတိဂုံစေတီတော်မြတ်ကြီး၌ လုပ်ငန်းခွင်မွမ်းမံသင်တန်းအမှတ်စဥ် (၁/၂၀၂၆) သင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

ရန်ကုန် ဧပြီ

ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ကြီးမှူးကျင်းပသည့်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ ရုံးဝန်ထမ်းများလုပ်ငန်းခွင်မွမ်းမံသင်တန်းအမှတ်စဥ် (၁/၂၀၂၆) သင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဧပြီလ ၂ ရက်နေ့မွန်းလွဲ ၁ နာရီတွင် အဆိုပါစေတီတော်ရှိ ရေကြည်တော်ဝတ်အသင်းတန်ဆောင်း၌ ကျင်းပသည်။

အခမ်းအနားသို့ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များ၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှတာဝန်ရှိသူများ၊ ဂေါပကရုံးဝန်ထမ်းများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။

ဦးစွာနမောတဿသုံးကြိမ်ရွတ်ဆို ဘုရာကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်ပြီး ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင် အလှည့်ကျသဘာပတိ ဦးဘိုသင်းက သင်တန်းဆင်းအမှာစကားပြောကြားပြီး သင်တန်းဆရာတစ်ဦးအား ဂုဏ်ပြုလက်ဆောင် ပေးအပ်သည်။

ထို့နောက် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်က ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုရှိကြသူများအား ဆုများပေးအပ်ပြီး ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

အဆိုပါသင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ ၄၇ ဦး တက်ရောက်ကြပြီး ရုံးလုပ်ငန်း၊ရုံးစာရေးသားနည်း၊ စာရင်းကိုင်ပညာတို့အား သင်ကြားပေးခဲ့ကြောင်း သိရသည်။

အောင်မြင့်(ပြန်/ဆက်)