ပန်းတောင်းမြို့နယ်၌ နွေရာသီ ယဉ်ကျေးလိမ္မာသင်တန်း ဖွင့်လှစ်

ပန်းတောင်း ဧပြီ ၄

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်ရှိ အခြေခံပညာမူလတန်းလွန်ကျောင်း (နတ်မောက်)၌ ကျောင်းသား၊ ကျောင်းသူလူငယ်မောင်မယ်များ နွေရာသီကျောင်းပိတ်ရက် ကာလအတွင်းအချိန်ကို အကျိုးရှိစွာ အသုံးချနိုင်စေရန်နှင့် ဗုဒ္ဓဘာသာဆိုင်ရာ အခြေခံယဉ်ကျေးမှုများကို သိရှိနားလည်ကာ အကျင့်စာရိတ္တ ကောင်းမွန်သည့် လူငယ်များဖြစ်လာစေရန် ရည်ရွယ်၍ နွေရာသီယဉ်ကျေးလိမ္မာသင်တန်း ဖွင့်ပွဲအခမ်းအနားကို ဧပြီလ (၂) ရက်နေ့ နံနက် ၉ နာရီက အဆိုပါကျောင်း၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ သင်တန်းဖွင့်ပွဲတွင် မြို့နယ်စာရေးဆရာအသင်းနာယက ဦးတင်လှိုင်က အမှာစကားပြောကြားရာ၌ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အသိပညာ၊ အတတ်ပညာများအပြင် ကိုယ်ကျင့်တရား ကောင်းမွန်ရန် လိုအပ်ကြောင်း၊ မိဘဆရာသမားများအပေါ် ရိုသေကိုင်းရှိုင်းတတ်စေရန်နှင့် ယဉ်ကျေးလိမ္မာသည့် လူငယ်လူရွယ်များ ဖြစ်လာစေရန်ရည်ရွယ်၍ ယခုသင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် သင်တန်းနည်းပြဆရာများက သင်တန်းတွင် သင်ကြားပို့ချပေးမည့် ဘုရားရှိခိုးနည်း စနစ်များ၊ (၃၈) ဖြာ မင်္ဂလာတရားတော်များ၊ အခြေခံယဉ်ကျေးမှု နီတိများနှင့် လူမှုဆက်ဆံရေးဆိုင်ရာ ယဉ်ကျေးမှုဘာသာရပ်များအကြောင်းကို ရှင်းလင်းပြောကြားခဲ့ကြသည်။

အဆိုပါ သင်တန်းသို့ အ.မ.က (လွန်) နတ်မောက်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၃၂) ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ ဧပြီလ (၂) ရက်နေ့မှ (၁၂) ရက်နေ့အထိ (၁၀) ရက်ကြာ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

လပြည့်လင်း(ပြန်/ဆက်)