ပွင့်ဖြူ ဧပြီ ၄
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တွင် ထိခိုက်လွယ်(သက်ကြီးဘိုးဘွားများ)၊ ကိုယ်ဝန်ဆောင်မိခင်များနှင့်၊ ကလေးသူငယ်များ အပူရှောင်နားခိုနေထိုင်နိုင်ရေးအတွက် ယမန်နေ့နံနက်ပိုင်းတွင် ပွင့်ဖြူမြို့ အလယ်ပိုင်းရပ်ကွက်ရှိ ရွှေစေတီဘုန်းတော်ကြီးကျောင်းတိုက်၌ မြို့နယ်အပူရှောင်စခန်း ဖွင့်လှစ်ဆောင်ရွက်ထားရှိကြောင်း သိရသည်။
အဆိုပါ အပူရှောင်စခန်းသို့ လာရောက်နားခိုနေထိုင်ကြသည့် သက်ကြီးဘိုးဘွားများ၊ ကိုယ်ဝန်ဆောင်များ၊ ကလေးသူငယ်များနှင့် ပြည်သူများစိတ်အေးချမ်းသာစွာ နေထိုင်နိုင်ရန်အတွက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာတာဝန်ရှိသူများက နေရာထိုင်ခင်းများ၊ ပန်ကာများ၊ သောက်ရေသန့်များ၊ Water Cooler များ၊ ဓာတ်ဆားထုပ်များ စီစဉ်ဆောင်ရွက်ထားရှိပေးထားကြောင်း၊ ထို့အပြင် အပူဒဏ်အန္တရာယ်ကင်းဝေးစေရန် အပူဒဏ်အန္တရာယ်အကြောင်းနှင့် ကြိုတင်ကာကွယ်ရမည့် ဆောင်ရန်၊ ရှောင်ရန်များ အသိပညာပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုများ ချက်ချင်းဆောင်ရွက်ပေးနိုင်ရန် ယာယီဆေးပေးခန်း ဖွင့်လှစ်ထားရှိပေးထားပြီး အရေးပေါ်ကျန်းမာရေးကားတစ်စီးကိုလည်း အသင့်ပြင်ဆင်ထားရှိပေးထားကြောင်း သိရသည်။
အဆိုပါ အပူရှောင်စခန်းကို ဧပြီ (၃)ရက်နေ့မှ (၁၂)ရက်နေ့အထိ နေ့စဉ် နံနက် (၉)နာရီမှ ညနေ (၆)နာရီအထိ ဖွင့်လှစ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပြီး အပူရှောင်လာရောက်ကြသူများ အဆင်ပြေစွာနေထိုင်နိုင်ရေးအတွက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် စေတနာအလှူရှင်များ စုပေါင်း၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)