နွေးမိုးဆောင်းသီးနှံများဖြင့် ထာဝရ အလှဝေဖြာနေသည့် အညာမြေက ကြက်မောက်တောင် ရေလှောင်တမံ
Jul 10,2026
အကျယ်အဝန်း ၇၅၈.၃၅ စတုရန်းမိုင်ရှိသော ကျောက်ပန်းတောင်းမြို့နယ်မှ အမြင့်ပေ ၄၉၈၁ ပေရှိသည့် ပုပ္ပားတောင်ကြီး၏ ရပ်ဝန်းကို မိုးခေါင်ရေရှားသည့် အညာဒေသ၏ အိုအေစစ်ဟု ဆိုကြပါမူ… အဆိုပါဒေသရှိ ကြက်မောက်တောင် ရေလှောင်တမံကို ပုပ္ပားရပ်ဝန်း၏ အသည်းနှလုံးဟုပင် တင်စားခေါ်ဆိုရပေလိမ့်မည်…။ အဘယ့်ကြောင့်ဆိုသော် ပုပ္ပားရေဝေရေလဲ ဒေသရှိ တောင်ဇင်းချောင်းနှင့် ကျောက်ပုံ ချောင်းကို အမှီပြု၍ ၁၉၆၁-၁၉၆၂ ခုနှစ်မှ စတင် တည်ဆောက်ခဲ့ပြီး ၁၉၆၆-၁၉၆၇ ခုနှစ်တွင် ပြီးစီးခဲ့သည့် ကြက်မောက်တောင် ရေလှောင်တမံသည် ပုပ္ပားတောင်ကြီး၏ အရှေ့တောင်ဘက်ရှိ အညာတောင်သူများအတွက် နွေ၊ မိုး၊ ဆောင်းသီးနှံများဖြင့် မြေကြီးက ရွှေသီးအောင် စွမ်းဆောင်လာခဲ့သည်မှာ ယနေ့ဆိုလျှင် ၅၉ နှစ်ပင် တိုင်ခဲ့ပြီဖြစ်ပေသည်။ ယခင်က တစ်မိုးကောင်း တစ်ချောင်းစီးဆိုသည့် စကားနှင့်အညီ၊အညာတောင်သူတို့အဖို့ မိုးကိုမျှော်ကာ မောင်းတီးပြီး ချောင်းစီးအောင် လှူနိုင်ဖို့အရေး လုံ့လဝီရိယ အရင်းခံသည့်တိုင် ကံပေးမှ ရသည့်ဘဝမှာ ခါးလှဖို့ထက် ဝမ်းဝဖို့ပင် မနည်းရုန်းကန်ခဲ့ကြရရှာပေသည်။ ယခုတော့ ကြက်မောက်တောင် ရေလှောင်တမံကြီး၏ အကျိုးကျေးဇူးဖြင့် နွေ၊ မိုး၊ ဆောင်း သီးနှံများနှင့် စားဖိုချောင် သီးနှံများ နှစ်ပတ်လည် စိုက်ပျိုးကာ ဆည်ရေသောက် ဒေသရှိ တောသူ တောင်သားတို့မှာ မောင်းတီး၍ ချောင်းစီးအောင် လှူနိုင်ရုံ သာမက၊ ဘဝအခြေတင့်လို့ လူနေမှုအဆင့်များလည်း မြင့်မားခဲ့ကြ ပြီ မဟုတ်ပါလား…။