နွေးမိုးဆောင်းသီးနှံများဖြင့် ထာဝရ အလှဝေဖြာနေသည့် အညာမြေက ကြက်မောက်တောင် ရေလှောင်တမံ

ကျောက်ပန်းတောင်း ဇူလိုင် ၁၀

အကျယ်အဝန်း ၇၅၈.၃၅ စတုရန်းမိုင်ရှိသော ကျောက်ပန်းတောင်းမြို့နယ်မှ အမြင့်ပေ ၄၉၈၁ ပေရှိသည့် ပုပ္ပားတောင်ကြီး၏ ရပ်ဝန်းကို မိုးခေါင်ရေရှားသည့် အညာဒေသ၏ အိုအေစစ်ဟု ဆိုကြပါမူ… အဆိုပါဒေသရှိ ကြက်မောက်တောင် ရေလှောင်တမံကို ပုပ္ပားရပ်ဝန်း၏ အသည်းနှလုံးဟုပင် တင်စားခေါ်ဆိုရပေလိမ့်မည်…။ အဘယ့်ကြောင့်ဆိုသော် ပုပ္ပားရေဝေရေလဲ ဒေသရှိ တောင်ဇင်းချောင်းနှင့် ကျောက်ပုံ ချောင်းကို အမှီပြု၍ ၁၉၆၁-၁၉၆၂ ခုနှစ်မှ စတင် တည်ဆောက်ခဲ့ပြီး ၁၉၆၆-၁၉၆၇ ခုနှစ်တွင် ပြီးစီးခဲ့သည့် ကြက်မောက်တောင် ရေလှောင်တမံသည် ပုပ္ပားတောင်ကြီး၏ အရှေ့တောင်ဘက်ရှိ အညာတောင်သူများအတွက် နွေ၊ မိုး၊ ဆောင်းသီးနှံများဖြင့် မြေကြီးက ရွှေသီးအောင် စွမ်းဆောင်လာခဲ့သည်မှာ ယနေ့ဆိုလျှင် ၅၉ နှစ်ပင် တိုင်ခဲ့ပြီဖြစ်ပေသည်။ ယခင်က တစ်မိုးကောင်း တစ်ချောင်းစီးဆိုသည့် စကားနှင့်အညီ၊အညာတောင်သူတို့အဖို့ မိုးကိုမျှော်ကာ မောင်းတီးပြီး ချောင်းစီးအောင် လှူနိုင်ဖို့အရေး လုံ့လဝီရိယ အရင်းခံသည့်တိုင် ကံပေးမှ ရသည့်ဘဝမှာ ခါးလှဖို့ထက် ဝမ်းဝဖို့ပင် မနည်းရုန်းကန်ခဲ့ကြရရှာပေသည်။ ယခုတော့ ကြက်မောက်တောင် ရေလှောင်တမံကြီး၏ အကျိုးကျေးဇူးဖြင့်  နွေ၊ မိုး၊ ဆောင်း သီးနှံများနှင့် စားဖိုချောင် သီးနှံများ နှစ်ပတ်လည် စိုက်ပျိုးကာ ဆည်ရေသောက် ဒေသရှိ တောသူ တောင်သားတို့မှာ မောင်းတီး၍ ချောင်းစီးအောင် လှူနိုင်ရုံ သာမက၊ ဘဝအခြေတင့်လို့ လူနေမှုအဆင့်များလည်း မြင့်မားခဲ့ကြ ပြီ မဟုတ်ပါလား…။

ကြက်မောက်တောင် ရေလှောင်တမံကို အလုပ်ကိစ္စဖြင့် အကြိမ်ကြိမ် ရောက်ရှိခဲ့သည်၊ ရောက်တိုင်းလည်း စိတ်ကြည်နူးမှု ဖြစ်ရသည်။ အထူးသဖြင့် နွေးစပါး၊ မိုးစပါး စိုက်ပျိုးပြီးချိန် စပါးပင်တို့ အနှံလေးများ ရင့်မှဲ့စ ပြုချိန်တို့တွင် လေပြည်သုတ် လိုက်တိုင်း စိုက်ပျိုးထားသည့် စပါးခင်းများမှ စပါးနှံရနံ့တို့ကို ရှုရှိုက်ရသည်မှာ လူတစ်ကိုယ်လုံး လန်းဆန်းသွားသလို ခံစားရသည့်နည်းတူ၊  ဟိုမှသည်မှ လယ်တောသူ ပျိုဖြူတို့ တေးဆိုသံများနှင့်အတူ ရယ်မောသံများ လွင့်ပါးကာ စပါးခင်းအတွင်း သွားလာလှုပ်ရှားနေကြသည်မှာလည်း တောဓလေ့ တောသဘာဝ၏ အလှတို့ပေါ်လွင်သည့် ပန်းချီကား တစ်ချပ်လို လှပ၍နေပါသည်။ တူးမြောင်းမကြီး၏ တိုက်ရိုက် ရေပေးပြွန်မှတဆင့် ရေကို အလေအလွင့် မရှိစေဘဲ မိမိတို့ စိုက်ခင်းများ ဆီသို့ လယ်ကြား မြောင်းငယ်များ တူးဖော်နေကြသည့် တောင်သူကြီးများမှာ နံနက်နေရောင်အောက်တွင် လုပ်အားအလှ ပြနေကြသည်ကိုလည်း ခတ်လှမ်းလှမ်းမှပင်  တွေ့မြင်နေရသဖြင့် သွားရောက်လေ့လာ ကြည့်မိပါသည်။

“ဒါက လယ်ကြားမြောင်းဖော်နေကြတာပါ…။ ဆည်ရေကို အလေအလွင့်မရှိပဲ မိမိတို့ လယ်ကွက်တွေအရောက် လယ်ကြားမြောင်းတွေ ဖော်ယူပြီး ရေသွယ်ဖို့အတွက်လည်း ကျေးရွာအလိုက် Water User Groups (WUG)လို့ခေါ်တဲ့ ရေအသုံးချသူများအစုအဖွဲ့တွေကို စနစ်တကျ ဖွဲ့စည်းပေးထားပါတယ်။ ဒီအစုအဖွဲ့တွေက နွေစပါးအတွက် ရေမလွှတ်ခင်နဲ့ မိုးစပါးအတွက် ရေမလွှတ်ခင်တွေမှာ ကျွန်တော်တို့ မြောင်းမကြီးရဲ့ လက်တံမြောင်း ဒါမှမဟုတ် လက်တံခွဲမြောင်းတွေမှာရှိတဲ့ တိုက်ရိုက် ရေပေးဝေတဲ့ ရေထုတ်ပေါက်တွေကနေတဆင့် လယ်ကြားမြောင်း သွယ်ယူကြရတာပါ…။ သူတို့က တစ်ဖွဲ့ ကို ၅ ဦးကနေ ၂၀ ဦးအထိ ဖွဲ့စည်းထားရှိပြီး၊ စုပေါင်းလုပ်ဆောင်ကြရတာပါ..။ ဒီ WUG ရေအသုံးချသူများ အဖွဲ့ကို ဖွဲ့စည်းရတဲ့ ရည်ရွယ်ချက်ကတော့ သီးနှံစိုက်ပျိုး ထုတ်လုပ်ဖို့အတွက် ဆည်ရေသောက်စနစ်ကို ဖွံ့ဖြိုးတိုးတက်စေဖို့…၊ ရေပေးသွင်းနိုင်တဲ့ ဧရိယာကို တိုးချဲ့ပြီး စိုက်ပျိုးရေးထုတ်ကုန်များကို ပိုမို တိုးတက်အောင်လုပ်ဆောင်ဖို့ ..။ ဆည်မြောင်း အဆောက်အအုံများ ပြုပြင်ထိန်းသိမ်းရာမှာ ကုန်ကျစရိတ် ထိရောက်စေဖို့နဲ့ ရေအသုံးချသူများအဖွဲ့(WUG)နှင့် ရေအသုံးချသူများအသင်း (WUA) တို့ကနေတဆင့် တောင်သူများ ပူးပေါင်းပါဝင်တဲ့ ဆည်မြောင်းစနစ်(PIM) စနစ်ကို ကူးပြောင်းဖို့ပဲ ဖြစ်ပါတယ်..” ဟု ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးက ရှင်းပြပါသည်။ ဒီလို ရေအသုံးချသူများအဖွဲ့(WUG) တွေကို ဆည်ရေသောက် ဒေသအတွင်း ကျေးရွာအလိုက် ဖွဲ့စည်းထားရှိခြင်းဖြင့် သင့်လျော်တဲ့ ရေစီမံခန့်ခွဲမှု ရရှိလာခြင်း၊ လိုအပ်သော ရေကို လိုအပ်သည့်အချိန်တွင် ရယူနိုင်သဖြင့် သီးနှံအထွက်နှုန်းနှင့် ထုတ်ကုန်အရည်အသွေးတိုးတက်လာခြင်းနှင့် ဆည်ရေကို စနစ်တကျ အကျိုးရှိစွာ သုံးစွဲရန် ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် ရေလေလွင့် ဆုံးရှုံးမှုနည်းပါးစေခြင်း… စတဲ့ အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ကြောင်းကိုလည်း မြို့နယ်ဦးစီးမှူးက ဆက်လက်ရှင်းပြပါသည်။

ဟိုးယခင်ကတော့ ဆည်မြောင်းနှင့် ရေအသုံးချရေး စီမံခန့်ခွဲမှုဦးစီးဌာနက သက်ဆိုင်ရာ ရေပေးမြောင်းအလိုက် မြောင်းခေါင်းများ ခန့်ထား ၍ စိုက်ပျိုးရေ ခွဲဝေပေးသည့်စနစ်ကို ကျင့်သုံးခဲ့သော်လည်း၊ ရေပေးဝေမှုတွင် အခက်အခဲပြဿနာများ စိုက်ပျိုးရာသီရောက်တိုင်း တွေ့ကြုံခဲ့ရကြောင်း သိရသည်။ ဆည်အတွင်းမှ ဖြန့်ဝေပေးနိုင်သည့် ရေလုံလောက်မှု အခြေအနေကို မသိဘဲ မိမိတို့ စိုက်ခင်းများ ရေရရှိရေးအတွက်သာ တစ်ဆာဆာဖြစ်ခဲ့ကြသဖြင့် သက်ဆိုင်ရာ မြို့နယ်တာဝန်ရှိသူများကိုယ်တိုင် ကွင်းဆင်းစစ်ဆေးမှုများ ရှိခဲ့ရပေသည်။ ယခုအခါ ကျေးရွာအလိုက် ရေအသုံးချသူများအဖွဲ့(WUG) များ ဖွဲ့စည်းထားရှိခဲ့သဖြင့် အဆိုပါ ပြဿနာများ အေးငြိမ်းသွားသည့် နည်းတူ တောင်သူများအနေဖြင့်လည်း အစုအဖွဲ့အလိုက် ပူးပေါင်း ဆောင်ရွက်မှု အားကောင်းလာကာ ဆည်ရေ အလေအလွင့်မရှိအောင်လည်း စနစ်တကျ ထိန်းသိမ်း ဆောင်ရွက်တတ်လာကြပြီ ဖြစ်ပေသည်။ ကျွန်တော်တို့ မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသည့် နိုင်ငံဖြစ်သည့်နည်းတူ စိုက်ပျိုးရေးထုတ်ကုန်များ တိုးတက် ထုတ်လုပ်နိုင်ဖို့နှင့် စိုက်ပျိုးရေးလုပ်သား တောင်သူများအနေဖြင့် မိမိတို့လုပ်ငန်းနှင့်သက်ဆိုင်သည့် အသိပညာ ဗဟုသုတများ၊ လေ့လာသင်ယူမှုများ ရှိနေရန်လည်းလိုအပ်လှပါသည်။ အဆိုပါ လေ့လာသင်ယူနိုင်ရန်အတွက် လည်း မြို့နယ်အလိုက် စိုက်ပျိုးရေးဦးစီးဌာနဝန်ထမ်းများနှင့် သက်ဆိုင်ရာဌာနများက လုပ်ငန်းခွင်အရောက် ကွင်းဆင်းဟောပြောမှုများ၊  အကျိုးရှိ ထိရောက်စေမည့် မျိုးကောင်း၊ မျိုးသန့်များဖြင့် သီးနှံအလိုက် စံပြကွက်များ စိုက်ပျိုးကာ၊ ပန်းတိုင်အထွက်နှုန်း ရရှိမှုအပေါ် လက်တွေ့ဆောင်ရွက် ပြသခြင်း၊ စည်းရုံးဆောင်ရွက်ခြင်းများအပြင် ဓာတုဗေဒ မြေဩဇာသုံးစွဲမှုလျှော့ချနိုင်ရေးအတွက် သဘာဝမြေဆွေး မြေဩဇာများ ပြောင်းလဲသုံးစွဲရေးနှင့် အကျိုးရှိမှုများကို လက်တွေ့သရုပ်ပြ ဆောင်ရွက်လျက် ရှိပေသည်။

ကျောက်ပန်းတောင်းမြို့နယ် ကြက်မောက်တောင် ရေလှောင်တမံ ဆည်ရေသောက် ဧရိယာအတွင်း ယမန်နှစ်က မိုး စပါး ဧက ၃၄၄၃ ဧက စိုက်ပျိုးခဲ့ပြီး၊ နွေစပါး ၇၃၁ ဧက နှင့် နွေနှမ်း ၂၅၆၅ ဧက စိုက်ပျိုးခဲ့ကြောင်းနှင့်  ယခုနှစ်တွင် မိုးစပါး ၄၁၀၀ ဧကနှင့် အခြားသီးနှံ ၈၀၀ ဧက စိုက်ပျိုးရန်လျာထား ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ပညာပေးလုပ်ငန်းများအနေဖြင့် မျိုးစေ့ထုတ်(မျိုးကွဲပယ်) ကွင်းသရုပ်ပြပွဲ၊ သဘာဝမြေဩဇာ ကြဲပက်ခြင်းများနှင့် သဘာဝမြေဩဇာမြေဆွေးပုံ ပြုလုပ်နည်း၊ ဆောင်းအကုန် ကာလတွင် ကောက်ရိုး၊ နွားချေးများဖြင့် မြေဆွေးပုံ ပုံခြင်း၊ နှမ်းရိတ်သိမ်းပြီး ကာလများတွင် နှမ်းရိုးဖြင့် မြေဆွေးပုံပုံ၍ သဘာဝမြေဩဇာ ပြုလုပ်နည်းများ၊ ပိုက်ဆံလျော် ကြဲပက်ခြင်း များကို တောင်သူများနှင့် ပူးပေါင်းကာ စည်းရုံး ဆောင်ရွက်လျက်ရှိကြောင်းနှင့် အထွက်နှုန်းကောင်းသည့် မျိုးကောင်းမျိုးသန့်များ တိုးချဲ့ စိုက်ပျိုးရေးနှင့် ကောင်းမွန်သည့် စိုက်ပျိုးရေး နည်းလမ်းကောင်းများ အသုံးပြု စိုက်ပျိုးရေး ပညာပေးမှုများ ဆောင်ရွက်လျက် ရှိကြောင်းကိုလည်း  မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးက ရှင်းလင်းပြောပြပါသည်။ မိမိတို့သည် စိုက်ပျိုးရေးကို အခြေခံသည့် နိုင်ငံဖြစ်သဖြင့် မိမိတို့ စိုက်ပျိုးရေး ထုတ်ကုန်များအရည်အသွေး မြင့်မားရေးသည်လည်း အလွန်သတိကြီးစွာ ဆောင်ရွက်ရမည့်အချက် တစ်ခုပင် ဖြစ်မည်ထင်ပါသည်။ ထိုသို့ စိုက်ပျိုးရေး ထုတ်ကုန်များ အရည်အသွေး မြင့်မားမှသာ ပြည်တွင်းစားသုံးမှု ပိုလျှံသည့် သီးနှံများကို နိုင်ငံခြားသို့ တင်ပို့ရောင်းချနိုင်မည်ဖြစ်ပြီး နိုင်ငံခြားငွေ ပိုမို ရှာဖွေနိုင်မည်ဖြစ်ပါသည်။

စိုက်ပျိုးရေး ထုတ်ကုန်များ အရည်အသွေး ပြည်မီရေးအတွက် စိုက်ပျိုးရေးလုပ်ငန်း၏ အဓိက လိုအပ်ချက်ဖြစ်သည့် မျိုး၊ မြေ၊ ရေ၊ နည်း ဟူသော မျိုးကောင်း မျိုးသန့်ရရှိရေး၊ မြေအရည်အသွေး ကောင်းမွန်အောင် စနစ်တကျ ပြုပြင်ထိန်းသိမ်းရေးနှင့် စိုက်ပျိုးမြေနှင့်ကိုက်ညီသည့် သင့်လျော်သော မြေဆီမြေဩဇာ ရရှိရေးတို့အပြင် အဓိက လိုအပ်ချက်ဖြစ်သည့် စိုက်ပျိုးရေနှင့် အောင်ရေ ဖူလုံစွာရရှိရေး ပင်ဖြစ်ပါသည်။ သို့အတွက်ကြောင့် သက်ဆိုင်ရာဌာနများက တောင်သူပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့်နည်းတူ ကြက်မောက်တောင် ရေလှောင်တမံတွင်လည်း ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနက ဆည်အတွင်း ရေဝင်ရောက်မှုနှင့် သိုလှောင်ထိန်းသိမ်းနိုင်မှုအခြေအနေပေါ် မူတည်၍ စိုက်ပျိုးရေနှင့် အောင်ရေလုံလောက်စွာ ပေးဝေနိုင်ရေး စဉ်ဆက်မပြတ် စီမံဆောင်ရွက်လျက် ရှိပေသည်။ ထို့အတူ ရေအသုံးချသူများ အစုအဖွဲ့များ ဖွဲ့စည်း၍ ဆည်ရေကို စနစ်တကျ ခွဲဝေ သုံးစွဲစေခြင်း၊ ဆည်ရေသောက် စနစ်များ ဖြစ်သည့် လက်ဝဲမြောင်း၊ လက်ယာမြောင်းများ၏ မြောင်းပေါင် ကျိုးပေါက်မှုမှ ကာကွယ်ရန်နှင့် ရေအားပြည့် ထုတ်လွှတ်ပေးနိုင်ရေး လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးလျက်ရှိသဖြင့်လည်း ကြက်မောက်တောင် ဆည်ရေသောက်စနစ်တွင် စပါး၊ နှမ်း၊ နေကြာ၊ ပဲမျိုးစုံနှင့် အခြား စားဖိုဆောင် သီးနှံများကို  နှစ်ပတ်လည် စိုက်ပျိုး၍ ဒေသခံ တောင်သူတို့ ဝင်ငွေ တိုးနေကြခြင်းပင် ဖြစ်ပါသည်။

“မန္တလေးတိုင်းဒေသကြီးအတွင်း ပန်းတိုင်ရည်မှန်းချက် မပြည်မီခြင်းကြောင့် ပန်းတိုင်ရည်မှန်းချက် သီးနှံ ၁၀ မျိုးတွင် နှစ်စဉ်မြန်မာ ကျပ်ငွေ ၃၇၆၅ ဘီလီယံခန့် လျော့နည်းနစ်နာဆုံးရှုံးရလျက်ရှိကြောင်း၊ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် နှစ်စဉ် အမေရိကန် ဒေါ်လာ ၈ ဘီလီယန်ခန့် ထိခိုက်နစ်နာ ဆုံးရှုံးလျက်ရှိကြောင်း၊ လက်ရှိစိုက်ပျိုးနေသည့် စိုက်ဧကအတိုင်း သီးထပ်စွမ်းအားပြည့်မီအောင် စိုက်ပျိုးနိုင်မည်ဆိုပါက နှစ်စဉ် အမေရိကန်ဒေါ်လာ ၂၀ ဘီလီယံခန့် ပိုမိုအကျိုးအမြတ်ရရှိနိုင်မည်ဖြစ်ကြောင်း.…” (၁၆-၅-၂၀၂၆) ရက်နေ့ က မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး(MSME) လုပ်ငန်းရှင်များနှင့် တွေ့ဆုံရာတွင် နိုင်ငံတော်သမ္မတကြီး ဦးမင်းအောင်လှိုင်က စိုက်ပျိုးရေး ထုတ်ကုန်များနှင့်ပတ်သက်၍ ထည့်သွင်းပြောကြား လမ်းညွှန်မှာကြားခဲ့သည်။ သို့ဖြစ်ရာ မိမိတို့ ဒေသအလိုက် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန၊ စိုက်ပျိုးရေး ဦးစီးဌာန၊ စက်မှုလယ်ယာဦးစီးဌာနနှင့် အခြားဆက်စပ်ဌာနများက တောင်သူများနှင့် အမြဲမပြတ် ထိတွေ့၍ မျိုး၊ မြေ၊ ရေ၊ နည်း လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခြင်းနှင့် ရာသီအလိုက် ဥတုရာသီနှင့် ကိုက်ညီသည့် စိုက်ပျိုးသီးနှံများ စိုက်ဧကမကျန် ကွင်းပြည့်၊ ကွက်ပြည့် စိုက်ပျိုးကြရေးနှင့် သီးထပ်သီးညှပ် စိုက်ပျိုးနိုင်ရေးတို့ကို စည်းရုံးဆောင်ရွက်သွားကြရမည်ဖြစ်ပြီး၊ တောင်သူများကလည်း ရည်မှန်းချက် ပန်းတိုင်အထွက်နှုန်းရရှိအောင် လုံလဝီရိယ စိုက်ထုတ်၍ သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းကာ ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း တိုက်တွန်းရေးသား လိုက်ရသည်။

နေအောင်(ပြန်/ဆက်)