ရွှေကျင်မြို့နယ် အနောက်ဘက်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တွင် လူငယ်စကားဝိုင်းကျင်းပ

ရွှေကျင် ဇူလိုင် ၁၀

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ် အနောက်ဘက်ကျေးရွာ အခြေခံပညာ အလယ်တန်း‌ကျောင်း(ခွဲ)တွင် လူငယ်များအသိပညာ ပိုမိုတိုးတက်လာစေရန်၊ ပရိသတ်ရှေ့တွင် ပြောရဲဆိုရဲသည့်သတ္တိများ ရှိလာစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့နံနက်(၁၀)နာရီအချိန်က လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အနောက်ဘက်ကျေးရွာ အခြေခံပညာအလယ်တန်း‌ကျောင်း(ခွဲ)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်နှင်းမို့မို့က အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ‌ဒေါ်သဲစုအောင်က လူငယ်စကားဝိုင်း ပြုလုပ် ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါဆွေးနွေးပွဲတွင် ကျောင်းသား/ကျောင်းသူများက တစ်ဦးချင်းမိတ်ဆက်ခဲ့ပြီး လူငယ် စကားဝိုင်းအားစတင်ခဲ့ရာ ဦးဆောင်ဆွေးနွေးသူအဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ‌ဒေါ်သဲစုအောင် ပါဝင်ပြီး Grade(9)မှ ကျောင်းသား မောင်‌ကျော်မင်းခန့်က လူငယ်နှင့်‌‌ပေါင်းသင်းဆက်ဆံ‌ရေး၊ Grade(9)မှ ကျောင်းသူ မခင်ချစ်လွန်းသာက လူငယ်နှင့်ယဉ်ကျေးမှု၊ Grade(9)မှ မောင်ဖြိုးဟိဏ်ခန့်က လူငယ်နှင့် မူးယစ်ဆေးဝါး၊ Grade(9)မှ မောင်ဟိန်းထက် မင်းက လူငယ်နှင့်အနာဂတ် အစရှိသည့် အကြောင်းအရာများအား ခေါင်းစဉ်အလိုက် ဆွေးနွေးသွားခဲ့ကြသည်။အဆိုပါ ဆွေးနွေးပွဲသို့ တက်ရောက်လာသော ကျောင်းသား/ကျောင်းသူများမှ မိမိတို့သိရှိလိုသည့် အကြောင်းအရာများအား မေးမြန်းဆွေးနွေးကြရာ သက်ဆိုင်ရာ ခေါင်းစဥ်အလိုက် ကျောင်းသား/ကျောင်းသူလေးများက ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဆွေးနွေးပွဲသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ‌ ဒေါ်သဲစုအောင်နှင့် ဝန်ထမ်းများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူ (၈၅)ဦးတို့ တက်ရောက်ခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော သုတ၊ ရသ စာအုပ်၊စာစောင်များအားပြသခဲ့ရာ ကျောင်းသား/ ကျောင်းသူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှု ခဲ့ကြကြောင်း သိရသည်။

ထွန်းထွန်းဇော်(ပြန်/ဆက်)