တက္ကသိုလ်နှင့် ဌာနဆိုင်ရာများမှ အရာထမ်း၊ အမှုထမ်းများအား ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ် သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး ဥပဒေချုပ်ရုံးရှိ အစည်းအဝေးခန်းမ၌ကျင်းပရာ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်ဒေါ်ခင်သင်းဝေ၊ တိုင်းဒေသကြီးဥပဒေချုပ် ဦးမြင့်အောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ဌာနဆိုင်ရာများမှ အရာထမ်း၊ အမှုထမ်းများ၊ တိုင်းဒေသကြီးဥပဒေချုပ်ရုံးမှ သင်တန်းနည်းပြများတက်ရောက်ကြသည်။အခမ်းအနား၌ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် တရားဥပဒေကို လူတိုင်းသိရှိနားလည်ထားကြရန်နှင့် လိုက်နာကျင့်သုံးကြရန်လိုအပ်ပါကြောင်း၊ ဥပဒေပြဌာန်းချက်ပါ အခြေခံသဘောတရားများကို သဘောပေါက်နားလည်စေပြီး ပြဋ္ဌာန်းထားသည့် တည်ဆဲဥပဒေများကို သိရှိနားလည်လိုက်နာ ကျင့်သုံးခြင်းဖြင့် ဥပဒေပြဌာန်းချက်ပါ အခွင့်အရေးများ ရရှိခံစားနိုင်မည်ဖြစ်ပါကြောင်းနှင့် ဥပဒေအသိပညာ ပြန့်ပွားရေးကို ကျယ်ကျယ်ပြန့်ပြန့် အလေးထားဆောင်ရွက်နေပါကြောင်း ပြောကြားခဲ့သည်။