မိတ္ထီလာမြို့နယ် မုန်ပင်ဆည်စံပြကျေးရွာ မိုဘိုင်းစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်များ ငှားရမ်းပေး

မိတ္ထီလာ မေ ၁၄

မိတ္ထီလာခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မိုဘိုင်းစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်စာစောင်များ ကွင်းဆင်းငှားရမ်းပေးခြင်းကို ကန်တောင်ကျေးရွာအုပ်စု မုန်ပင်ဆည်ကျေးရွာ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ မိုဘိုင်းစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးရာတွင် ဒေသခံ ကျေးရွာနေ ပြည်သူများအား ဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းဇော်က မိုဘိုင်းစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းမှာ မိတ္ထီလာမြို့နယ် မုန်ပင်ဆည်ကျေးရွာသို့ ပထမဆုံး နေရာအဖြစ် ရွေးချယ်ငှားရမ်းပေးခြင်းဖြစ်ကြောင်း၊ ကျေးရွာဒေသခံများအနေဖြင့် စာအုပ်၊ စာစောင်များဖတ်ရှုလေ့လာပြီး အသိပညာဗဟုသုတများ တိုးပွားကာ မိမိတို့ဘဝအောင်မြင်ရေးလုပ်ငန်းများတွင် အကျိုးရှိစေရန်ရည်ရွယ်ပြီး လာရောက်ငှားရမ်း ပေးခြင်းဖြစ်ကြောင်း၊ ကျေးရွာဒေသခံများအနေဖြင့် စာအုပ်စာစောင်များ ငှားရမ်းဖတ်ရှုခြင်းကို စိတ်ဝင်စားမှုရှိပါက အပတ်စဉ်လာ‌ရောက်ငှားရမ်းပေးသွားမည်ဖြစ်ကြောင်း ပြောကြား ဆွေးနွေးသည်။ ထို့နောက် ကျေးရွာဒေသခံများက ယခုကဲ့သို့ မိုဘိုင်းစာကြည့်တိုက်ယာဉ်ဖြင့် ကျေးရွာအရောက် စာအုပ်စာစောင်များ လာရောက်ငှားရမ်းပေးခြင်းအတွက် ကျေးဇူးတင်ပါကြောင်း၊ စာအုပ်စာစောင်များငှား ရမ်းဖတ်ရှုရန် စိတ်ဝင်စားမှုရှိပါကြောင်း၊ အပတ်စဉ် အလှည့်ကျလာရောက်ငှားရမ်းပေးစေလိုကြောင်း ပြန်လည်ဆွေးနွေးပြောကြားသည်။ ထိုနောက် မိုဘိုင်းစာကြည့်တိုက်ယာဉ်ပေါ်ပါ စာအုပ်စာစောင်များကို ကျေးရွာဒေသခံ ပြည်သူများက စိတ်ဝင်တစား တက်ရောက်လေ့လာကြည့်ရှု့ငှားရမ်းကြရာ လက်ထောက်ညွှန်ကြားရေးမှူးနှင့် ဝန်ထမ်းများက စာအုပ်စာစောင်ငှားရမ်းစာရင်းသွင်း၍  စနစ်တကျ ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

ချမ်းသာ