မဟာအောင်မြေမြို့နယ်၌ ဝမ်းပျက်၊ဝမ်း‌လျှောရောဂါကြိုတင်ကာကွယ်ဆေး တိုက်ကျွေးခြင်းလုပ်ငန်း (အခမဲ့) ဆောင်ရွက်

မဟာအောင်မြေ    မေ ၁၃

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၌ ဝမ်းပျက်၊ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ဆေး တိုက်ကျွေးခြင်းလုပ်ငန်းကို ယမန်နေ့နံနက်ပိုင်းက မြင်းဝန်းမင်းကြီးကျောင်းတိုက်အတွင်း၌ (အခမဲ့) တိုက်ကျွေးခဲ့သည်။

ရှေးဦးစွာ မဟာအောင်မြေမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးမှူးနှင့်အဖွဲ့ဝင်များက ဝမ်းပျက်၊ဝမ်းလျှောရောဂါကြိုတင်ကာကွယ်ဆေး မသောက်မီ မိမိတွင် ဆေးနှင့်မတည့်သော ရောဂါအခံတစ်စုံတစ်ရာရှိလျှင် မသောက်သင့်ကြောင်း၊တစ်ကိုယ်ရည်သန့်ရှင်းမှုရှိရမည်ဖြစ်ကြောင်း၊ အများပြည်သူနေ ရပ်ကွက်များတွင်လည်း ကိုယ်ပိုင်အိမ်သာမရှိသူများကို ဦးစားပေး ကာကွယ်ဆေး တိုက်ကျွေးသွားမည်ဖြစ်ကြောင်းနှင့် ဝမ်းပျက်၊ ဝမ်းလျှောဖြစ်လျှင် ဘေးထွက်ဆိုးကျိုးအကြောင်း စသည့်အကြောင်း အရာများကို ဦးစွာရှင်းပြခဲ့ပြီး အဆိုပါ ပြည်သူ့ကျန်းမာရေးဦးစီးမှူးနှင့်အဖွဲ့ဝင်များက မဟာအောင်မြေမြို့နယ် (၁၈)ရပ်ကွက်ရှိ အများပြည်သူများအား စုရပ်ဖွဲ့၍ အသက်(၂)နှစ်အထက် ကလေး၊လူကြီးများအား ဒုတိယ အကြိမ်အဖြစ် ကာကွယ်ဆေးများ တိုက်ကျွေးခဲ့သည်။ ယင်းကာကွယ်ဆေးတိုက်ကျွေးမှုကို ပထမအကြိမ်၊ ဒုတိယအကြိမ်၊ တတိယအကြိမ် (၃)ကြိမ်တိုင် (အခမဲ့) တိုက်ကျွေးသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ဇော်မင်း