သာစည် မေ ၁၃
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ် လှိုင်းတက်ကျေးရွာ ဘုရားကြီးပရိယတ္တိစာသင်တိုက်အတွင်း တည်ထားကိုးကွယ်တော်မူသော ရှင်ဆင်းလှစေတီတော်မြတ်ကြီးမှာ မန္တလေးငလျင်ကြီးကြောင့် ပြိုကျပျက်စီးခဲ့ရာ ရဟန်းရှင်လူအများ ဖူးမြော်ကိုးကွယ်နိုင်ရန် မူလအတိုင်းပြန်လည် တည်ထားမည်ဖြစ်ရာ မေ ၁၁ ရက်နံနက် ၉ နာရီခွဲက ပန္နက်တော်တင်မင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ကြွရောက်တော်မူလာကြသော ဆရာတော်သံဃာတော်များနှင့်လူပရိတ်သတ်တို့က နမောတဿ သုံးကြိမ်ရွတ်ဆိုပြီး အခမ်းအနားကို ဖွင့်လှစ်သည်။ဆက်လက်၍ လှိုင်းတက်ကျေးရွာအုပ်စု ညောင်ကုန်းကျေးရွာ ကျောင်းတိုက်မှသက်တော်ရှည်ဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇထံမှ ရှစ်ပါးသီလခံယူကြပြီး ဆရာတော်သံဃာတော်အရှင်သူမြတ်များက မေတ္တာသုတ်ပရိတ်တော် ပွားများရွတ်ဆိုကြသည်။ ထို့နောက် ရှင်ဆင်းလှစေတီတော်မြတ်ကြီး၏ သမိုင်းအကျဉ်းအား ဘုရားကြီးကျောင်းတိုက်မှသံဃာတော်တစ်ပါးက ဖတ်ကြားသည်။၎င်းနောက် ဘုရားကြီးပရိယတ္တိ စာသင်တိုက်၏ ဦးစီးပဓာန နာယကဆရာတော်ဘဒ္ဒန္တကဝိသာရထံ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်ကျော်က ပန္နက်တော်နှင့်လက်ရိုက်တော်တို့ကို ဆပ်ကပ်ပြီး ဗဟိုပန္နက်တော်နှင့် အရပ်ရှစ်မျက်နှာတို့၌နေရာယူ၍ မင်္ဂလာအချိန်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်ကျော်နှင့် အဖွဲ့ဝင်(၂)ဦးစိုးဝင်းအောင်၊ ကျေးရွာအုပ်ချုပ်ရေးမှူးဦးမျိုးမင်းသောင်းနှင့် အလှူရှင်များက သတ်မှတ်နေရာမှစတင်ကာ ပန္နက်တော်တင်ပူဇော်ရာ နိုင်ငံတော် ဗဟိုဝန်ဆောင် သာစည်မြို့သာယာကုန်းကျောင်းတိုက်ဆရာတော်နှင့်မြို့နယ်သံဃနာယကဥက္ကဋ္ဌ သာစည်မြို့ မြို့ဦးကျောင်းတိုက်ဆရာတော်တို့က ပရိတ်အမွှေးနံ့သာရည်များ ပက်ဖျန်းပေးသည်။
ဆက်လက်ပြီး မြို့နယ်သံဃနာယကအကျိုးတော်ဆောင် ကြာကန်ကျောင်းတိုက်ဆရာတော် သာသန တက္ကသီလမဟာဓမ္မာစရိယ ဒေါက်တာဘဒ္ဒန္တစန္ဒောဘာသက အောင်ဂါတာရွတ်ဖတ် ပူဇော်ပြီး ကြွရောက်တော်မူလာကြသော ဆရာတော်သံဃာတော်များနှင့်လူပရိတ်သတ်တို့က ပါရမီဆယ်ပါးအဓိဌာန်ကို ရွတ်ဆိုခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)