မြစ်သား မေ ၁၃
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၅ ခုနှစ် နိုင်ငံ့စီးပွားရန်ပုံငွေဖြင့် ဆောင်ရွက်သော နွေးစပါးစိုက်ပျိုးတောင်သူများအား မျိုးကောင်း မျိုးသန့်သုံးစွဲနိုင်ရေး၊ မြေဆီဩဇာထက်သန်ရေး လိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် ပန်းတိုင်အထွက်နှုန်းရရှိစေရန်အတွက် နွေစပါးစိုက်ပျိုးသည့် တောင်သူများအား သွင်းအားစု(ဖြည့်စွက်)ပစ္စည်းပေးအပ်ပွဲနှင့် တောင်သူနည်းပညာပေးဆွေးနွေးပွဲကို ယနေ့နံနက်(၁၀) နာရီအချိန်က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိုးမင်းနိုင်က နွေစပါး စိုက်ပျိုးသည့်တောင်သူများ အကျိုးဖြစ်ထွန်းစေရေးနှင့် ဆည်ရေရရှိမှုအပေါ်မှုတည်ကာ ယမန်နှစ်ထက် နွေစပါးကို တိုးမြှင့်စိုက်ပျိုးသွားမှာဖြစ်ကြောင်း၊ နွေစပါးစိုက်ပျိုးသည့် တောင်သူများ မျိုးကောင်းမျိုးသန့် သုံးစွဲနိုင်ရေးအတွက် စိုက်ပျိုးရေးဦးစီးဌာနနှင့် ချိတ်ဆက် ဆောင်ရွက်ရန်၊ မြေဆီဩဇာထက်သန်ရေးအတွက် လိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် လိုက်နာရမည့်နည်းစနစ်များကို ပညာပေးဆွေးနွေးခဲ့သည်။ ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးခင်မောင်ဦးက မြေဆီလွှာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း မျိုးစေ့အရည်အသွေး ထိန်းသိမ်းရေးလုပ်ငန်း၊ စိုက်ပျိုးသီးနှံများတွင် ကျရောက်တတ်သော ဖျက်ပိုးများ၏ အလေ့အထနှင့် ကာကွယ်နှိမ်နှင်းနည်းများ၊ သီးနှံအထွက် တိုးနည်းပညာများကို အသိပညာပေးဆွေးနွေးပြောကြားခဲ့ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ လက်ထောက်ဦးစီးမှူး ဒေါ်သင်းသင်းဆွေက ယခုလိုပညာပေးဆွေးနွေး ဆောင်ရွက်ခြင်းဖြင့် လယ်ယာကဏ္ဍဖွံ့ဖြိုး တိုးတက်လာမည်ဖြစ်ကြောင်း၊ တောင်သူလယ်သမားများ၏ လူမှုစီးပွား ဘဝဖွံ့ဖြိုးတိုးတက်ပြီး စိုက်ပျိုး သီးနှံများ တစ်ဧကအထွက်နှုန်း တိုးတက်လာစေမည်ဖြစ်ကြောင်း အကျယ်တဝင့် ဆွေးနွေးခဲ့သည်။ ဆက်လက်၍ တက်ရောက်လာကြသော တောင်သူများအား သွင်းအားစု(ဖြည့်စွက်)ပစ္စည်းများကို အသီးသီးပေးအပ်ခဲ့ကြ သည်။
အဆိုပါဆွေးနွေးပွဲသို့ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးစိုးမင်းနိုင်၊ ဒုတိယဦးစီးမှူး ဦးခင်မောင်ဦး၊ ဒုတိယဦးစီးမှူး ဦးဝင်းမြိုင်၊ လက်ထောက်ဦးစီးမှူး ဒေါ်သင်းသင်းဆွေနှင့်ဝန်ထမ်းများ၊ မြစ်သားမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများမှ နွေစပါးစိုက်ပျိုးတောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဝင်းမင်းထွန်း(ပြန်/ဆက်)