အမြို့မြို့အနယ်နယ်သတင်းများ

Sep 01,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊‌ သဲကုန်းမြို့နယ်တွင် ဝန်ထမ်းများနှင့် အသက်(၆၅)နှစ်အထက် သက်ကြီး ရွယ်အို များအား ဒုတိယအကြိမ်ကိုဗစ် -၁၉ကာကွယ်ဆေးထိုးနှံပေးခြင်းကို သြဂုတ်လ(၂၉)ရက်နေ့မှ စတင်၍ သက်ဆိုင်ရာ ကာကွယ်ဆေးထိုးစုရပ်အသီးသီးတွင် ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
Sep 01,2021
ပဲခူးတိုင်းဒေသကြီး၊ ဇီးကုန်းမြို့နယ်တွင် လတ်တလော ကိုဗစ်-၁၉-ရောဂါ တတိယလှိုင်း၌ ကိုဗစ်လူနာများနှင့် အောက်ဆီဂျင်အသုံးပြုနေရသူများ၊ အောက်ဆီဂျင်လိုအပ်မှုအား အခက်အခဲမရှိ လွယ်ကူအဆင်ပြေစွာရရှိ အသုံးပြုနိုင်ရန်အတွက် အမှတ်(၃)ရပ်ကွက် မိုဃ်းကောင်းကျောင်းတိုက်တွင် တပ်ဆင်ထားသော အောက်ဆီဂျင်ထုတ်စက် (Oxygen Plant) သည် စတင်လည်ပတ်မောင်းနှင်လျက် ရှိကြောင်း သိရသည်။
Sep 01,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင် ကလေးမြို့တွင် မြစ်သာမြစ်ရေ(ပြင်သာ)သည် လွန်ခဲ့သော ၂၄ နာရီအတွင်း -၂၁ စင်တီမီတာ(၀.၇ လက်မ) ကျဆင်းခဲ့ကြောင်း ကလေးမြို့ မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနမှ သိရသည်။
Sep 01,2021
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့ ချောင်းကြီးရပ်ကွက်၊ တာရိုးလမ်းနေ အသက်(၆၅)နှစ် အရွယ်ရှိသည့်(ဖခင်) အိမ်ထောင်ဦးစီးဖြစ်သူသည် ယမန်နေ့ နံနက် ၁၁နာရီခန့်က  နေမကောင်းသဖြင့် ဆေးခန်းပြသ၍ RDT Test-Kit ဖြင့်စစ်ဆေးရာ ကိုဗစ်-၁၉ ရောဂါပိုး အတည်ပြုတွေ့ရှိရသဖြင့် ပိုးတွေ့သူနှင့်ထိစပ် ဆက်နွယ်သည့် မိသားစုဝင်(၆)ဦးတို့အား ကိုဗစ်-ရောဂါပျံ့နှံ့မှုမှ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် နေအိမ်အား Lock Down ချ၍ (၁၄)ရက်အကြာ အသွားအလာ ကန့်သတ်ပြီး ကျန်းမာရေးစောင့်ကြပ်ပေးထားရှိကြောင်း သိရှိရသည်။
Sep 01,2021
ချင်းပြည်နယ်၊ ဖလမ်းမြို့၌ အသက်(၆၅)နှစ်အထက်နှင့် အုပ်စု(၁၂)အား ကိုဗစ်-၁၉ ကာကွယ်ဆေး(Vero Cell) ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီမှ ညနေ(၄)နာရီအထိ ဖလမ်းမြို့၊ သူနာပြုသင်တန်းကျောင်း၊ ချယ်ရီခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့သည်။
Sep 01,2021
မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝါရီရှုခန်းမ၌  ယမန်နေ့ နေ့လယ် ၃နာရီက အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား (၆၈၅)ဦးအတွက် လူမှုရေး ပင်စင်ထောက်ပံ့ငွေများအား ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများထံသို့ ပေးအပ်ပွဲ အခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။
Sep 01,2021
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ ကျေးရွာစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ နှင့် စာရေးဝန်ထမ်းများ တွေ့ဆုံကာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂  နာရီ အချိန်က ပြုလုပ်ခဲ့သည်။
Sep 01,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများရှိ ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိုးနှံထားသော အသက် (၆၅) နှစ်နှင့် အထက် ပုဂ္ဂိုလ်များနှင့် ပြည်သူများကို စက်တင်ဘာလ ၂ ရက်နေ့ နံနက် ၉ နာရီမှ စတင်ကာ နေရာ (၅) နေရာတွင် ဒုတိယအကြိမ် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက နှိုးဆော်ထားကြောင်း သိရသည်။