ဖလမ်း စက်တင်ဘာ ၁
ချင်းပြည်နယ်၊ ဖလမ်းမြို့၌ အသက်(၆၅)နှစ်အထက်နှင့် အုပ်စု(၁၂)အား ကိုဗစ်-၁၉ ကာကွယ်ဆေး(Vero Cell) ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီမှ ညနေ(၄)နာရီအထိ ဖလမ်းမြို့၊ သူနာပြုသင်တန်းကျောင်း၊ ချယ်ရီခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့သည်။
ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Vero Cell) ထိုးနှံပေးရာတွင် ကာကွယ်ဆေး လာရောက်ထိုးနှံသူများကို ကာကွယ်ဆေး မထိုးနှံပေးမီ ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ ဆေးထိုးမှတ်တမ်းများ ရေးသွင်းခြင်းများပြုလုပ်ပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Vero Cell) ကျား(၃၅)ဦးနှင့် မ(၁၉)ဦးတို့ကို ထိုးနှံပေးခဲ့ကြသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံခြင်းကို ဖလမ်းမြို့၌ ၃၀.၈.၂၀၂၁ ရက်နေ့နှင့် ၃၁.၈.၂၀၂၁ ရက်နေ့ တို့တွင် အသက်(၆၅)နှစ်အထက်နှင့် အုပ်စု(၁၂)အုပ်စုမှ ကျား(၁၂၃)ဦးနှင့် မ(၈၇)ဦး စုစုပေါင်း (၂၁၀)ဦးတို့အား ထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းတွင် ကျန်းမာရေး ဝန်ထမ်းများနှင့်အတူ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့ဝင်များက ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြသည်။
ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Vero Cell) ဒုတိယအကြိမ်ထိုးနှံပေးမှုအား ဖလမ်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောထွန်းဝင်းနှင့်အဖွဲ့ဝင်များ၊ ဖလမ်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်ခေါင်တို့က ကြည့်ရှုအားပေးပြီး ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံကြသူများအား ရင်းရင်းနှီးနှီး အားပေးစကား ပြောကြားခဲ့ကြကြောင်း သိရသည်။
ကိုရှိန်း(ဇလပ်မြေ)