ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု ပြန်လည်မြင့်တက်လာသည့်အတွက် အချိန်နှင့်တစ်ပြေးညီ ကာကွယ်ထိန်းချုပ်ကုသရေး ကြိုတင်ပြင်ဆင်မှု လုပ်ငန်းများ ဆောင်ရွက် နေရပြီဖြစ်သည်။ ရန်ကုန်သည် မြန်မာနိုင်ငံတွင် လူဦးရေအထူထပ်ဆုံး၊ စက်မှုဇုန်အများဆုံးဖြစ်၍ စီးပွားရေး အချက်အချာဒေသဖြစ်သလို ကပ်ရောဂါ ကျရောက်ကူးစက် ပျံ့နှံ့မှု အလားအလာ မြင့်မားသော ဒေသလည်းဖြစ်သည်။
ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု လျော့နည်းကျဆင်းလာပြီး နေ့စဉ်ကူးစက်မှု ရာခိုင်နှုန်းမှာလည်း ၁ ရာခိုင်နှုန်းဝန်းကျင်ခန့် တွင်သာ ရှိနေသည်။ ရောဂါကြောင့် သေဆုံးသူအရေအတွက် မှာလည်း ၁၉၃၁၀ တွင် ရပ်တန့်နေသည်မှာ ရက်သတ္တနှစ်ပတ်ကျော်လာပြီဖြစ်ရာ ကပ်ရောဂါ ကာကွယ် တားဆီးထိန်းချုပ်ရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ ဖြေလျှော့မှုနှင့် ပြေလျော့မှု အနေအထားတွင် ရှိနေခြင်းက ကူးစက်ပျံ့နှံ့မှုများ ပြန်လည်မြင့်တက်လာစေခြင်းဖြစ်သည်ဟု ယူဆရသည်။ ကူးစက်မြန် ကပ်ရောဂါ ကိုဗစ်-၁၉ သည် လူတို့၏ အပြုအမူနှင့် အလစ်အငိုက် ကို အချိန်အခါမလပ် စောင့်ကြည့်နေပြီး ပေါ့လျော့သည်နှင့် ဝင်ရောက်တိုက်ခိုက်နေသကဲ့သို့ပင် ဖြစ်သည်။ ကပ်ရောဂါ၏ သက်တမ်း နှစ်နှစ်တာကာလ ရောက်ရှိလာချိန်တွင် မီဒီယာများမှ တစ်ဆင့် နေ့စဉ်မပြတ် အသိပညာပေးမှုများ၊ သတိပေးမှုများကြောင့် မည်သို့နေထိုင်ရမည်၊ မည်သို့ရှောင်ကြဉ် ရမည်တို့ကို ကလေးငယ်များပင် အတော်အတန် သိရှိနေကြပြီဖြစ်သည်။
လက်တလောတွင် ကမ္ဘာတစ်ဝန်း ကိုဗစ်-၁၉ ကူးစက်ပျံ့နှံ့ မှုကို ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန်က အဓိကလွှမ်းမိုး ထားခြင်းဖြစ်သည်။ အိုမီခရွန်ကူးစက် ပျံ့နှံ့မှုနှုန်းက ၎င်း၏အရင် ကူးစက်ပျံ့နှံ့ခဲ့သည့် ဒယ်လ်တာထက် နှစ်ဆပိုမြန်သည်။ သို့ရာတွင် ဒယ်လ်တာလောက်မပြင်းထန်ဘဲ အပျော့စားလက္ခဏာ များကို သာပြသည်။ မည်သည့် ရောဂါလက္ခဏာမှမပြဘဲကူးစက် ခံထားရ သူများလည်း များစွာရှိနေသည့်အတွက် ပေါ့ဆစွာနေ ကြပါက ရောဂါကူးစက်မှု စတုတ္ထလှိုင်း ဖြစ်ပေါ်လာနိုင်သည်။ ကာကွယ်ဆေးထိုးမှုနှုန်း မြင့်မားသည့် အမေရိကန်ကဲ့သို့သော နိုင်ငံကြီး၌ ရောဂါကာကွယ်ရေး စည်းမျဉ်းစည်းကမ်းများကို လျစ်လျူရှုကာ လိုက်နာကျင့်သုံးရန် ငြင်းဆန်မှု ပျက်ကွက်မှုများကြောင့် ကမ္ဘာတွင်ကူးစက်မှု၊ သေဆုံးမှု အများဆုံးနိုင်ငံ ဖြစ်နေ သည်ကို သတိပြုကြရမည်ဖြစ်သည်။
မိမိတို့နိုင်ငံတွင် ကာကွယ်ဆေး နေ့စဉ်ထိုးနှံနိုင်မှု သုံးသိန်းကျော်နှုန်းဖြင့် တစ်နိုင်ငံလုံးဆေးထိုး မျှော်မှန်းချက်ထက် ၅၃ ရာခိုင်နှုန်း ထိုးနှံထားပြီးဖြစ်သည့်အပြင် အပိုဆောင်းထိုးနှံမှု များလည်း လုပ်ဆောင်ပေးနေပြီဖြစ်သည်။ အရေးကြီးသည့်အချက် မှာ ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံထားပြီး Booster dose ခေါ်အပိုဆောင်းထိုးနှံ ထားနိုင်စေကာမူလူစုလူဝေးကို ရှောင်ခြင်း၊ ပါးစပ် နှာခေါင်းစည်း တပ်ဆင်ခြင်း၊ တစ်ဦးနှင့်တစ်ဦး အနည်းဆုံး ခြောက်ပေအကွာတွင် နေခြင်း၊ လက်ကို ဆပ်ပြာဖြင့် မကြာမကြာ ဆေးကြောခြင်း စသည့် ကိုဗစ်-၁၉ရောဂါ ကာကွယ်တားဆီးရေး ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို မပျက်မကွက် လိုက်နာ ကျင့်သုံးကြရန်ပင်ဖြစ်သည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး၊ ကုသရေးလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီတုံ့ပြန်ဆောင်ရွက် နိုင်ရေးအတွက်ကျန်းမာ ရေးဝန်ကြီးဌာနက ကြိုတင်ပြင်ဆင် မှုများ ဆောင်ရွက်လျက်ရှိသည်။ တတိယလှိုင်း အမြင့်ဆုံးသို့ရောက်ရှိခဲ့စဉ်က ရင်ဆိုင်ခဲ့ရ သည့် အခက်အခဲများ၊ စိန်ခေါ်မှုများက အတွေ့အကြုံများ၊ အဖိုး မဖြတ်နိုင်သည့် သင်ခန်းစာများပင်ဖြစ်ပြီး စတုတ္ထလှိုင်းဖြစ်ခဲ့လျှင်ပင် စုပေါင်းစွမ်းအားများဖြင့်ကျော်လွှားနိုင်မည်ဟု ယုံကြည်သည်။ ရောဂါကူးစက်မှုနှုန်း ထပ်မံမြင့် တက်မသွားစေရန်အတွက် လိုအပ် သည့် တားဆီးကန့်သတ်မှုများ အချိန်နှင့်တစ်ပြေးညီ ပြုလုပ် ခြင်း၊ ပြည်သူတစ်ဦးချင်း ကိုယ်စီအသိတရားဖြင့် မိမိကိုယ်ကိုကာကွယ်ခြင်း နည်းလမ်းများဖြင့် ကိုဗစ်-၁၉ စတုတ္ထလှိုင်း ဖြစ်ပေါ်မလာစေရေး လက်ဦးမှုယူကာ စုပေါင်းဆောင်ရွက်နိုင်ရန် တိုက်တွန်း အပ်ပါကြောင်း။