နေပြည်တော် ဇူလိုင် ၄
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးလှမိုးသည် အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့်အတူ ယနေ့မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ကျေးလက်လမ်းခင်းပစ္စည်းများ ဓာတ်ခွဲခန်းရုံးသို့သွားရောက်၍ မြေသားလမ်း၊ ကျောက်ချောလမ်း၊ ကတ္တရာလမ်း၊ ကွန်ကရစ်လမ်းများ တည်ဆောက်ရာတွင် အသုံးပြုသော ဒေသအလိုက် မြေအမျိုးမျိုး၏အရည်အသွေးများ စမ်းသပ်ခြင်း၊ ကျောက်၊ သဲ၊ ကတ္တရာ၊ ကွန်ကရစ်အရည်အသွေးများ စမ်းသပ်ခြင်းနှင့် အသုံးပြုလျက်ရှိသည့် အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၏ တင်ပြချက်များကို ပြည်ထောင်စုဝန်ကြီးက လမ်း၊ တံတားများ ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ဓာတ်ခွဲခန်းများသည် လွန်စွာအရေးကြီး၍ ပုံမှန်စစ်ဆေးရန်နှင့် Q.C စစ်ဆေးရန် လိုအပ်ကြောင်း၊ ဓာတ်ခွဲခန်းတွင် တာဝန်ထမ်းဆောင်နေကြသူများ၏ အရည်အသွေးမြင့်မားရေးကိုလည်း အလေးထား ဆောင်ရွက်ရမည်ဖြစ်ကြောင်း မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် လုပ်ငန်းခွင်သုံးယာဉ်၊ ယန္တရားများနှင့် အရေးပေါ်ကာလများတွင် လမ်း၊ တံတားများ၌ အသုံးပြုသည့် ဘေလီပစ္စည်းများကို စစ်ဆေးပြီး ဘေလီပစ္စည်းများ၊ ယာဉ်၊ ယန္တရားများကို စနစ်တကျထားသိုရန်၊ မိုးတွင်းကာလ၌ ပုံမှန်ပြင်ဆင် ထိန်းသိမ်းခြင်းများ ဆောင်ရွက်ရန်နှင့် ပွင့်လင်းရာသီတွင် လုပ်ငန်းခွင်များ၌ ပုံမှန်လည်ပတ်ဆောင်ရွက်နိုင်ရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိရန်မှာကြားကာ လုပ်ငန်းလိုအပ် ချက်များအပေါ် ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်