နေပြည်တော် ဇူလိုင် ၄
မြန်မာနိုင်ငံ လူငယ်ရေးရာလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၂၅)ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရုံးအမှတ် (၃၁) ရှိ စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပရာ မြန်မာနိုင်ငံလူငယ်ရေးရာလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဇင်မင်းထက်၊ မြန်မာနိုင်ငံလူငယ်ရေးရာလုပ်ငန်း ကော်မတီအတွင်းရေးမှူး၊ လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဌာနဆိုင်ရာများမှ လုပ်ငန်းကော်မတီအဖွဲ့ဝင်များနှင့် မိတ်ဖက်အဖွဲ့အစည်းများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ပြောကြား
ဦးစွာ ဒုတိယဝန်ကြီးက လူငယ်ရေးရာကဏ္ဍ ၁၆ ရပ်တွင်ပါရှိသည့် လူငယ်ရေးရာမူဝါဒဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံချက် (၂၀၂၀-၂၀၂၄)သည် စဉ်ဆက်မပြတ် လုပ်ဆောင်သွားရမည့် လုပ်ငန်းစဉ်များဖြစ်သည့်အတွက် လူငယ်ရေးရာ မူဝါဒဆိုင်ရာအမျိုးသားအဆင့် မဟာဗျူဟာစီမံချက်၏ (၂၀၂၅-၂၀၂၉)အဖြစ် ဆက်လက်ဆောင်ရွက် သွားနိုင်ရန်နှင့် မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီက ဦးစားပေးဆောင်ရွက်ရန် ရွေးချယ်ထားရှိသည့်လုပ်ငန်းစဉ်နှင့် ဆောင်ရွက်ရန်အချက်များကို လက်ရှိအတိုင်း မြေပြင်တွင် လက်တွေ့အကောင်အထည်ဖော် ဆက်လက်ဆောင်ရွက်သွားစေလိုကြောင်း၊ ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ လူငယ် များနေ့အခမ်းအနားနှင့် ဆက်စပ်အခမ်းအနားများကို နေပြည်တော်တွင် ကျင်းပသွားမည်ဖြစ်၍ ဝန်ကြီးဌာနအသီးသီးမှ လူငယ်ကိုယ်စားလှယ်များအပါအဝင် လူငယ်ကဏ္ဍဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်နေသည့် အဖွဲ့အစည်းများမှ လူငယ်များကို ဖိတ်ကြားသွားရန် လျာထားစီစဉ်ဆောင်ရွက်ထားပါကြောင်း၊ အဆိုပါအခမ်းအနားတွင် ထူးချွန်လူငယ်များကို ဆုများချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် မြန်မာနိုင်ငံလူငယ်ရေးရာလုပ်ငန်း ကော်မတီအတွင်းရေးမှူး၊ လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ယခင်ကျင်းပခဲ့သည့် အစည်းအဝေး၏ ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ ဆက်လက်ဆောင်ရွက်သွားမည့်လုပ်ငန်းစဉ်များနှင့် ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အခမ်းအနားနှင့် လူငယ်စကားဝိုင်းများ အကောင်အထည်ဖော်ဆောင်ရွက်မည့် အစီအစဉ်များနှင့် ပတ်သက်ပြီး ရှင်းလင်းတင်ပြသည်။
ဖြည့်စွက်ပြောကြား
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် မြန်မာနိုင်ငံလူငယ်ရေးရာ လုပ်ငန်းကော်မတီအဖွဲ့ဝင်များက လူငယ်ကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် သက်ဆိုင်ရာကဏ္ဍများအလိုက်လုပ်ငန်းဆောင်ရွက်ခဲ့မှုများ၊ ရှေ့ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ တင်ပြဆွေးနွေးရာ ဒုတိယဝန်ကြီးက ဖြည့်စွက်ပြောကြား၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်