ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးများ၊ ကမ္ဘောဇဘဏ်နာယကနှင့်အဖွဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းသို့သွားရောက်၍ ရိက္ခာများ ဆက်လက်လှူဒါန်း

လားရှိုး မေ ၂၉

ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ  ဦးစိုင်းလုံးဆိုင်၊ ပြည်နယ်ဝန်ကြီးများ၊ ကမ္ဘောဇဘဏ်နာယက ဦးအောင်ကိုဝင်းနှင့် ဘဏ်အရာထမ်းအမှုထမ်းများ၊ ရှမ်းပြည်နယ်ပြည်သူ လူထုစားနပ်ရိက္ခာ ထောက်ပံ့ရေး ကော်မတီဝင်များ၊ ပရဟိတအဖွဲများသည် ယနေ့ နံနက် ၁၀ နာရီအချိန်တွင် လားရှိုးမြို့ မန်ဆူ ဘုန်းတော်ကြီးကျောင်းသို့ရောက်ရှိပြီး ဆန်(၂၆)အိတ်၊ဆီ(၈)ပုံး၊ ဆား(၃)အိတ်နှင့် ကုလားပဲ (၃)အိတ်တို့အား မန်ဆူ ဆရာတော်ထံ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ဆက်လက်၍ ကမ္ဘောဇဘဏ်လိမိတက် နာယက ဦးအောင်ကိုဝင်းနှင့် ဇနီးမိသားစုမှ  အလှူငွေ ကျပ်သိန်း (၁၀၀၀)အား  ဆရာတော်ထံ ဆက်ကပ်လှူဒါန်းခဲ့ကြောင်းသိရသည်။

ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လားရှိုးမြို့ မြို့တော်ခန်းမသို့ မွန်းလွဲ ၁ နာရီအချိန်တွင် ရောက်ရှိပြီး ရှမ်းပြည်နယ် တိုက်ပွဲရှောင်စခန်း(၂၃)ခုရှိ အိမ်ထောင်စု (၁၃၁၀) စု အတွက် ဆန်၊ဆီ၊ဆားကုလားပဲများပါဝင်သည့် ရိက္ခာထုပ်ပေါင်း (၁၃၁၀)ထုပ် နှင့် ဆန်အိတ် (၁၀၀၀)နှင့် ဆီပုံး(၁၀၀)၊ ဆားအိတ် (၁၀၀)၊ ကုလားပဲအိတ် (၁၀၀) တို့အား တာဝန်ရှိသူများထံ လက်ဝယ်အရောက်ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင်အဖွဲ့သည် လားရှိုးမြို့ နောင်ဖော့ကျေးရွာအုပ်စု၊ လွယ်လွမ့်ကျေးရွာသို့ မွန်းလွဲ ၂ နာရီ အချိန်တွင်ရောက်ရှိပြီး ဒေသခံတိုင်းရင်းသား အိမ်ထောင်စု (၆၆၇) စု အတွက် ရိက္ခာထုပ် (၆၆၇)ထုပ်နှင့် ငွေကျပ် တစ်သောင်းစီ အားလည်းကောင်း၊ မန်းပွဲကျေးရွာရှိ တိုင်းရင်းသားအခြေခံအိမ်ထောင်စု (၃၆၀) အတွက် ရိက္ခာထုပ် (၃၆၀) ထုပ်နှင့် ငွေကျပ် တစ်သောင်းစီအား လည်းကောင်း ပေးအပ်လှူဒါန်းခဲ့ကြသည်။

ယင်းနောက် ညနေပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည်ကမ္ဘောဇဘဏ်လိမိတက်မှ ငွေကျပ်သိန်း တစ်ထောင်မတည်လှူဒါန်း ဆောက်လုပ်လျက်ရှိသည့် ရှမ်းပြည် နယ်မြောက်ပိုင်း ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းရုံး ဆောက်လုပ်နေမှုအား သွားရောက်ကြည်ရှုခဲ့ကြသည်။

ထိုနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် နမ့်မော်ဖတောရကျောင်းသို့ ရောက်ရှိပြီး တောရကျောင်းအတွက် ဆန်၊ ဆီ၊ ဆားနှင့် ကုလားပဲအိတ်များလှူဒါန်းခဲ့ကြကြောင်း သိရသည်။

ရှမ်းပြည်နယ် ပြည်သူလူထု စားနပ်ရိက္ခထောက်ပံ့ရေးကော်မတီသည် ကမ္ဘောဇဘဏ်လီမိတက်၏ မတည်လှူဒါန်း ငွေသိန်း(၅၀၀၀)ကျော် နှင့်အများပြည်သူ လှူဒါန်းငွေများဖြင့် ကိုဗစ်-၁၉ ကာလအတွင်း ဆန်၊ဆီ၊ဆားနှင့် ကုလားပဲများ ပါဝင်သည့် ရိက္ခာထုတ်ပေါင်းတစ်သိန်းအား ဖြန့်ဝေနိုင်ရန် စီမံဆောင်ရွက်ထားရှိပြီး ရှမ်းပြည်နယ်အတွင်း နေထိုင်သည့် တိုင်းရင်းသားမျိုးစုများ နေထိုင်ရာဒေသများသို့ လည်းကောင်း၊ စစ်ဘေးရှောင်စခန်းများအား လည်းကောင်း၊ သာသနာရေး ဆိုင်ရာကျောင်းများနှင့် ပရဟိတကျောင်းများအား ဖြန့်ဝေလှူဒါန်းလျက်ရှိပြီး စားနပ်ရိက္ခာထုပ်များဆက်လက်လှူဒါန်းသွားနိုင်ရန် စနစ်တကျ စီမံဆောင်ရွက်လျက်ရှိကြောင်း၊ တိုင်းနှင့်ပြည်နယ်အသီးသီးရှိ တိုက်နယ်ဆေးရုံများ၊ ကျေးလက်ကျန်းမာရေးဌာနများနှင့် မြန်မာနိုင်ငံအတွင်း ပြန်လည်ဝင်ရောက်လာသည့် ပြည်သူများအား စောင့်ကြည့်စင်တာများအတွက် လိုအပ်သည့် ကျန်းမာရေး အထောက်အကူပြုပစ္စည်းများကိုလည်း နေရာအရောက် အဆက်မပြတ်ပေးပို့ လှူဒါန်းလျက်ရှိကြောင်း ယင်းကော်မတီမှ သိရသည်။

စိုးညွန့်ရွှေ(ပြည်နယ်ပြန်/ဆက်)