Skip to main content

ကျေးလက်ဒေသဖွံ့ဖြိုးရေးမှသည် နိုင်ငံတော်ဖွံ့ဖြိုးရေးဆီသို့

ဇာနည်(ကျေးလက်)

၂၀၂၄ ခုနှစ် စက်တင်ဘာလ ၆ ရက်နေ့တွင် အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ ကမ္ဘာ့ကုလသမဂ္ဂဌာနချုပ်၌ သမိုင်းတွင်မည့် ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်နိုင်ခဲ့သည်။ နှစ်စဉ် ဇူလိုင်လ ၆ ရက်နေ့ကို ကမ္ဘာ့ကျေးလက်ဖွံ့ဖြိုးရေးနေ့အဖြစ် သတ်မှတ်ကြောင်း ကုလသမဂ္ဂအထွေထွေညီလာခံဆုံးဖြတ်ချက်အမှတ် (A/78/L.84/Rev2) ဖြင့် တညီတညွတ်တည်း ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။

ကမ္ဘာ့လူဦးရေ၏ ၄၃ ရာခိုင်နှုန်းဖြစ်သော လူဦးရေ ၃ ဒသမ ၄၄၆ သန်းသည် ကျေးလက်ဒေသများတွင် နေထိုင်ကြသူများဖြစ်သည်။ ကျေးလက်နေပြည်သူများ၏ လူနေမှုအဆင့်အတန်းမြင့်မားရေး၊ ဥစ္စာဓနကြွယ်ဝချမ်းသာရေးနှင့် မြို့ပြနှင့် ကျေးလက်ဖွံ့ဖြိုးမှုကွာဟချက်များ ကျဉ်းမြောင်းစေရေးတို့အတွက် နိုင်ငံအသီးသီးရှိ အစိုးရအဆက်ဆက်က ဆယ်စုနှစ်ပေါင်းများစွာ ကြိုးစားအားထုတ်ခဲ့ကြသည်။ ထိုကဲ့သို့ ကြိုးပမ်းအားထုတ်မှုများကို အသိအမှတ်ပြုရန်၊ ခွန်အားအပြည့်ဖြင့် ဆက်လက်ကြိုးပမ်းဆောင်ရွက်နိုင်ရန်အတွက် ကမ္ဘာ့ကျေးလက်ဖွံ့ဖြိုးရေးနေ့ ဖြစ်ပေါ်ရေး CIRDAP အဖွဲ့က နှစ်ပေါင်းများစွာ ကြိုးပမ်းအားထုတ်ခဲ့ရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့တွင် အခြေစိုက်သော အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာ ကျေးလက်ဒေသ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးဗဟိုဌာန (Center on Integrated Rural Development for Asia and the Pacific - CIRDAP)သည် မြန်မာနိုင်ငံအပါအဝင် အဖွဲ့ဝင်နိုင်ငံ ၁၅ နိုင်ငံဖြင့် ဖွဲ့စည်းထားပြီး နိုင်ငံအလိုက်ဆောင်ရွက်နေသော ကျေးလက်ဒေသ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်အတွက် ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ဝန်ဆောင်မှုပေးသည့် လုပ်ငန်းများကို ဆောင်ရွက်နေသော အဖွဲ့အစည်းဖြစ်သည်။ ယင်းအဖွဲ့တွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနက မြန်မာနိုင်ငံ၏ ပင်မဆက်သွယ်ရာဌာနအဖြစ် တာဝန်ယူ၍ နိုင်ငံတကာမျက်နှာစာတွင် တက်ကြွပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့ကျေးလက်ဖွံ့ဖြိုးရေးနေ့ကို ပထမဆုံးအကြိမ်အဖြစ် “တို့ကမ္ဘာမြေတိုးတက်ပြောင်းလဲဖို့ ကျေးလက်စွမ်းအားမြှင့်တင်စို့” ဆောင်ပုဒ်ဖြင့် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ ကျေးလက်ဖွံ့ဖြိုးရေးဆောင်ရွက်ချက်များ

မြန်မာနိုင်ငံ၏ ကျေးလက်ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်ချက်များကို ပြန်တွေးကြည့်ပါက ဘက်စုံကျေးလက်ဒေသဖွံ့ဖြိုးရေးအစီအစဉ်များကို ရေရှည်တည်တံ့ခိုင်မြဲစေရေးရည်ရွယ်ပြီး ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး လုပ်ငန်းများကို ပင်မမဏ္ဍိုင်တစ်ရပ်အနေဖြင့် တစိုက်မတ်မတ် ဆောင်ရွက်လျက်ရှိသည်မှာ မျက်မြင်ကိုယ်တွေ့ပင် ဖြစ်သည်။

နိုင်ငံ့လူဦးရေ၏ သုံးပုံနှစ်ပုံခန့်သည် ကျေးလက်ဒေသများ၌ နေထိုင်ကြသူများဖြစ်သည့်အတွက် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးဖော်ဆောင်ရာတွင် ကျေးလက်ဒေသများကိုအခြေခံထားပြီးဖော်ဆောင်ကြရခြင်းပင်ဖြစ်သည်။ ကျေးလက်ဒေသများ ဖွံ့ဖြိုးတိုးတက်ရန်မှာ ကျေးလက်ဒေသအခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရန် လိုအပ်သကဲ့သို့ မိသားစုဝင်ငွေတိုးရေး၊ ကျေးလက်စီးပွားမြင့်မားရေးနည်းပညာနှင့် စွမ်းဆောင်ရည်များဖွံ့ဖြိုးတိုးတက်ရန်နှင့် သဘာဝပတ်ဝန်းကျင်ကာကွယ်ထိန်းသိမ်းရန် လိုအပ်သည်။

ထို့ကြောင့် နိုင်ငံတော်အမျိုးသားရေးရည်မှန်းချက်များ၊ မူဝါဒများနှင့်အညီ ကျေးလက်ဒေသများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန်အတွက် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအပါအဝင် ဆက်စပ်ဝန်ကြီးဌာနများနှင့် ဦးစီးဌာနများက ကြိုးပမ်းဆောင်ရွက်လျက်ရှိကြသည်။ ရည်မှန်းချက်များအောင်မြင်စေရန် မူဝါဒကောင်းများရှိရန် လိုအပ်သည့်အတွက် ကုလသမဂ္ဂစဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင် (SDGs)၊ အာဆီယံကျေးလက်ဖွံ့ဖြိုး ရေးနှင့် ဆင်းရဲမှုလျှော့ချရေးပင်မစီမံချက်၊ မြန်မာနိုင်ငံ၏ ဘက်စုံရေရှည် ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (MCSDP)များနှင့် ချိတ်ဆက်၍ တိကျခိုင်မာအားကောင်းသော ဖွံ့ဖြိုးရေးမူဝါဒများချမှတ်ကာ ပြည်သူ့အကျိုးပြု ကျေးလက်ဖွံ့ဖြိုးရေးစီမံကိန်းများ၊ လုပ်ငန်းများကို ပြည်သူလူထုအပါအဝင် သက်ဆိုင်သူအားလုံးနှင့် လက်တွဲပူးပေါင်းကာ ဟန်ချက်ညီညီ အရှိန်အဟုန်ပြင်းပြင်းဖြင့် ဆောင်ရွက်လျက်ရှိသည်။

အခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍ

ကျေးလက်ဒေသများ ဖွံ့ဖြိုးတိုးတက်ရန်အတွက် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရန်မှာ မရှိမဖြစ်လိုအပ်လှသည်။ ကျေးလက်ဒေသအတွက် လမ်း၊ တံတား၊ သန့်ရှင်းသော သောက်သုံးရေရရှိရေး၊ လျှပ်စစ်မီးရရှိရေးတို့သည် ကျေးလက်ဒေသအတွက် အခြေခံလိုအပ်ချက်ပင်ဖြစ်သည်။ တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ကျေးလက်လမ်းမိုင်ပေါင်း ၂၀၁၉၆ ဒသမ ၂၉ မိုင်၊ ကုန်ထုတ် လမ်းမိုင်ပေါင်း ၄၀၁၂ မိုင်၊ တံတား ၂၀၉၂၉ စင်း ဆောက်လုပ်ပေးနိုင်ခဲ့သဖြင့် ကျေးရွာ ၅၀ ရာခိုင်နှုန်း၊ လူဦးရေ ၅၈ ရာခိုင်နှုန်းအတွက် ရာသီမရွေးသွားလာနိုင်သော ကျေးလက်လမ်းများ ဖောက်လုပ်ပေးနိုင်ခဲ့သည်ကို ဝမ်းမြောက်ဖွယ်ကြားသိရသည်။

ထို့ပြင် သန့်ရှင်းသောသောက်သုံးရေရရှိရေးအခက်အခဲများကို ဖြေရှင်းနိုင်ရန်အတွက် ရေကြည်ရေသန့်ရရှိသော စက်ရေတွင်းများ၊ သန့်စင်မှုစနစ်ပါဝင်သော စိမ့်စမ်းရေသွယ်လုပ်ငန်းများဖြင့် အိမ်တိုင်ရာရောက် ရေကောင်းရေသန့်ရရှိအောင် ဆောင်ရွက်ပေးနိုင်ခဲ့သည်။ ကျေးလက်နေပြည်သူများ၏ ရေရှားပါးမှုပြဿနာများကို ဖြေရှင်းနိုင်စေရန် ရေရရှိရေးလုပ်ငန်းပေါင်း ၄၄၂၁၀ အား ကျေးရွာပေါင်း ၃၂၃၂၅ ရွာတွင် ဆောင်ရွက်ပေးနိုင်ခဲ့သည့်အတွက် တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ၈၄ ဒသမ ၅ ရာခိုင်နှုန်း လွှမ်းခြုံနိုင်ခဲ့ပြီဖြစ်သည်။

ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် တောင်ပေါ်၊ မြေပြန့် နယ်စပ်ဒေသပါမကျန် ဖွံ့ဖြိုးစေရေးအတွက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအပြင် ကျေးလက် လမ်းဦးစီးဌာနကလည်း ရာသီမရွေးသွားလာနိုင်သော ကျေးလက်လမ်းတံတားများအဖြစ် ဖော်ဆောင် ပေးလျက်ရှိသလို နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနကလည်းနယ်စပ်ဒေသရှိ ကျေးလက်နေပြည်သူများပါမကျန် ဖွံ့ဖြိုးမှုအခြေခံကောင်းများရရှိစေရေး ဆောင်ရွက်ပေးလျက်ရှိသည်မှာ ကျေးလက်နေပြည်သူများအတွက် အားတက်ဖွယ်ဖြစ်သည်။

စွမ်းအင်ဖွံ့ဖြိုးရေးကဏ္ဍ

ကျေးလက်ဒေသများတွင် လျှပ်စစ်မီးရရှိရေးသည် လူနေမှုဘဝအတွက် မဖြစ်မနေလိုအပ်သည့် အခြေခံစွမ်းအင်တစ်ခုဖြစ်သည်။ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက မဟာဓာတ်အားလိုင်း (On-Grid) မီးလင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မဟာဓာတ်အားလိုင်းနှင့် ဝေးကွာသော ကျေးလက်ဒေသများတွင် မဟာဓာတ်အားလိုင်း ပြင်ပ (Off-Grid) မီးလင်းရေးလုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိရာ ယခုဆိုလျှင် ကျေးရွာပေါင်း ၄၂၇၂၃ ရွာ မီးလင်းအောင် ဆောင်ရွက်ပေးနိုင်ခဲ့သည်။ ထို့ကြောင့် ကျေးလက်ဒေသများတွင် လျှပ်စစ်မီးရောင်ဖြင့် ထိန်ထိန်လင်းသည့် ကျေးရွာညများ ဖန်တီးပေးနိုင်ခဲ့ပြီဖြစ်သည်။ မိသားစုဝင်ငွေတိုးပွားရေးလုပ်ငန်းများကို တိုးချဲ့ဆောင်ရွက်နိုင်ခဲ့ပြီဖြစ်သည်။

အသက်မွေးဝမ်းကျောင်းဖွံ့ဖြိုးရေးနှင့် ကျေးလက်စီးပွားမြင့်မားရေးကဏ္ဍ

ကျေးလက်နေပြည်သူများ၏ အသက်မွေးဝမ်းကျောင်းဖွံ့ဖြိုးရေးနှင့် ကျေးလက်စီးပွားမြင့်မားရေး လုပ်ငန်း ဆောင်ရွက်ပေးရာတွင် အလုပ်အကိုင်အခွင့် အလမ်းနှင့် မိသားစုဝင်ငွေတိုးပွားရေးကို အဓိက ဖော်ဆောင်ပေးသည့် မြစိမ်းရောင်ကျေးရွာ စီမံကိန်း၊ ခေတ်မီစံပြကျေးရွာထူထောင်ရေးစီမံကိန်း (SMART Village)၊ ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေ ထူထောင်ခြင်းလုပ်ငန်းစီမံကိန်း(RBF)၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)၊ လုပ်အားခပေးဖွံ့ဖြိုးရေးစီမံကိန်း (Cash for Work)နှင့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်းများသည် ပြည်သူများအကြား ပြည်သူ့အကျိုးပြုဖွံ့ဖြိုးမှု စီမံကိန်းများပင်ဖြစ်သည်။ ယင်းစီမံကိန်းများသည် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဖော်ဆောင်ပေးနေသည့် ပြည်သူအခြေပြုဖွံ့ဖြိုးရေး စီမံကိန်းများပင်ဖြစ်သည်။

ယနေ့အထိ မြစိမ်းရောင်ကျေးရွာစီမံကိန်း ၁၅၁၇၆ ရွာ၊ ခေတ်မီစံပြကျေးရွာ ထူထောင်ရေး စီမံကိန်း ၁၂၈ ရွာ၊ ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်း လုပ်ငန်းစီမံကိန်း (RBF) ၁၅၆ ရွာ၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ၁၉၄၁၇ ရွာ၊ လုပ်အားခပေးဖွံ့ဖြိုးရေးစီမံကိန်း (Cash for Work)၂၈၂၃ ရွာနှင့် အသက်မွေးဝမ်း ကျောင်းအထောက်အကူပြုသင်တန်း ၅၉၆၆ ကြိမ်တို့ကို နိုင်ငံအနှံ့ဖော်ဆောင်ပေးနိုင်ခဲ့ပြီဖြစ်ပြီး ဆက်လက်၍လည်း အားမာန်အပြည့်ဖြင့် ဖော်ဆောင် လျက်ရှိသည်။

စိုက်ပျိုးရေးနှင့် မွေးမြူရေးဆိုင်ရာဖွံ့ဖြိုးရေးကဏ္ဍ

ကျေးလက်ဒေသအတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို အဓိကအားထား ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံတော်၏မူဝါဒ၊ ဦးတည်ချက်များနှင့်အညီ စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာ သွင်းအားစုများပေးအပ်ခြင်း၊ ငွေကြေးအရင်းအနှီးများ ဆောင်ရွက်ပေးခြင်း၊ ဆိုလာစနစ်ဖြင့် စိုက်ပျိုးရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ စိုက်ပျိုးသီးနှံများ ရေလွှမ်းမိုးမှုမှ ကာကွယ်နိုင်ရေးဆောင်ရွက်ပေးခြင်းတို့အပြင် နိုင်ငံတော်စီမံကိန်းဝင်သီးနှံများဖြစ်သော ဝါနှင့် နေကြာအပါအဝင် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်ရေး စိုက်ပျိုးရေအပါအဝင် ငွေကြေးနှင့် သွင်းအားစုများ ကူညီဆောင်ရွက်ပေးခြင်းတို့ကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအပါအဝင် ဆက်စပ်ဦးစီးဌာနများဖြစ်သည့် စိုက်ပျိုးရေးဦးစီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် သမဝါယမဦးစီးဌာနတို့မှ အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိသလို နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေများမှ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးလျက်ရှိသည်။

နို့စားနွားမွေးမြူရေးလုပ်ငန်းကို သမဝါယမစနစ်၊ အစုအဖွဲ့စနစ်ဖြင့် တိုးချဲ့ဆောင်ရွက်လျက်ရှိရာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်မှစတင်၍ မိတ္ထီလာခရိုင်နှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် နို့စားနွားမွေးမြူရေးလုပ်ငန်းကို အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ သမဝါယမဦးစီးဌာနကလည်း သမဝါယမစနစ်ဖြင့် ဖော်ဆောင်ပေးလျက်ရှိသည့်အတွက် နို့စားနွားမွေးမြူသူများကို အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ခဲ့ပြီး နေ့စဉ်ဝင်ငွေများရရှိ၍ မိသားစုဝင်ငွေ တိုးပွားလျက်ရှိသည်။

ကျေးလက်ဒေသများတွင် သမဝါယမစနစ် ထွန်းကားတိုးတက်၍ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ခိုင်မာစွာဆောင်ရွက်လာနိုင်စေရန် ဖော်ဆောင်ပေးလျက်ရှိသလို လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများတွင် တောင်သူများသီးနှံအထွက်တိုးစေရေး၊ ဈေးကွက်ခိုင်မာမှုရှိစေရေးတို့အတွက် ကုမ္ပဏီများနှင့် ချိတ်ဆက်၍လည်းကောင်း၊ နိုင်ငံတော်ဘဏ္ဍာ ရန်ပုံငွေမှ ပံ့ပိုးငွေရယူ၍လည်းကောင်း၊ အသင်းပိုင်ငွေဖြင့်လည်းကောင်း သမဝါယမကန်ထရိုက် လယ်ယာလုပ်ငန်း (Cooperative Contract Farm-ing)ကို သမဝါယမဦးစီးဌာနက ဖော်ဆောင်ပေး လျက်ရှိပေသည်။

စက်မှုလယ်ယာဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍ

ယနေ့ခေတ်တွင် တောင်သူများအတွက် ထုတ်လုပ်မှုမြှင့်တင်ခြင်း၊ အလုပ်ချိန်လျှော့ချပေးခြင်း၊ အထွက်နှုန်းတိုးတက်စေခြင်းတို့သည် စက်မှုလယ်ယာဖွံ့ဖြိုးမှုအပေါ် မှီခိုလျက်ရှိသည်။ ထို့ကြောင့် စက်စွမ်းအားပြည့် အသုံးပြုနိုင်မည့် စနစ်ကျလယ်ယာမြေကွက်များ ပေါ်ထွန်းစေရန် စက်မှုလယ်ယာဝန်ဆောင်မှုလုပ်ငန်းများကို စက်မှုလယ်ယာဦးစီးဌာနမှ ဖော်ဆောင်ပေးလျက်ရှိရာ ဧကပေါင်း ၁ ဒသမ ၃၁၄ သိန်းအား စက်မှုလယ်ယာ စနစ်ကျလယ်ယာမြေအဖြစ် ဖော်ထုတ်နိုင်ခဲ့ပြီ ဖြစ်ပေသည်။

အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကဏ္ဍ

ကျေးလက်နေပြည်သူများ၏ ဝင်ငွေတိုးမြှင့်စေရေးနှင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးရေးတွင် ငွေကြေးအရင်း အနှီးနှင့်နည်းပညာများကို ပံ့ပိုးကူညီပေးခြင်း၊ MSME ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အလုပ်ရုံ ဆွေးနွေးပွဲများ ကျင်းပပေးခြင်း၊ ပြည်တွင်း၊ ပြည်ပ ဈေးကွက်ရရှိရေး၊ ရောင်းချနိုင်ရေးနှင့် လုပ်ငန်းရှင်များအချင်းချင်း ကွန်ရက်ထူထောင်နိုင်ရေး အရောင်း ပြပွဲများ စီစဉ်ကျင်းပပေးခြင်း၊ E-market place တည်ထောင်၍ ဈေးကွက်ရရှိရေးစီစဉ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် ဒေသတစ်ခုထုတ်ကုန်တစ်ခု (OROP) အစီအစဉ်များကိုလည်း အားပေးမြှင့်တင်လျက်ရှိသည်။ ယခုလို MSME ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့က အဓိကတာဝန်ယူဆောင်ရွက်နေသလို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနကလည်း တစ်ဖက်တစ်လမ်းမှ အားဖြည့်ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

လူထုအခြေပြုခရီးသွားလုပ်ငန်းကျေးရွာ ဖွံ့ဖြိုးရေးကဏ္ဍ

ကျေးလက်ဒေသများ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့် စီးပွားရေးပြန်လည်ဦးမော့လာစေရန် ဆောင်ရွက်လျက်ရှိရာ ဟိုတယ်နှင့်ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာနမှ လူထုအခြေပြုခရီးသွား လုပ်ငန်းကျေးရွာများကို ဖော်ဆောင်ပေးလျက်ရှိသည့်အတွက် ယနေ့အထိ Community Base Tourism ဆောင်ရွက်ပြီး ကျေးရွာ ၃၇ ရွာနှင့် ဆောင်ရွက်ဆဲကျေးရွာနှစ်ရွာ ဖော်ဆောင်ပေးလျက်ရှိသည်။

ပညာရေးနှင့် ကျန်းမာရေးကဏ္ဍ

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဖော်ဆောင်ရာမှာ ပညာရေးနှင့် ကျန်းမာရေးကဏ္ဍအနေဖြင့် မူလတန်းမှ အထက်တန်းအထိ အခြေခံပညာ ကျောင်းများ တည်ဆောက်ခြင်း၊ ကျောင်းများ၏ ဥပဓိရုပ်ကောင်းမွန်စေရေး ဆောင်ရွက်ခြင်း၊ ဆရာ ဆရာမများနှင့် သင်ထောက်ကူပစ္စည်းများ ပြည့်စုံရေး ဆောင်ရွက်ခြင်းအပြင် ကျောင်းနေရာခိုင်နှုန်း မြင့်မားလာရေး ဆောင်ရွက်ပေးလျက်ရှိသည်။ ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာတွင် တစ်နိုင်ငံလုံးအတိုင်း အတာအနေဖြင့် ကျေးလက်ဒေသများတွင် အထက်တန်းကျောင်း ၅၂၀၅ ကျောင်း၊ အလယ်တန်းကျောင်း ၁၆၃၇၂ ကျောင်း၊ မူလတန်းကျောင်း ၂၅၁၉၉ ကျောင်း၊ စုစုပေါင်း ၄၆၇၆၆ ကျောင်း ဖွင့်လှစ်ပေးနိုင်ခဲ့ပြီး ကျောင်းသား ကျောင်းသူစုစုပေါင်း ၄၃ ဒသမ ၄၄၈ သိန်း ပညာသင်ကြားလျက်ရှိသည်။ အဆိုပါကျောင်းများတွင် သင်ကြားပေးမည့် ဆရာ ဆရာမပေါင်း ၂၃၀၀၀၀ ကျော်ကိုလည်း ခန့်အပ်ပေးနိုင်ခဲ့ပါသည်။

အခြေခံစာတတ်မြောက်ရေးကဏ္ဍတွင် စာဖတ် ရှိန်မြှင့်တင်ပေးခြင်း၊ ဝင်ငွေတိုးပွားရေးအတွက် ချိတ်ဆက်ဆောင်ရွက်ပေးခြင်းနှင့် အသိပညာပေးခြင်း အစီအစဉ်များကို ဆောင်ရွက်ပေးလျက်ရှိသည်။ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့်လည်း ကျေးရွာနေပြည်သူများ စာဖတ် သည့် အလေ့အထရရှိစေရေး၊ စာပေများ အလွယ်တကူ ဖတ်ရှုလေ့လာနိုင်စေရေးအတွက် ကျေးရွာ ကိုယ့်အားကိုယ်ကိုးစာကြည့်တိုက် ၃၅၀၈ လုံး ဖွင့်လှစ် ပေးနိုင်ခဲ့ပြီဖြစ်သည်။ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနအနေဖြင့်လည်း နယ်စပ်ဒေသရှိ တိုင်းရင်း သားပြည်သူများ၏ ပညာရည်မြင့်မားရေးအတွက် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေး သင်တန်းကျောင်းများ ဖွင့်လှစ်ပေးလျက်ရှိသည်။

ကျန်းမာရေးဦးစီးဌာနအနေဖြင့် ကျေးလက်ကျန်းမာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး ကျေးလက် ကျန်းမာရေးဌာန ၁၉၀၄ ခု၊ ကျေးလက်ကျန်းမာရေးဌာနခွဲ ၉၀၇၇ ခု တိုးချဲ့ဖွင့်လှစ်ပေးခြင်း၊ ကျေးလက် ဒေသများတွင် ဆရာဝန် ၃၇၀၊ သားဖွားဆရာမ ၇၉၉၃ ဦးနှင့် အမျိုးသမီးကျန်းမာရေးဆရာမ ၁၂၆၉ ဦး၊ ကျန်းမာရေးမှူး ၉၃၃၀ တိုးမြှင့်ခန့်ထားပေးခြင်း၊ ကျေးလက်ကျန်းမာရေး အသိပညာပေးလုပ်ငန်း အကြိမ် ၁၄၂၃၀၆၀ နှင့် ကာကွယ်ဆေးထိုးခြင်း အစီအစဉ်တို့ကို ဆောင်ရွက်ပေးလျက်ရှိပါသည်။

လူမှုကာကွယ်စောင့်ရှောက်ရေးကဏ္ဍ

ကျေးလက်ဒေသများတွင် လူမှုကာကွယ်စောင့်ရှောက်ရေးကဏ္ဍအဖြစ် လူမှုဝန်ထမ်းဦးစီးဌာနက သက်ကြီးရွယ်အိုများ၊ မသန်စွမ်းသူများ၊ အမျိုးသမီးများနှင့် ကလေးသူငယ်များကို ကူညီစောင့်ရှောက်ပေးလျက်ရှိသည်။ ထိုသို့ဆောင်ရွက်ပေးရာတွင် သက်ကြီး ပုဂ္ဂိုလ်များအတွက် လူမှုရေးပင်စင်ထောက်ပံ့ပေးခြင်း၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးဖွားလာသည့် အသက်နှစ်နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ပေးခြင်း၊ မသန်စွမ်းသူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးခြင်း၊ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း ၁၁ ကျောင်း ဖွင့်လှစ်ထားရှိခြင်းတို့ကို ဆောင်ရွက် ပေးလျက်ရှိသည်။ ယနေ့အထိ သက်ကြီးပုဂ္ဂိုလ် ၁၁၃၆၈၈ ဦးအား လူမှုရေးပင်စင်ထောက်ပံ့ပေးနိုင်ခဲ့ပြီး ကိုယ်ဝန်ဆောင် မိခင်များနှင့်မွေးဖွားလာသည့် အသက်နှစ်နှစ်အောက် ကလေးသူငယ် ၁၆၉၅၄၇ ဦးအား ငွေကြေးထောက်ပံ့ပေးနိုင်ခဲ့ပါသည်။

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ခြင်းကဏ္ဍ

ခေတ်မီစံပြကျေးရွာ ထူထောင်ရေးစီမံကိန်းဝင် ကျေးရွာများနှင့် အခြားကျေးရွာများတွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ခြင်းလုပ်ငန်းများကို ထည့်သွင်းဆောင်ရွက်လျက်ရှိရာတွင် ကျေးရွာများ၌ ကျေးရွာစွန့်ပစ်အမှိုက်စီမံခန့်ခွဲရေး လုပ်ငန်းများ၊ အိမ်တွင်းလေထုညစ်ညမ်းမှုလျှော့ချရေး အသိပညာပေးလုပ်ငန်းများ၊ ကျေးရွာပိုင်ထင်းစိုက်ခင်း၊ အစုအဖွဲ့ပိုင်သစ်တောများ ထူထောင်ခြင်းလုပ်ငန်းများ၊ ကျေးရွာတွင်းနှင့် ပတ်ဝန်းကျင်စိမ်းလန်းစိုပြည် သာယာလှပရေးလုပ်ငန်းများ၊ သဘာဝပတ်ဝန်းကျင်နှင့် ဘေးအန္တရာယ်ကာကွယ်ရေးဆိုင်ရာ အသိပညာပေးခြင်းလုပ်ငန်းများကို ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနအနေဖြင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ သစ်တောဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ဖော်ဆောင်ပေးလျက်ရှိပါသည်။

ဆက်လက်ကြိုးပမ်းဆောင်ရွက်

ကျေးလက်နေပြည်သူများ၏ လူနေမှုအဆင့်အတန်းမြင့်မားရေး၊ လူ့ဘဝအရည်အသွေးမြှင့်တင်ရေး၊ စီးပွားရေး၊ လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင် ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုများ စဉ်ဆက်မပြတ် ဖြစ်ပေါ်စေရေး ဆောင်ရွက်ရာတွင် နိုင်ငံတော်အစိုးရ တစ်ခုတည်းမဟုတ်ဘဲ ဒေသခံပြည်သူများ အပါ အဝင် သက်ဆိုင်သူအားလုံးပါဝင်ပြီး ဘက်စုံ၊ ကဏ္ဍစုံဖွံ့ဖြိုးရေးအစီအစဉ်များ ရေးဆွဲကာ အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်မှသာ ရည်မှန်းချက်များ ထိရောက်အောင်မြင်မည် ဖြစ်ပါသည်။ ထို့ပြင် မကြာခဏ ကျရောက်တတ်သော သဘာဝဘေးအန္တရာယ်များကြောင့် ဆောင်ရွက်ပြီး ဖွံ့ဖြိုးရေးလုပ်ငန်းများ ပျက်စီးမှု၊ အနာဂတ်အစီအစဉ်များ နှောင့်နှေးမှုစသည့် အဟန့်အတားများကို ဖြေရှင်းမည့်အစီအစဉ်များ ရေးဆွဲဆောင်ရွက်ရန် လိုအပ်ပါသည်။

နိုင်ငံတော်အစိုးရအနေဖြင့် ကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေးဆောင်ရွက်နေသလို ဒေသခံပြည်သူ များကလည်း မိမိရပ်ရွာဖွံ့ဖြိုးရေးအတွက် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်မည်ဆိုပါက ကျေးလက်ဒေသဖွံ့ဖြိုးရေးမှသည် ခေတ်မီဖွံ့ဖြိုးသော နိုင်ငံတော်ဆီသို့ တက်လှမ်းဖော်ဆောင်နိုင်မည် ဖြစ်ပါကြောင်း ၂၀၂၅ ခုနှစ် ဇူလိုင် ၆ ရက်နေ့တွင် ကျရောက်သော “ကမ္ဘာ့ကျေးလက်ဖွံ့ဖြိုးရေးနေ့” ကို ဂုဏ်ပြုတင်ပြလိုက်ရပါသည်။  ။