Skip to main content

ပညာတတ်လူငယ်များနှင့် တိုင်းပြည်အနာဂတ်

ဝင်းဇင်(သုတေသန)

ပညာရေးသည် လူတစ်ဦး၏ဘဝတိုးတက်အောင်မြင်ရေးအတွက် များစွာအရေးပါလျက်ရှိသည်။ ပညာရေးသည် လူတစ်ဦးကျွမ်းကျင်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် များစွာအထောက်အကူပြုလျက်ရှိသည်။ ငယ်စဉ်ကတည်းကပုံမှန်ပညာရေးကို စဉ်ဆက်မပြတ်သင်ယူခဲ့သော လူငယ်များသည် နေ့စဉ်လူနေမှုဘဝကို မကြောင့်မကြမတောင့်မတဖြင့် ဖြတ်သန်းရလေ့ရှိကြသည်။ ပညာရဲရင့်ပွဲလယ်တင့်ဆိုသည့်အတိုင်း အသိပညာနှင့် အတတ်ပညာရှိသူများသည် သူတစ်ပါးလိမ်လည်လှည့်ဖြားခံရမှု အလားအလာနည်းပါးလျက်ရှိသည်။

အထူးသဖြင့် ပုံမှန်ပညာရေးကို ဆုံးခန်းတိုင်အောင်သင်ကြားနိုင်ခြင်းသည် လူတစ်ဦး၏ဘဝ တိုးတက်ရေးအတွက် များစွာအခရာကျလျက်ရှိသည်။ ပညာတတ်လူငယ်များပြားသော တိုင်းပြည်သည် တိုးတက်မှုဆီသို့သာ ဦးတည်စေမည်ဖြစ်သည်။ ထို့ကြောင့် ကမ္ဘာ့နိုင်ငံတိုင်းသည် ပညာရေးနယ်ပယ်တွင် ရင်းနှီးမြှုပ်နှံလေ့ရှိကြသည်။ ထိုနည်းတူစွာ မြန်မာနိုင်ငံသည်လည်း ပညာရေး ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံလျက်ရှိသည်။

 နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်မှုသည် ထိုနိုင်ငံရှိပြည်သူများ၊ အထူးသဖြင့် မျိုးဆက်သစ်လူငယ်များ ၏ ပညာတတ်မြောက်မှုအပေါ်တွင် များစွာမူတည် လျက်ရှိသည်။ ထို့ကြောင့် အစိုးရများအနေဖြင့် ပညာရေးကဏ္ဍအတွက် ငွေကြေးများစွာ ရင်းနှီးမြှုပ်နှံလေ့ရှိကြသည်။ လူငယ်များပညာဆုံးခန်း တိုင်အောင် သင်ကြားခွင့်ရရှိရေးအတွက် အစိုးရပိုင်းက အခမဲ့ပညာရေးစနစ်များ ဖော်ဆောင်ပေးနေသလို မိဘအုပ်ထိန်းသူများကလည်း သားသမီးများ စာသင်ခန်းအတွင်း ရောက်ရှိရေးအတွက် ထိန်းကျောင်းကြပ်မတ်ပေးသွားရန် လိုအပ်ပေသည်။ ထို့ကြောင့် တိုင်းပြည်အနာဂတ်ကို ပခုံးပြောင်းတာဝန်ထမ်းဆောင်မည့် လူငယ်များ၏ ပညာတတ်မြောက်မှုသည် ထိုတိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုအတွက် များစွာအခရာကျလျက်ရှိသည်။

လူမဆန်သောလုပ်ရပ်များ

သို့သော် NUG နှင့် PDF အကြမ်းဖက်သမားများသည် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းဖွင့်ရာသီ စတင်ချိန်မှာပင် မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ကုန်းဘုရား(ညောင်ပင်ကန်) ကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)မှ ကျောင်းအုပ်ဆရာမကြီးနှင့် ၎င်း၏ခင်ပွန်းတို့ကို သတ်ဖြတ်ခြင်း၊ မကွေးတိုင်းဒေသကြီး စေတုတ္တရာမြို့နယ် ပွင့်တောက်ကျေးရွာ စက်လှေဆိပ်၌ အထက်တန်းပြဆရာမနှင့် ပညာရေးကောလိပ် တက်ရောက်မည့် ကျောင်းသူများအား ဖမ်းဆီး ခေါ်ဆောင်ခြင်း၊ နတ်မောက်မြို့နယ် ကူနီကျေးရွာရှိ အခြေခံပညာ မူလတန်းကျောင်း(မူလွန်)မှ ကျောင်းအုပ်ဆရာမကြီးတစ်ဦးကို ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ဝက်ချုပ်ကျေးရွာတွင် အလယ်တန်း ပြဆရာမတစ်ဦးနှင့် ၎င်း၏ခင်ပွန်းတို့ကို သတ်ဖြတ်ခြင်း စသည့်အကြမ်းဖက်လုပ်ရပ်များကို လူမဆန်စွာလုပ်ဆောင်ခဲ့ကြသည်။

အကြမ်းဖက်သမားများအနေဖြင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၅ ခုနှစ် ဇွန်လ ၆ ရက်နေ့အထိ ပညာရေးဝန်ထမ်းများအား အကြမ်းဖက်ကျူးလွန်မှုများ လုပ်ဆောင်ခဲ့ခြင်းကြောင့် ပညာရေးဝန်ထမ်းသေဆုံးသူ ၈၀ ၊ ဒဏ်ရာရရှိ သူ ၃၅ ဦး ရှိပြီဖြစ်သည်။ ထိုသို့ အကြမ်းဖက် သမားများ၏ လူမဆန်သောလုပ်ရပ်များကြောင့် နိုင်ငံသားများ၏ အသက်ရှင်သန်ခွင့်၊ လူပုဂ္ဂိုလ်လုံခြုံခွင့်၊ လွတ်လပ်စွာပညာသင်ကြားခွင့်နှင့် တည်ငြိမ်အေးချမ်းမှုရရှိခံစားခွင့် စသည့်အခြေခံ လူ့အခွင့်အရေးများကို ထိခိုက်စေလျက်ရှိသည်။

ငြိမ်းချမ်းစွာ ပညာသင်ယူခွင့် ရရှိခံစားနိုင်ရေးအတွက် အဓိကတာဝန်ယူ ဖော်ဆောင်ပေးနေသော ဆရာ ဆရာမများအပါအဝင် ကျောင်းသား ကျောင်းသူများ၊ စာသင်ကျောင်းများအား နည်းမျိုးစုံဖြင့် အကြမ်းဖက်ခြင်း၊ လုပ်ကြံသတ်ဖြတ်ခြင်း၊ ရန်ရှာဖမ်းဆီးခြင်း၊ ခြိမ်းခြောက်နှောင့်ယှက်ခြင်းနှင့် အကြောင်းအမျိုးမျိုးဖြင့် ပျက်စီးရာပျက်စီးကြောင်း လုပ်ဆောင်နေခြင်းတို့သည် အသက်ရှင်သန်ခွင့်၊ လူပုဂ္ဂိုလ်လုံခြုံခွင့်နှင့် ပညာသင်ယူခွင့်အခွင့်အရေး တို့ကို ချိုးဖောက်ခြင်းပင် ဖြစ်သည်။

“နိုင်ငံသားများ၏ မွေးရာပါအခွင့်အရေးဖြစ်သော ပညာသင်ယူခွင့်ကို နိုင်ငံသားတိုင်း ခံစားရရှိစေရေး” အလေးအနက်အသိအမှတ်ပြုကာ ပညာရေးနယ်ပယ်အတွင်းရှိ ဆရာ ဆရာမများ၊ ကျောင်းသားလူငယ်များအပါအဝင် ပါဝင်ဆောင်ရွက်လျက်ရှိသူအားလုံး ထိခိုက်နစ်နာမှုမရှိစေရေး ဝိုင်းဝန်းကာကွယ်စောင့်ရှောက်ပေးရန် လိုအပ်ပါသည်။      

ဆိုရလျှင် တိုင်းပြည်အတွင်း ဖြစ်ပွားလျက်ရှိသည့် မတည်ငြိမ်မှုများနှင့် အကြမ်းဖက်မှုဖြစ်စဉ် များကို ကြည့်မည်ဆိုလျှင် ပညာရေးအားနည်းသည့် ဒေသများ၌ ပိုမိုဖြစ်ပွားသည်ကို တွေ့ရှိရမည်ဖြစ် သည်။ အတန်းပညာတတ်မြောက်မှု အားနည်းခြင်း၊ သိမြင်တွေးခေါ်နိုင်မှုအားနည်းခြင်းတို့ကြောင့် အကြမ်းဖက်မှုလုပ်ရပ်များကို လုပ်ဆောင်လာကြခြင်းဖြစ်ပြီး ဒေသနှင့် ဒေသခံများ၏ လူမှုစီးပွားဘဝများကိုပါ ထိခိုက်လာစေသည်။ ထို့ကြောင့် ဆရာ ဆရာမများအနေဖြင့် မိမိတို့သင်ကြားပေးနေရသည့် ကလေးငယ်များအား အတန်းပညာသင်ကြားပေးခြင်းအပြင် အကောင်းအဆိုး၊ အကြောင်းအကျိုးကို ခွဲခြားသိမြင်နိုင်စွမ်းရှိစေမည့် အသိပညာနှင့် အတွေးအမြင်များကို သင်ကြားပေးရန်လိုအပ်သည်။

အထူးသဖြင့် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ရန် အရေးကြီးပါသည်။ သို့မှသာ ကျောင်းသား ကျောင်းသူများ သုတ၊ ရသစာပေများ ဖတ်ရှုလေ့လာခြင်းဖြင့် အသိပညာအတတ်ပညာများတိုးပွားလာပြီး ၎င်းတို့ဘဝအတွက်များစွာ အထောက်အကူပြုစေမည်ဖြစ်သည်။ အတန်းပညာကို သင်ကြားမှုမှရရှိသကဲ့သို့ အသိပညာကို စာအုပ်စာပေများဖတ်ရှုခြင်းမှလည်း ရရှိနိုင်ပါသည်။

အလားတူ ကလေးငယ်များကို သင်ကြားလေ့ကျင့်ပေးရသည့်သူများဖြစ်သည့် ဆရာ ဆရာမများအနေဖြင့်လည်း အသိပညာများပြည့်ဝစေရေး စာပေဖတ်မှတ်လေ့လာခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ကြရပါမည်။ ဆရာ ဆရာမများအနေဖြင့် မိမိတို့တာဝန်ယူထားရသည့် ဘာသာရပ်များအလိုက် ကျွမ်းကျင်ပိုင်နိုင်စွာ သင်ကြားလေ့ကျင့် ပေးနိုင်ရန် လိုအပ်သကဲ့သို့ မိမိတို့ကြုံတွေ့ခဲ့ရသည့် ဘဝအတွေ့အကြုံများ၊ စာပေဖတ်ရှုခြင်းမှရရှိခဲ့သည့် အသိအမြင်များကိုလည်း ကလေးငယ်များကို မျှဝေပေးရန် လိုအပ်ပါသည်။ ထိုသို့ဆောင်ရွက်ပေးနိုင်မှသာလျှင် တိုင်းပြည်၏အနာဂတ်ကို ဦးဆောင်ကြမည့် အနာဂတ်မျိုးဆက်သစ်လူသားအရင်းအမြစ်ကောင်းများကို ပိုမိုမွေးထုတ်ပေးနိုင်မည်ဖြစ်သည်။

အမျိုးသားရေးစိတ်ဓာတ်မြင့်မားရေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ဇွန်လ ၁၁ ရက်နေ့တွင် ပြင်ဦးလွင်မြို့ရှိ အမှတ်(၃) အခြေခံပညာအထက်တန်း ကျောင်းသို့ရောက်ရှိစဉ် ကျောင်းစုံညီခန်းမ၌ ဆရာ ဆရာမများအား တွေ့ဆုံ၍ အမှာစကားပြောကြားရာတွင် အမျိုးသားစည်းကမ်းအစ စာသင်ကျောင်းက ဟူသည့်အတိုင်း ကျောင်းသား ကျောင်းသူများ၏ အတန်းပညာတတ်မြောက်ရေးအပြင် စိတ်ဓာတ်နှင့် စည်းကမ်းကောင်းမွန်ရေးအတွက်ကိုလည်း သင်ကြားရေး တာဝန်ယူထားရသည့် ဆရာ ဆရာမများက ဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း၊ စာရင်းကောက်ယူထားရှိသည့် ကိန်းဂဏန်းအချက် အလက်များအရ မိမိတို့နိုင်ငံအနေဖြင့် ပညာရေး အားပေးမြှင့်တင်ရန် လိုအပ်ချက်များစွာရှိနေဆဲ ဖြစ်ပြီး လူဦးရေ၏ ၅၀ ရာခိုင်နှုန်းခန့်မှာ ပညာရေး အားနည်းလျက်ရှိနေကြောင်း၊ ကလေးငယ်များအား မိဘများအနေဖြင့် သွန်သင်ဆုံးမပေးမှုများရှိသကဲ့သို့ ဆရာ ဆရာမများကလည်း သွန်သင်ပေးမှုများ ရှိကြောင်း၊ ငယ်စဉ်ကလေးဘဝတွင် ကျောင်းတက်ရသည့်အချိန်များသဖြင့် ဆရာ ဆရာမများ၏ သွန်သင်ဆုံးမပေးမှုကို ပိုမိုရရှိကြကြောင်း၊ ကျောင်း လုံးဝမနေဖူးသူများအနေဖြင့် ဆရာ ဆရာမများ၏ သွန်သင်မှုအောက်တွင် နေခဲ့ရခြင်းမရှိခဲ့ကြောင်း၊ အတန်းပညာ သင်ကြားပေးရမည်ဖြစ်သကဲ့သို့ စိတ်ဓာတ်၊ စည်းကမ်းကောင်းမွန်ရေး၊ တိုင်းချစ်ပြည်ချစ်စိတ်နှင့် မျိုးချစ်စိတ်ဓာတ်များ မြင့်မားစေရေးတို့အတွက်လည်း ဆရာ ဆရာမများအနေဖြင့် စနစ်တကျ လေ့ကျင့်သင်ကြားပေးရန်လိုကြောင်း၊ စိတ်ဓာတ်စည်းကမ်းကောင်းမွန်ရေး၊ အမျိုးသားရေး စိတ်ဓာတ်မြင့်မားရေးသည် အဓိက အရေးကြီးကြောင်း” တိုက်တွန်းပြောကြားခဲ့သည်။

ပညာရေးတွင် ရင်းနှီးမြှုပ်နှံခြင်းသည် တိုင်းပြည်တိုးတက်ရေးကို ဖော်ဆောင်နေခြင်းပင် ဖြစ်သည်။ ထိုသို့ရင်းနှီးမြှုပ်နှံရာတွင် နိုင်ငံသားများ၏ ပညာရည်အဆင့်အတန်းမြင့်မားရေးသည် များစွာအရေးပါလျက်ရှိသည်။ နိုင်ငံတစ်နိုင်ငံ တည်ဆောက်ရာတွင် မျိုးဆက်သစ်များဖြင့်သာ တည်ဆောက်ကြရသည်။ မျိုးဆက်သစ်များ ပညာပြည့်ဝနေမှသာလျှင် အနာဂတ်နိုင်ငံတော်ကြီးကို တိုးတက်အောင်ထူထောင်နိုင်မည်ဖြစ်သည်။

မျိုးဆက်သစ်လူငယ်များ အနေဖြင့်လည်း တိုးတက်အောင်မြင်သော ဘဝပိုင်ဆိုင်နိုင်ရေးအတွက် ငယ်စဉ်ကတည်းက ပညာရေးတွင် အပတ်တကုတ်ကြိုးပမ်းသွားရန်လိုအပ်သည်။ ပညာသင်ယူသည့်အရွယ်တွင် အင်္ဂလိပ်စာ၊ ကွန်ပျူတာအပါအဝင် ပညာရပ်တစ်ခုခုကို စဉ်ဆက်မပြတ် လေ့လာသင်ယူနေရန် လိုအပ်ပေသည်။ ပြိုင်ဆိုင်မှုပြင်းထန်သောခေတ်ကြီးတွင် လေ့လာသင်ယူမှုရပ်တန့်လိုက်သောသူများသည် အဘက်ဘက်မှ နောက်ကျကျန်ရစ်ခဲ့ရမည် ဖြစ်သည်။

အလားတူ မိဘအုပ်ထိန်းသူများကလည်း မိမိသားသမီးများ ပညာထူးချွန်ကာ လူတော်လူကောင်းများ ဖြစ်လာရေးအတွက် စနစ်တကျမြေတောင်မြှောက်ပေးရန်လိုအပ်သည်။ သားသမီးများကို မိမိထက်ထူးချွန်အောင် ပြုစုပျိုးထောင်ပေးနိုင်မှသာလျှင် မိဘဝတ္တရားကျေပွန်မည်ဖြစ်သည်။ မျိုးဆက်သစ်များ ပညာထူးချွန်ရေးအတွက် ကျွမ်းကျင်သော ဆရာ ဆရာမများ လိုအပ်သလို သင်ထောက်ကူပစ္စည်းများလည်း လိုအပ်သည်။ ထို့ကြောင့် တိုင်းပြည်အနာဂတ်ကို တိုးတက်အောင် ပုံဖော်တည်ဆောက်မည့် မျိုးဆက်သစ်လူငယ်များအေးချမ်းစွာပညာသင်ယူနိုင်ရေး၊ ပညာထူးချွန်ပြီး လူတော်လူကောင်းများ ဖြစ်လာရေးအတွက် ဝိုင်းဝန်းပြုစုမြေတောင်မြှောက်ပေးကြရမည် ဖြစ်ကြောင်း ရေးသားလိုက်ပါသည်။ ။

ကိုးကား။ ။ နေ့စဉ်ထုတ်သတင်းစာများ။