ဥရောပ-အာရှ စီးပွားရေးသမဂ္ဂ (Eurasian Economic Union- EAEU) နှင့် မြန်မာနိုင်ငံ၏ အခွင့်အလမ်း
မောင်မိုး
သမိုင်းကြောင်း
ဥရောပ-အာရှ စီးပွားရေးသမဂ္ဂ (Eurasian Economic Union- EAEU) သည် ၂၀၁၄ ခုနှစ် မေလ ၂၉ ရက်နေ့တွင် ဘယ်လာရုစ်၊ ကာဇက်စတန်၊ ရုရှားသမ္မတ နိုင်ငံတို့မှ စာချုပ်လက်မှတ်ရေးထိုးခြင်းဖြင့် စတင်တည်ထောင်ခဲ့ပါသည်။ ၂၀၁၅ ခုနှစ်အတွင်းစတင်၍ တရားဝင်ဖွဲ့စည်းဆောင်ရွက်ခဲ့ပြီးနောက်ပိုင်းတွင် အာမေး နီးယားနှင့် ကာဂျစ္စတန်တို့သည် အဖွဲ့ဝင်အဖြစ် ဝင်ရောက်ခဲ့ပါသည်။ ဥရောပ-အာရှ စီးပွားရေးသမဂ္ဂ (Eurasian Economic Union - EAEU) သည် ဥရောပ-အာရှတိုက်ရှိ အဖွဲ့ဝင်နိုင်ငံငါးနိုင်ငံမှ တည်ထောင်ထားသည့် ဒေသတွင်း စီးပွားရေးပူးပေါင်းဆောင်ရွက်ရေး အဖွဲ့တစ်ခုလည်းဖြစ်ပါသည်။ EAEU ၏ အဓိကရည်ရွယ်ချက်မှာ အဖွဲ့ဝင်နိုင်ငံများအကြား ကုန်စည်၊ ဝန်ဆောင်မှု၊ အလုပ်သမားနှင့် ရင်းနှီးမြှုပ်နှံမှုများ လွတ်လပ်စွာစီးဆင်းနိုင်ရန်အတွက် တစ်ခုတည်းသော စျေးကွက်တစ်ခုကို ဖန်တီးရန်ဖြစ်သည်။ ယခုအခါ EAEU သည် လူဦးရေ ၁၈၃ သန်းကျော် စုစုပေါင်း GDP ၂ ဒသမ ၄ အမေရိကန် ထရီလီယံကျော်ရှိပြီး ကမ္ဘာ့စီးပွားရေးတွင် အရေးပါသည့်စီးပွားရေးသမဂ္ဂတစ်ခုအဖြစ် ရပ်တည်လာပါသည်။ EAEU သည် ကမ္ဘာ့ရေနံထုတ်လုပ်မှု၏ ၁၄ ဒသမ ၅ ရာခိုင်နှုန်း၊ သဘာဝဓာတ်ငွေ့ ၂၀ ဒသမ ၃ ရာခိုင်နှုန်းထုတ်လုပ်နိုင်ပါသည်။
အဖွဲ့ဝင်နိုင်ငံများ၏ အခန်းကဏ္ဍ
ရုရှားနိုင်ငံသည် EAEU တွင် အကြီး ဆုံး စီးပွားရေးအင်အားကြီးနိုင်ငံဖြစ်ပြီး ဥရောပ-အာရှ စီးပွားရေးသမဂ္ဂ၏ မူဝါဒများနှင့် ဦးတည်ချက်များကို လွှမ်းမိုးနိုင် စွမ်းရှိပါသည်။ စွမ်းအင်အရင်းအမြစ်များ ကြွယ်ဝသောကြောင့် ရုရှားသည် အခြား အဖွဲ့ဝင်နိုင်ငံများအတွက် အရေးပါသော ကုန်သွယ်ဖက်နှင့် စွမ်းအင်ထောက်ပံ့သူ နိုင်ငံအဖြစ် ရပ်တည်လျက်ရှိပါသည်။ ဘယ်လာရုစ်နိုင်ငံသည် စက်မှုထွန်းကားသော နိုင်ငံဖြစ်ပြီး စိုက်ပျိုးရေးနှင့် စက်မှုကုန်ထုတ်လုပ်မှုတွင် အားသာချက် များစွာရှိပါသည်။ ရုရှားနှင့် မဟာဗျူဟာ မိတ်ဖက်ဆက်ဆံရေးရှိပြီး EAEU ၏အဓိက မိတ်ဖက်နိုင်ငံတစ်နိုင်ငံ ဖြစ်ပါ သည်။ ကာဇက်စတန်နိုင်ငံသည် သဘာဝ အရင်းအမြစ်များကြွယ်ဝပြီး ရေနံနှင့်သတ္တုများ ထုတ်လုပ်ရာတွင် အဓိကကျပါသည်။ EAEU ၏ အလယ်ဗဟိုတွင်တည်ရှိပြီး ကုန်သွယ်ရေးလမ်းကြောင်း အတွက် အရေးပါသောနိုင်ငံဖြစ်ပါသည်။ အာမေးနီးယားနှင့် ကာဂျစ္စတန်နိုင်ငံတို့သည် စီးပွားရေးအရ သေးငယ်သော်လည်း EAEU တွင် ပါဝင်ခြင်းအားဖြင့် ၎င်းတို့၏ စီးပွားရေးကို မြှင့်တင်ရန်နှင့် ရင်းနှီးမြှုပ်နှံမှုများကိုဆွဲဆောင်ရန် အခွင့်အလမ်းများရရှိနေကြပါသည်။ ထို့အပြင် မောလ်ဒိုဗာ၊ ဥဇဘက်ကစ္စတန်၊ ကျူးဘားနိုင်ငံနှင့် အီရန်တို့သည် လေ့လာ သူနိုင်ငံ (Observer Status) များအဖြစ် ပါဝင်ဆောင်ရွက်လျက်ရှိပါသည်။
EAEU နှင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုများ
EAEU သည် အခြားသောနိုင်ငံများ၊ ဒေသဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင် ရွက်လျက်ရှိသည်။ တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ရာတွင် Belt and Road Initiative (BRI)နှင့် ချိတ်ဆက်ကာ ကုန်သွယ်ရေး၊ သယ်ယူပို့ဆောင်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်လုပ်ဆောင် နိုင်ရေး ကြိုးပမ်းလျက်ရှိသည်။ ၂၀၁၈ ခုနှစ်တွင် EAEU - China Trade and Economic Cooperation Agreement ကို လက်မှတ်ရေးထိုးခဲ့ပြီး ကုန်သွယ်ရေး အခွင့်အလမ်းများ ပိုမိုကျယ်ပြန့်လာခဲ့သည်။ ထို့အတူ ရှန်ဟိုင်းပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ (SCO) နှင့်လည်း ပူးပေါင်းနီးကပ်စွာ ပူးပေါင်းဆောင်ရွက် လျက်ရှိသည်။ ဗီယက်နမ်၊ ဆားဘီးယား၊ အင်ဒိုနီးရှား၊ အီရန်နိုင်ငံတို့ဖြင့် လွတ်လပ်သော ကုန်သွယ်ရေးသဘောတူညီချက် များ (FTAs) ချုပ်ဆိုထားရှိသည်။ အိန္ဒိယ၊ အီဂျစ်၊ တူကီယဲနိုင်ငံများနှင့် စီးပွားရေးဆွေးနွေးမှုများ ပြုလုပ်လျက်ရှိသည်။ ယခုအခါ EAEU သည် တတိယနိုင်ငံများ နှင့် ပိုမိုကျယ်ပြန့်သော ကုန်သွယ်မှု ဆက်ဆံရေးများ၊ နိုင်ငံတကာအဖွဲ့ အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှု များ တိုးမြှင့်တည်ဆောက်နေပြီး ဥရောပ- အာရှတိုက်အတွင်း စီးပွားရေးတိုးတက်မှု အတွက် အဓိကအခန်းကဏ္ဍမှ ပါဝင်နေပါသည်။ စိန်ခေါ်မှုများရှိသော်လည်း ဒေသတွင်းနှင့် ကမ္ဘာ့စီးပွားရေးတွင် ၎င်း၏ ဩဇာလွှမ်းမိုးမှုကို ဆက်လက် တည်ဆောက်နိုင်ရန် အလားအလာကောင်းများရှိနေသည်။ သို့ဖြစ်ရာ ရုရှားသမ္မတ ဗလာဒီမာပူတင်က ယခုပြုလုပ်သည့်ဖိုရမ်၏ မျက်နှာစုံညီအစည်းအဝေး တွင် “တရားမျှတသည့် ဘက်ပေါင်းစုံ ပါဝင်သော ကမ္ဘာကို ပုံဖော်ရာတွင် EAEU ၏ အခန်းကဏ္ဍမှာ အရေးကြီးကြောင်း၊ မိမိတို့၏ မဟာမိတ်အဖွဲ့အစည်းသည် စိတ်ဝင်စားသည့် နိုင်ငံခြားမိတ်ဖက် အားလုံးနှင့် ပူးပေါင်းဆောင်ရွက်ရန်အတွက် အမြဲတမ်းလမ်းဖွင့်ထားပါကြောင်း၊ အပြန်အလှန်အကျိုးရှိသည့် ဆက်ဆံရေးများသည် ဥရောပ-အာရှ၊ အာဖရိကနှင့် လက်တင်အမေရိက တစ်ခွင်ရှိနိုင်ငံများနှင့်အတူ တက်ကြွစွာဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်သွားမှာဖြစ်ကြောင်း” အလေးအနက် ပြောကြား ခဲ့ခြင်းဖြစ်သည်။
EAEU နှင့် မြန်မာနိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများ
EAEU နိုင်ငံများသို့ မြန်မာ၏ အဓိက ပို့ကုန်များတွင် ဆန်၊ ကော်ဖီ၊ စားအုန်းဆီ၊ ကိုကိုးစေ့များ ပါဝင်ပါသည်။ မြန်မာနိုင်ငံသို့ သွင်းကုန်ပြုလုပ်ရာတွင် ဓာတ်မြေ သြဇာများ၊ စားသုံးသူ သုံးကုန်ပစ္စည်း များ၊ စက်ကိရိယာများနှင့်ပစ္စည်းများ၊ သတ္တုများ၊ စားသုံးဆီများ၊ ဘိလပ်မြေနှင့်ဆေးဝါးများက အဓိက နေရာယူထားပါ သည်။ ဥရောပ-အာရှစီးပွားရေးသမဂ္ဂ (EAEU) နှင့် မြန်မာနိုင်ငံတို့အကြားရှိ ကုန်သွယ်မှုသည် ၂၀၁၉ ခုနှစ်မှစ၍ သုံးဆကျော်တိုးလာခဲ့ကြောင်း ဥရောပ-အာရှ စီးပွားရေးကော်မရှင်၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။ မင့်စ်မြို့ ၌ ပြုလုပ်ခဲ့သော ဥရောပ-အာရှစီးပွားရေးဖိုရမ်၏ ဆွေးနွေးပွဲ၌ ဥရောပ-အာရှ စီးပွားရေးကော်မရှင်၏ ဘုတ်အဖွဲ့ဥက္ကဋ္ဌ Mr.Bakytzhan Abdirovich Sagintayev သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်နှင့် အလုပ်သဘောတွေ့ဆုံဆွေးနွေးစဉ် “၂၀၁၉ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ EAEU နိုင်ငံများ နှင့် မြန်မာနိုင်ငံအကြားရှိ ကုန်သွယ်မှု ပမာဏသည် သုံးဆကျော်အထိ တိုးတက်လာခဲ့ပြီး အမေရိကန် ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံ ကျော်လွန်သွားပါတယ်” ဟု ပြောကြားခဲ့ပါသည်။
ထို့အပြင် မြန်မာနိုင်ငံနှင့် ဥရောပ-အာရှစီးပွားရေးသမဂ္ဂတို့ကြား ထိတွေ့ဆက်ဆံမှုသည် ၂၀၂၂ ခုနှစ်က စတင်ခဲ့ကာ မြန်မာနိုင်ငံ၏ ဖိတ်ကြားချက်အရ EAEU နှင့် ဥရောပ-အာရှစီးပွားရေးကော်မရှင် (EEC) ၏ ကိုယ်စားလှယ်အဖွဲ့ တစ်ဖွဲ့သည် မြန်မာနိုင်ငံကို လာရောက်ခဲ့ ပြီး သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍ၊ ပညာရေးကဏ္ဍ၊ သယ်ယူပို့ဆောင် ရေးကဏ္ဍစသည့်ကဏ္ဍပေါင်းစုံကို ကျယ်ပြန့်စွာဆွေးနွေးနိုင်ခဲ့ပြီး ထိတွေ့ ဆက်ဆံမှုသည် ၂၀၂၃ ခုနှစ်က စပြီး အရှိန်အဟုန် မြင့်တက်လာခဲ့ကာ (၂၆) ကြိမ်မြောက် စိန့်ပီတာစဘတ် နိုင်ငံတကာစီးပွားရေးဖိုရမ်တွင် မြန်မာ နိုင်ငံနှင့် ဥရောပ-အာရှ စီးပွားရေး ကော်မရှင်တို့ကြား ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးနိုင်ခဲ့ပါသည်။
ယနေ့အချိန်တွင် EAEU အနေဖြင့် စိန်ခေါ်မှုများကိုလည်း ကြံ့ကြံ့ခိုင်ရင်ဆိုင် ဖြေရှင်းကျော်လွှားနိုင်ရေး ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။ ရုရှား-ယူကရိန်း စစ်ရေးအခြေအနေကြောင့် အနောက်နိုင်ငံများ၏ ပိတ်ဆို့မှုများကို ရင်ဆိုင်နေရပြီး EAEU ၏ ကုန်သွယ်ရေး နှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လှုပ်ရှားမှုများ ကို ထိခိုက်စေသည်။ ဥပမာအားဖြင့် SWIFT Digital ငွေလွှဲစနစ်မှ ရုရှားနိုင်ငံ၏ ဘဏ်များကို ပိတ်ပင်ခြင်း၊ ဖယ်ရှားခံရ ခြင်းအခြေအနေများသည် EAEU အဖွဲ့ ဝင်နိုင်ငံများအတွင်း နိုင်ငံတကာငွေလဲလှယ်မှုကို အနည်းငယ်ထိခိုက်ခက်ခဲစေခဲ့သည်။ သို့ဖြစ်၍လည်း ဥရောပ-အာရှစီးပွားရေးသမဂ္ဂ (EAEU) သည် နိုင်ငံတကာ၏ အာရုံစိုက်မှုကို ဆွဲဆောင်လျက်ရှိပြီး အချို့က ၎င်း၏ကောင်းကျိုးကို လိုလားကြသကဲ့သို့ အချို့ကလည်း ၎င်းအားယိုင်နဲ့သွားသည်ကို သို့မဟုတ် ပြိုကွဲသွားသည်ကိုပင် လိုလားကြကြောင်း ဘယ်လာရုစ်သမ္မတ အလက်ဇန်းဒါးလူကာရှန်ကိုက ထုတ်ဖော်ပြောကြားခဲ့ခြင်းသည် ယနေ့ EAEU အဖွဲ့ အစည်း၏ ကမ္ဘာ့အလယ်တွင် မည်မျှ အရေးပါမှုအခြေအနေများကို မီးမောင်း ထိုးပြခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံ၏ အခွင့်အလမ်းများ
ကမ္ဘာလုံးဆိုင်ရာ မတည်မငြိမ်မှုများ နှင့် မဟာမိတ်စုဖွဲ့မှုအပြောင်းအလဲများ ဖြစ်ပေါ်နေသော ယခုကဲ့သို့ကာလမျိုးတွင် EAEU ကဲ့သို့သော အဖွဲ့အစည်း များသည် ဝန်ဆောင်မှုလွတ်လပ်ခွင့်၊ ကုန်သွယ်ရေးလွယ်ကူမှုနှင့် ကျယ်ပြန့် သော အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု စသည့်အရေးကြီးသော ကိစ္စရပ်များကို အတူတကွပူးပေါင်းရင်ဆိုင်နိုင်မည့် အဖွဲ့အစည်းတစ်ခုဖြစ်ပါသည်။ မြန်မာနိုင်ငံသည် သဘာဝအရင်း အမြစ်များ၊ စိုက်ပျိုးရေးထွက်ကုန်များ၊ သတ္တုတွင်းထွက်ကုန်များနှင့် အခြား ထွက်ကုန်များအတွက် EAEU အဖွဲ့ဝင် နိုင်ငံများသို့တင်ပို့နိုင်သည့် အလားအလာများစွာရှိပါသည်။ အလားတူပင် ရုရှားနှင့် အခြား EAEU အဖွဲ့ဝင်နိုင်ငံများ ၏ စက်မှုထုတ်ကုန်၊ နည်းပညာနှင့်စွမ်းအင်ထုတ်ကုန်များကို မြန်မာနိုင်ငံသို့ တင်သွင်းနိုင်မည်ဖြစ်ပါသည်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းပညာသစ်များ၊ စွမ်းအင်နည်းပညာ၊ အခြားစက်မှုလုပ်ငန်းများအတွက် ရုရှားနှင့် EAEU အဖွဲ့ဝင်နိုင်ငံများမှ ရင်းနှီးမြှုပ်နှံမှု နှင့် ပူးပေါင်းဆောင်ရွက်မှု အခွင့်အလမ်းများလည်း ရှိနေပါသည်။ မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသည့် နိုင်ငံဖြစ်သဖြင့် EAEU အဖွဲ့ဝင်နိုင်ငံများ၏ နည်းပညာ၊ ရင်းနှီးမြှုပ်နှံမှုနှင့် ဈေးကွက်ဝင်ရောက်မှု အခွင့်အလမ်းများက စိုက်ပျိုးရေးထွက်ကုန်များ၊ စက်မှုထုတ်ကုန်များ တိုးတက်မှုအတွက် အထောက်အကူဖြစ်စေနိုင်ပါသည်။ အထူးသဖြင့် စိုက်ပျိုးရေးနည်းပညာ၊ စိုက်ပျိုးရေးစက်ယန္တရား၊ အရည်အသွေးမြှင့်တင်ရေးနည်းပညာများ ရင်းနှီးမြှုပ်နှံမှုအနေဖြင့် ဝင်ရောက်လာနိုင်ပါသည်။
EAEU နိုင်ငံများမှ နည်းပညာသစ်များ၊ စက်မှုလုပ်ငန်းနည်းပညာ၊ သုတေသနနှင့် ပညာရေးပူးပေါင်းမှုများသည် မြန်မာနိုင်ငံ၏လူ့စွမ်းအားဖွံ့ဖြိုးတိုးတက်မှုအတွက်အရေးပါပါသည်။ ပညာရေး၊ သုတေသန၊ လူမှုရေးပူးပေါင်းမှုများ အတွက်လည်း အလားအလာများစွာ ရှိပါသည်။ အထူးသဖြင့် ပညာရေးအတန်း မြှင့်တင်ရေး၊ နည်းပညာလေ့လာရေး၊ ကျောင်းသားလဲလှယ်ရေးအစီအစဉ်များတွင် ပိုမိုတိုးတက်လာနိုင်ပါသည်။ မြန်မာနိုင်ငံအတွက် လိုအပ်သည့် ဓာတ်မြေ ဩဇာ၊ ရေနံထွက်ပစ္စည်းများ၊ လယ်ယာသုံးစက်ကိရိယာများကို EAEU နိုင်ငံများမှ တင်သွင်းနိုင်သလို မြန်မာ့ထုတ်ကုန် များကိုလည်း ဈေးကွက်အသစ်များသို့ ပို့နိုင်မည်ဖြစ်ပါသည်။ EAEU သည် ဒေသတွင်းနှင့် နိုင်ငံတကာစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု၊ နည်းပညာ လွှဲပြောင်းမှု၊ ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများကို မြန်မာနိုင်ငံအတွက် တိုးမြှင့်ပေးနိုင်မည်ဖြစ်ပါသည်။ ရုရှားနှင့် အခြား EAEU အဖွဲ့ဝင်နိုင်ငံများနှင့် သံတမန်ဆက်ဆံရေး၊ စီးပွားရေးသဘောတူညီ ချက်များ တိုးမြှင့်ခြင်းက မြန်မာနိုင်ငံအတွက် နိုင်ငံတကာစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအတွက် အခွင့်အလမ်းများ ပိုမိုကျယ်ပြန့်လာစေပါသည်။ ကမ္ဘာ့စီးပွားရေး ဩဇာသက်ရောက်မှုများ ပြောင်းလဲလာပြီး အသစ်အသစ်သော ကုန်သွယ်ရေးလမ်းကြောင်းများ ပေါ်ထွန်းလာသည်နှင့်အမျှ မြန်မာနိုင်ငံအနေဖြင့် အောက်ပါအကျိုးကျေးဇူးများကို ရရှိနိုင်မည် ဖြစ်ပါသည်-
(က) မဟာဗျူဟာကျသော ချိတ်ဆက်မှု များကို စူးစမ်းရှာဖွေခြင်း။ ၂၀၂၅ ခုနှစ်အတွင်း မြန်မာနိုင်ငံသည် EAEU တွင် လေ့လာသူနိုင်ငံ (Observer Status) အဖြစ် အဆိုပြုခဲ့ခြင်းသည် EAEU ၏ အာရှဒေသသို့ ချဲ့ထွင်မှုအတွက် အခွင့်အလမ်းတစ်ရပ် အဖြစ် လည်း ပုံဖော်လာနိုင်စွမ်းရှိမည် ဖြစ်ပါသည်။ EAEU အဖွဲ့ဝင်နိုင်ငံ မဟုတ်သေးသော်လည်း မြန်မာ နိုင်ငံသည် အဖွဲ့၏ ပူးပေါင်း ဆက်ဆံရေးဗျူဟာများကို အနီး ကပ် လေ့လာနိုင်ပါသည်။ ဤသို့ လေ့လာခြင်းမှတစ်ဆင့် မြန်မာနိုင်ငံအနေဖြင့်ရှိပြီးသားသမား ရိုးကျဈေးကွက်များအပြင် အခြားသော နိုင်ငံတကာဈေးကွက်များသို့ ချဉ်းကပ်ရေးနည်းလမ်းများ၊ နိုင်ငံတကာစီးပွားရေးအဖွဲ့ အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန် နည်းဗျူဟာများ၊ ဒေသတွင်းနှင့် နိုင်ငံတကာအဆင့်တွင် မိမိ၏စီးပွားရေးအခန်းကဏ္ဍကို မြှင့်တင်ရန်နည်းလမ်းများ စသည် တို့ကို ပူးပေါင်းဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။
(ခ) ကုန်သွယ်ရေးနှင့် ဈေးကွက်အခွင့် အလမ်းများ။ EAEU သည် ဝန်ဆောင်မှုလွတ်လပ်ခွင့် (Ser-vice Liberation) နှင့် ပြင်ပ မိတ်ဖက်များနှင့် ကုန်သွယ်ရေး ချဲ့ထွင်မှုဆိုင်ရာ ဆွေးနွေးမှုများကို ပြုလုပ်နေခြင်းဖြစ်သည့်အတွက် မြန်မာနိုင်ငံအနေဖြင့် စိုက်ပျိုးရေး၊ စွမ်းအင်နှင့် သယ်ယူပို့ဆောင်ရေး၊ အထည်ချုပ်လုပ်ငန်းကဲ့သို့သော ကဏ္ဍများတွင် အထူးအခွင့် အလမ်းများကို ရှာဖွေဖော်ထုတ်နိုင်ပါသည်။
(ဂ) ဒေသတွင်း ပေါင်းစည်းမှုပုံစံများကို လေ့လာခြင်း။ EAEU သည် ဒေသတွင်း ပေါင်းစည်းမှု၏ ဥပဒေသ တစ်ခုဖြစ်ပါသည်။ ASEAN တွင် တက်ကြွစွာ ပါဝင်နေသော မြန်မာနိုင်ငံအတွက်ဒေသတွင်းအဖွဲ့ အစည်းများသည် အချုပ်အခြာအာဏာနှင့် စီးပွားရေးညှိနှိုင်းမှုတို့အား မည်သို့ချိန်ညှိကြပုံကို နားလည်ရန် အထောက်အကူ ဖြစ်စေနိုင်ပါသည်။
(ဃ) နည်းပညာနှင့် အခြေခံအဆောက်အအုံဆိုင်ရာပူးပေါင်းဆောင်ရွက်မှု အလားအလာများ။ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှု၊ သယ်ယူ ပို့ဆောင်ရေး လမ်းကြောင်းများနှင့် ရေရှည်တည်တံ့သည့် ပြန်လည် ပြည့်ဖြိုးမြဲ စွမ်းအင်ကဲ့သို့သော ကဏ္ဍများသည် မြန်မာနိုင်ငံအတွက် အနာဂတ် ပူးပေါင်း ဆောင်ရွက်မှု သို့မဟုတ် အသိ ပညာဖလှယ်ရန် ရှာဖွေနိုင်သည့် နယ်ပယ်အသစ်များဖြစ်ပါသည်။
(င)ဒေသတွင်းအဆင့်တွင် မြန်မာနိုင်ငံ ၏ အခန်းကဏ္ဍကို ပိုမိုထင်ရှားစွာ ပြသနိုင်ခြင်း။ လေ့လာသူအဆင့်ဖြင့်သော်လည်းကောင်း၊ ဆက်စပ် ဖိုရမ်များတွင် သော်လည်းကောင်း ပါဝင်ခြင်းဖြင့် မြန်မာနိုင်ငံသည် တောင်အာရှနှင့် အရှေ့တောင် အာရှကြားရှိ ၎င်း၏ မဟာဗျူဟာကျသော တည်နေရာကို အသုံးချ ခြင်းဖြင့် နိုင်ငံပေါင်းစုံနှင့် စီးပွားရေးချိတ်ဆက်ဆောင်ရွက်မှုများကို ဖွင့်လှစ်ထားကြောင်း ပြသနိုင်ပါသည်။
သို့ဖြစ်၍လည်း နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဘယ်လာရုစ်နိုင်ငံ၌ ကျင်းပပြုလုပ် သည့် ဥရောပ-အာရှ စီးပွားရေးဖိုရမ်၌ “ဥရောပ-အာရှစီးပွားရေးသမဂ္ဂ (EAEU) ၏ အခြေခံမူများတွင် အဖွဲ့ဝင်နိုင်ငံများ ၏ အချုပ်အခြာအာဏာတူညီမှုနှင့် နယ်နိမိတ်တည်တံ့မှုအပါအဝင် အပြည် ပြည်ဆိုင်ရာ ဥပဒေများကို လေးစား လိုက်နာခြင်း၊ အမျိုးသားအကျိုးစီးပွားကို လေးစားခြင်းတို့သည် ကမ္ဘာတွင်လက်တွေ့လိုအပ်နေသည့်အရာများပင် ဖြစ်ကြောင်း၊ ယနေ့ကမ္ဘာတွင် အင်အား ကြီးနိုင်ငံများက နိုင်ငံငယ်များအပေါ် နိုင်ငံရေး၊ စီးပွားရေးအရ ဖိအားပေးမှုများ၊ ပိတ်ဆို့မှုများသည် ကမ္ဘာ့နိုင်ငံများ၏ အခြေခံမူများကို ချိုးဖောက်နေခြင်းပင် ဖြစ်ကြောင်း၊ ကမ္ဘာ့နိုင်ငံ့အသီးသီးတွင် ရှိသင့်ရှိထိုက်သည့် ကောင်းမွန်သည့် အခြေခံမူများကို အလေးထားပြီး ကမ္ဘာ့ နိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်မှုကို အကောင် အထည်ဖော်နေသည့် ဥရောပ-အာရှ စီးပွားရေးသမဂ္ဂ (EAEU) ၏ လုပ်ဆောင် ချက်များ၊ အောင်မြင်မှုများအတွက် မြန်မာနိုင်ငံအနေဖြင့် ဂုဏ်ယူဝမ်းမြောက် ထောက်ခံကြောင်းကို ပြောကြားလို ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် EAEU ၏ လုပ်ဆောင်ချက်များ၊ အောင်မြင်မှုများ ကို အလေးထားစိတ်ဝင်စားသကဲ့သို့ ပူးပေါင်း ဆောင်ရွက်မှုများကိုလည်း တိုးမြှင့်ဆောင်ရွက်သွားမည် ဖြစ် ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့်လည်း ဥရောပ-အာရှ စီးပွားရေးသမဂ္ဂ၏ မိသားစုအဖွဲ့ဝင်နိုင်ငံအဖြစ်ပါဝင်ရန် များစွာစိတ်အားထက်သန်လျက် ရှိပါ ကြောင်း” အလေးနက်ထား ပြောကြား ခဲ့ခြင်း ဖြစ်ပါသည်။
ယနေ့ကမ္ဘာတွင် ဒေသတွင်းစီးပွား ရေး ပူးပေါင်းချိတ်ဆက်မှုများ အရှိန် အဟုန်မြှင့် တိုးမြင့်လာသည်နှင့်အမျှ ယခုကဲ့သို့ EAEU အဖွဲ့အစည်းအတွင်း လေ့လာသူနိုင်ငံအဆင့်၊ ၎င်းမှအမြဲတမ်း အဖွဲ့ဝင်နိုင်ငံဖြစ်လာပါက မြန်မာနိုင်ငံအတွက်မိမိ၏ လက်ရှိဖွံ့ဖြိုးမှုအခြေအနေ ကို မှန်တစ်ချပ်ကဲ့သို့ ပြန်လည်သုံးသပ် နိုင်ပြီး အနာဂတ်ပူးပေါင်းဆောင်ရွက်မှုအတွက် အခွင့်အရေးလမ်းကြောင်းများပါဝင်သည့် မြေပုံတစ်ချပ်ကို လက်ဝယ် ရရှိလိုက်သကဲ့သို့ အခွင့်အလမ်းများ ရရှိမည်ဖြစ်ပါကြောင်း။ ။