ဒဏ္ဍာရီထဲက ငွေတောင်ပြည် အလည်သွားကြမည်

Wed, 04/26/2017 - 10:00 -- user3

သတင်းဆောင်းပါး- စိုးစိုးနိုင်(ကြေးမုံ)၊ ဓာတ်ပုံ-မင်းခန့်စိုး(ကြေးမုံ)

ဆန်းကြယ်လှပသည့် ဆင်ယင်ထုံးဖွဲ့မှု၊ ရိုးရှင်းလှသည့် ရိုးရာယဉ်ကျေးမှုဓလေ့များ၊ ထူးခြားသည့် သဘာဝလိုဏ်ဂူ၊ ရေကန်များနှင့် ဒဏ္ဍာရီဖြစ်ရပ်များတည်ရှိရာ အထင်ကရနေရာများကြောင့် ကယားပြည်နယ်သည် ပြည်တွင်းသာမက ကမ္ဘာလှည့်ခရီးသည်များ၏အာရုံကို ဖမ်းစားနေသော စိတ်ဝင်စားစရာ ဒေသတစ်ခုအဖြစ် ပိုမိုထင်ရှားလာခဲ့သည်။

ကယားပြည်နယ်သည် ဧရိယာစတုရန်းမိုင် ၄၅ဝဝ ကျော်ကျယ်ဝန်း၍ ပြည်နယ်ခုနစ်ခုတွင် ဧရိယာအားဖြင့် အငယ်ဆုံးပြည်နယ်ဖြစ်ပြီး လူနေကျဲပါးသော တောင်ပေါ်ဒေသဖြစ်သည်။ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်၊ ထိုင်းနိုင်ငံတို့နှင့် နယ်နိမိတ်ချင်းထိစပ်လျက်ရှိသည်။ မြန်မာနိုင်ငံ၏ အဓိကလျှပ်စစ်ဓာတ်အားပေးစက်ရုံဖြစ်သော လောပိတရေအားလျှပ်စစ်စက်ရုံလည်း ရှိသည်။ ကယားပြည်နယ်ကို လွိုင်ကော်ခရိုင်နှင့် ဘော်လခဲခရိုင်တို့ဖြင့် ဖွဲ့စည်းထားပြီး ပြည်နယ်၏မြို့တော်မှာ လွိုင်ကော်ဖြစ်သည်။ လွိုင်ကော်ခရိုင်တွင် လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆိုနှင့် ရှားတောမြို့နယ်များပါဝင်ပြီး ဘော်လခဲခရိုင်တွင် ဘော်လခဲ၊ ဖားဆောင်းနှင့် မယ်စဲ့မြို့နယ်များ ပါဝင်သည်။

ရိုးရာဓလေ့၊ သဘာဝအလှတရားများရှိနေသည့် ကယားပြည်နယ် လွိုင်ကော်မြို့သို့ ရန်ကုန်နှင့် မန္တလေးမြို့များမှ လေကြောင်းဖြင့် ခရီးနှင်မည်ဆိုလျှင် တစ်နာရီဝန်းကျင်ကြာမြင့်မည်ဖြစ်ပြီး ကုန်းလမ်းခရီးဖြင့်လာပါက ၁၂ နာရီကျော်ကြာမည်ဖြစ်သည်။ နေပြည်တော်မှ ကုန်းလမ်းခရီးဖြင့်ဆိုလျှင် ငါးနာရီကျော်ကြာမည်ဖြစ်သည်။

လွိုင်ကော်မြို့၏ ကျက်သရေဆောင် သီရိမင်္ဂလာတောင်တော်(တောင်ကွဲစေတီ)သည် သဘာဝအတိုင်း ထူးခြားစွာ ဖြစ်ပေါ်နေသော ကျောက်တောင်ထွတ် ကိုးခုရှိပြီး တောင်တော်မှာ ၃၈၇ ပေမြင့်သည်။ ကိုးစိတ် ကွဲနေသော ကျောက်တောင်ထွတ်ထက်တွင် စေတီတော် တစ်ဆူစီကို ၁၈၉၅ ခုနှစ်တွင် ဉာဏ်တော် ၂၂ တောင်ရှိ ရွှေယပ်တောင်စေတီကို လည်းကောင်း၊ ၁၉၁၃ ခုနှစ်တွင် ဉာဏ်တော် ၉ တောင်ရှိ ရွှေရင်အေးစေတီကို လည်းကောင်း၊ ၁၉၁၄ ခုနှစ်တွင် ဉာဏ်တော် ကိုးတောင်ရှိ ကျောက်သမ္ဗာန်စေတီကိုလည်းကောင်း၊ ၁၉၂၉ ခုနှစ် တွင် ဉာဏ်တော် ၁၆ တောင်ရှိ အောင်တော်မူစေတီနှင့် ဆုတောင်းပြည့်စေတီတို့ကိုလည်းကောင်း၊ ၁၉၃၃ ခုနှစ် တွင် ဉာဏ်တော် ၂၄ တောင်ရှိ ပြည်လုံးချမ်းသာ (ပင်မစေတီတော်)နှင့် ဉာဏ်တော် ကိုးတောင်ရှိ အောက်ကျိုက်ထီးရိုး စေတီတို့ကိုလည်းကောင်း၊ ၁၉၃၄ ခုနှစ်တွင် ဉာဏ်တော် ၁၂ တောင်ရှိ အထက်ကျိုက်ထီးရိုးစေတီကို လည်းကောင်း၊ ၁၉၅ဝ ပြည့်နှစ်တွင် ဉာဏ်တော် ၁၄ တောင်ရှိ ရွှေပြည်အေးစေတီကိုလည်းကောင်း တည်ထားကိုးကွယ်ခဲ့သည်ဟု သိရသည်။ တောင်ထွတ်များပေါ်၌ တည်ထားသော စေတီကိုးဆူကို သက်သောင့်သက်သာ ဖူးမြော်နိုင်ရန် ဓာတ်လှေကားလည်း တပ်ဆင်ထားသည်။ စေတီကိုးဆူကို စုံလင်စွာဖူးမြော်မည်ဆိုလျှင် ကျောက်လှေကားမှတစ်ဆင့် တဖြည်းဖြည်းချင်း ခြေကျင် တက်ရောက်နိုင်သည်။

သီရိမင်္ဂလာတောင်ကို မြန်မာဘာသာဖြင့် 'တောင်ကွဲ တောင်'၊ ရှမ်းဘာသာဖြင့် 'လွိုင်ဖာတက်'၊ ကယားဘာသာဖြင့် 'ဖော်ဖြဲ'ဟု ခေါ်ဆိုကြပြီး ''ဤတောင်သည် ကိုးစိတ်ကိုးမြွှာကွဲနေသော်လည်း သာသနာပြုမင်း ပေါ်ထွန်းလာသော အခါ ဤတောင်တွင် စေတီတော်တစ်ဆူ တည်ထားကိုးကွယ်လတ္တံ''ဟု အတိတ်တဘောင်လည်းရှိသည်။

ဒဏ္ဍာရီထဲက ငွေတောင်ပြည်ကြီးရှိရာ ဒီးမော့ဆိုမြို့နယ် ငွေတောင်ဆည်၏ သာယာလှပမှုကို အပန်းဖြေ အနားယူရင်း လေ့လာကြည့်ရှုနိုင်ရန် လွိုင်ကော်မြို့မှ ၄၅ မိနစ်ကြာ သွားရမည်ဖြစ်သည်။ ငွေတောင်ဆည်သည် အမြင့် ၃၅ ပေရှိ မြေသားတမံဖြစ်ပြီး အလျား ပေ ၆ဝဝဝ ရှိသည်။ ကန်ရေပြင်ကျယ် ဧက ၆၂ဝ ရှိပြီး ကန်ရေပြင် ပမာဏ ဧက ၈၉၂ဝ သိုလှောင်ထားနိုင်၍ ဆည်ရေသောက် ဧရိယာ ၆၂၉၁ ဧကကို စိုက်ပျိုးရေ ပေးဝေနေသည့် ဒေသသောက်သုံးရေအတွက် အလွန်အရေးပါသော ဆည်တစ်ခုဖြစ်သည်။

ထိုမှတစ်ဖန် ကမ္ဘာ့အလယ်တွင် အံ့ဖွယ်တစ်ရပ်အဖြစ် ရှိနေသည့် ကယန်းတိုင်းရင်းသူတို့၏ လည်တိုင်၊ လက်ကောက်ဝတ်မှ တံတောင်ဆစ်အထိနှင့် ခြေမျက်စိမှ ဒူးဆစ်အထိ ခန္ဓာကိုယ်အစိတ်အပိုင်းများတွင် ကြေး၊ ငွေများရစ်ခွေလျက် အလှဆင်ဝတ်စားမှုကို လေ့လာကြည့်ရှုနိုင်ရန် ငွေတောင်ဆည်မှ တစ်နာရီခန့် ခရီးဆက်လျှင် ကယန်းလူမျိုးတို့ နေထိုင်ရာ ပန်ပက်ကျေးရွာသစ်သို့ သွားနိုင်သည်။

ကယန်းတိုင်းရင်းသူတို့သည် အသက် ငါးနှစ်အရွယ်မှစ၍ ကြေးခွေပတ်လေ့ရှိပြီး စတင်ခွေပတ်ချိန်တွင် နှစ်ခွေ၊ သုံးခွေပတ်ကာ အသက်ဆယ်နှစ်ကျော်လျှင် ယခင်ငါးနှစ် အရွယ်က ရစ်ပတ်ခဲ့သော ကြေးခွေများကိုဖြုတ်ပြီး ဆယ်ခွေအထိ ရစ်ပတ်သည်။ အသက်နှစ်ဆယ်ကျော်လျှင် ကြေးခွေတစ်ဆယ့်ငါးရစ်မှ နှစ်ဆယ်ရစ်အထိ ခွေပတ်ပြန်သည်။ လည်တိုင်အတိုင်း ရစ်ပတ်ထားသောကြေးခွေများ တည်ငြိမ်စေရန် လည်ပင်းအောက်ခံ ပခုံးနှစ်ဖက်ပေါ်တွင် သီးခြားရစ်ပတ်ထားသည့် ကြေးခွေများလည်းရှိပြန်သည်။ ကယန်းတိုင်းရင်းသူတို့၏ လည်တိုင်တွင် ရစ်ပတ်ထားသော ကြေးခွေတို့သည် တစ်ကွင်းစီစွပ်ထားသည်မဟုတ်ဘဲ ကြေးချောင်းအရှည်ကို ကွိုင်ကဲ့သို့ ရစ်ထားခြင်းဖြစ်သည်။ ကြေးခွေ၏အရွယ်အစားမှာ အမျိုးသမီးတစ်ဦး၏ သာမန်လက်သန်းအရွယ်ထက် အနည်းငယ်သေးသည်။ ကယန်းတိုင်းရင်းသူတို့၏လည်ပင်းတွင် ကြေးခွေသာမက ငွေပြား၊ ဘော်ပြား၊ ဒင်္ဂါးပြားတို့ကို တွဲလဲဆွဲ၍ အလှဆင်ကြသည်။ ထိုသို့ တစ်ကိုယ်လုံးဆင်မြန်းထားသည့် ကြေးခွေ၊ ငွေကွင်းများကို ချိန်တွယ်ကြည့်လျှင် အလေးချိန်အားဖြင့် ပေါင် ၆ဝ ထက်မနည်း (၁၇ ပိဿာခန့်)ရှိသည်ဟု သိရသည်။

ကယန်းတိုင်းရင်းသူလေးတချို့သည် ခေတ်နှင့်အညီ ပေါ့ပါးလွတ်လပ်စွာ ဝတ်ဆင်နေကြသော်လည်း ကျေးလက်တွင်နေထိုင်ကြသော ကယန်းတိုင်းရင်းသူ အများစုမှာ မိရိုးဖလာရိုးရာယဉ်ကျေးမှုမပျောက်ပျက်စေရန် ထိန်းသိမ်းသည့်အနေဖြင့် ကြေးခွေပတ်ဆင်မြန်းမှုကို မြတ်နိုးစွာဝတ်ဆင်လျက်ရှိနေကြဆဲပင်ဖြစ်သည်။

မြန်မာနိုင်ငံတွင် လူဦးရေနည်းပါးရုံသာမက လူသိနည်းပါးလှသော ကယန်းတိုင်းရင်းသူတို့ကို တစ်ခါ မြင်ဖူးရုံဖြင့် တစ်သက်မမေ့နိုင်စရာဖြစ်ကာ ဆန်းကြယ်လှပသည့် ဆင်ယင်ထုံးဖွဲ့မှုကား အံ့ဩ၍မကုန်နိုင်ပေ။

ကယန်းလူမျိုးများသည် ဝါးပင်မှ လူ့အသုံး အဆောင်ပစ္စည်းများ၊ ကလေးကစားစရာများ ပြုလုပ်သည့် လက်မှုပညာကျွမ်းကျင်ကြသည်။ ရိုးရာအထည်များကိုလည်း ကိုယ်တိုင်ရက်လုပ်ဝတ်ဆင်ကြသည်။ တောင်ယာစပါးနှင့် အခြားသီးနှံများ စိုက်ပျိုးကြသည့်အပြင် အမဲလိုက်ခြင်း၊ ပျားဖွပ်ခြင်းတို့ကိုလည်း လုပ်ကိုင်ကြသည်။ ကယန်းတို့၏ ရိုးရာချက်လုပ်သော ခေါင်ရည်သည် ကျော်ကြားပြီး ဝါးပိုးကောင်ဟင်းနှင့် ခါချဉ်ဥကြော်တို့ကလည်း မစားဖူးသူများအတွက် ခံတွင်းတွေ့စေနိုင်သည်ဟု သိရသည်။

(ဆက်လက်ဖော်ပြပါမည်)