ရွေးကောက်ပွဲရလဒ်များနှင့်အညီ နိုင်ငံရေးအခင်းအကျင်းသစ်ကို အတူလက်တွဲပုံဖော်

 

 

၂ဝ၁၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအကြို နိုင်ငံတော်သမ္မတပြောကြားသည့် ရွေးကောက်ပွဲဆိုင်ရာ မိန့်ခွန်း

 

(၆-၁၁-၂ဝ၁၅)

 

မဲဆန္ဒရှင် ပြည်သူများခင်ဗျား-

 

နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲကြီးဟာ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေ အရှိန်မြှင့် ရှေ့ဆက်နိုင်ဖို့အတွက် အရေးကြီးတဲ့ သမိုင်းဝင်ခြေလှမ်းတစ်ခု ဖြစ်ပါတယ်။

 

မဲဆွယ်စည်းရုံးရေးကာလတွေမှာ ဥပဒေ၊ နည်းဥပဒေတွေနဲ့ ကျင့်ဝတ် စည်းကမ်းတွေကို လေးစားလိုက်နာကြပြီး မဲဆွယ်စည်းရုံးမှုတွေ ပြုလုပ်ခဲ့ကြတဲ့ နိုင်ငံရေးပါတီများ၊ ကိုယ်စားလှယ်လောင်းများကို ဝမ်းမြောက်ဂုဏ်ယူကြောင်း ပြောလိုပါတယ်။ ထို့အတူ ပြည်သူများအနေနဲ့လည်း ကိုယ်ထောက်ခံ အားပေးတဲ့ပါတီများ၊   ကိုယ်စားလှယ်လောင်းများကို  ငြိမ်းငြိမ်းချမ်းချမ်း ထောက်ခံအားပေးမှုများ ပြသဆောင်ရွက်ခဲ့ကြတဲ့အတွက်လည်း ဝမ်းမြောက် ဂုဏ်ယူကြောင်း ပြောကြားလိုပါတယ်။

 

ရွေးကောက်ပွဲကြီးမှာ မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲပေးပိုင်ခွင့်ကို ထိရောက်စွာ ကျင့်သုံးနိုင်ဖို့ ဝိုင်းဝန်းကူညီဆောင်ရွက်နေကြတဲ့ အရပ်ဘက် လူ့အဖွဲ့အစည်းများရဲ့ ကြိုးပမ်းအားထုတ်မှုကိုလည်း ဂုဏ်ယူအသိအမှတ်ပြုကြောင်း ပြောကြားလိုပါတယ်။ အထူးသဖြင့် မဲဆန္ဒရှင်ပြည်သူများအတွက် ရွေးကောက်ပွဲဆိုင်ရာ ပညာပေးလုပ်ငန်းများကို အားထုတ်လုပ်ဆောင်ပေးနေကြတဲ့ လူငယ်အဖွဲ့အစည်းများနဲ့ အရပ် ဘက်လူ့အဖွဲ့အစည်းများရဲ့ ကြိုးပမ်းအားထုတ်မှုကို အထူးအသိအမှတ်ပြု အပ်ပါတယ်။

 

ရွေးကောက်ပွဲလုပ်ငန်းစဉ် အဆင့်ဆင့်မှာ မြန်မာလူငယ်များရဲ့ တက်ကြွစွာ ပူးပေါင်းဆောင်ရွက်မှုများကို မြင်တွေ့ရတာဟာလည်း တိုင်းပြည်အနာဂတ်အတွက် အလွန်ကောင်းမွန်တဲ့ လက္ခဏာတစ်ခုပဲ ဖြစ်ပါတယ်။

 

မဲဆန္ဒရှင် ပြည်သူများအနေနဲ့လည်း ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ် ပြိုင်နေကြတဲ့ ကိုယ်စားလှယ်လောင်းတွေရဲ့ အရည်အချင်းနဲ့ အရည်အသွေးတွေကိုဆန်းစစ်ပြီး ဆန္ဒမဲပေးဖို့ အဆင်သင့်ဖြစ်နေပြီလို့ ယုံကြည်ပါတယ်။ ကျွန်တော်တို့အနေနဲ့ လက်ရှိအနေအထားကိုရောက်ရှိဖို့  ခက်ခဲတဲ့ သမိုင်း ဖြတ်သန်းမှုများကို ကျော်လွှားရင်ဆိုင်ခဲ့ရပါတယ်။ ဒီလို ရွေးကောက်ပွဲကြီးကို ကျင်းပနိုင်ဖို့ဆိုတာဟာ အလွယ်တကူရရှိလာတဲ့ အခြေအနေမဟုတ်ပါဘူး။ ဒါကြောင့်  နိုင်ငံရဲ့ကံကြမ္မာကို  ပြဋ္ဌာန်းသတ်မှတ်တဲ့ ရွေးကောက်ပွဲတွေ၊ အထူးသဖြင့် ယခုအပြောင်းအလဲကာလအတွက် အရေးကြီးတဲ့ ရွေးကောက်ပွဲမျိုးမှာ မဲဆန္ဒရှင်ပြည်သူများအားလုံးမဲပေးကြဖို့ ကျွန်တော့်အနေနဲ့ အလေးအနက်တိုက်တွန်းလိုပါတယ်။ မဲစာရင်းမှာ လိုအပ်ချက်တွေရှိနေပေမယ့် ရွေးကောက်ပွဲနေ့မှာ မဲပေးခွင့် မဆုံးရှုံးစေဖို့လည်း စီစဉ်ဆောင်ရွက်ထားတယ်လို့ ရွေးကောက်ပွဲကော်မရှင်ကလည်း ကြေညာထားပြီးသား ဖြစ်ပါတယ်။ မဲဆန္ဒ ရှင်ပြည်သူများအနေနဲ့လည်း   မိမိတို့ရဲ့ဆန္ဒမဲများကို  ထိရောက်မှုရှိစေဖို့ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာထားတဲ့ နည်းလမ်းတကျမဲပေး နည်းအဆင့်ဆင့်ကို ဂရုတစိုက် လိုက်နာကျင့်သုံးကြဖို့ တိုက်တွန်းလိုပါတယ်။

 

ကျွန်တော်တို့ အစိုးရအနေနဲ့လည်း တပ်မတော်သားများ၊ ပြည်သူ့ဝန်ထမ်းများအပါအဝင် ဆန္ဒမဲပေးပိုင်ခွင့်ရှိတဲ့ ပြည်သူတစ်ယောက်စီတိုင်း လွတ်လပ်စွာ မဲပေးခွင့်ရဖို့ ကြိုးပမ်းဆောင်ရွက်ထားကြောင်းကိုလည်း အသိပေးပြောကြားလိုပါတယ်။

 

ဒီရွေးကောက်ပွဲကြီးမှာ နိုင်ငံရေးအင်အားစုအားလုံး လွတ်လပ်တရား မျှတစွာ ပါဝင်ယှဉ်ပြိုင်နိုင်ခွင့် ရရှိနိုင်စေရေးအတွက် လွတ်လပ်သော အရပ်ဘက်လူ့အဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများကို လေ့လာစောင့်ကြည့် ခွင့်ပြုခြင်းနှင့် သတင်းမီဒီယာများကို သတင်းရယူနိုင်အောင် ဆောင်ရွက်လျက်ရှိပြီး လက်ရှိမှာ စုစုပေါင်းဦးရေ သောင်းချီခွင့်ပြုထားပြီး ဖြစ်ပါတယ်။

 

ကျွန်တော် ရေဒီယိုမိန့်ခွန်းမှာ ပြောကြားခဲ့သလိုပါပဲ ကျွန်တော်တို့ နိုင်ငံရဲ့ လက်ရှိအခြေအနေအရ အစစအရာရာ ပြီးပြည့်စုံတဲ့ ရွေးကောက်ပွဲတစ်ခုကို ကျင်းပနိုင်ဖို့အတွက်    စိန်ခေါ်မှုတွေ၊   အခက်အခဲတွေဟာ  နေရာတိုင်းမှာ ရှိနေတာဖြစ်ပါတယ်။ ဒါပေမယ့် ဒီရွေးကောက်ပွဲဟာ တရားမျှတပြီး လွတ်လပ်တဲ့ ရွေးကောက်ပွဲတစ်ခုဖြစ်ပြီး မဲဆန္ဒရှင်ပြည်သူများရဲ့ ဆန္ဒသဘောထားကို မှန်ကန်စွာ ထင်ဟပ်ပြသနိုင်မယ်လို့ ခိုင်မာစွာ ယုံကြည်ပါတယ်။ ဝင်ရောက် ယှဉ်ပြိုင်ကြတဲ့ နိုင်ငံရေးအင်အားစုများအားလုံးအနေနဲ့လည်း မဲဆန္ဒရှင်ပြည်သူများရဲ့ အဆုံးအဖြတ်ကို တညီတညွတ်တည်း သဘောထားကြီးကြီး လက်ခံကြရ မှာဖြစ်ပါတယ်။

 

ထွက်ပေါ်လာမယ့် ရွေးကောက်ပွဲရလဒ်များအပေါ် လေးစားလိုက်နာမှုနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများ ရှိနေတယ်လို့လည်း သိရှိရပါတယ်။ ကျွန်တော်တို့ အစိုးရ၊ တပ်မတော်အနေနဲ့ တရားမျှတလွတ်လပ်တဲ့ ရွေးကောက်ပွဲများရဲ့ ရလဒ်ကို လေးစားလိုက်နာသွားမည်ဖြစ်ကြောင်းကို ထပ်မံပြောကြားလိုပါတယ်။ ရွေးကောက်ပွဲရလဒ်များနဲ့အညီ နိုင်ငံရေးအခင်းအကျင်းသစ်ကို အတူလက်တွဲ ပုံဖော်ဖန်တီး ဆောင်ရွက်သွားကြရမှာ ဖြစ်ပါတယ်။

 

ကျွန်တော်တို့နိုင်ငံရဲ့ လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေအရ မဲဆန္ဒရှင်ပြည်သူများ ရွေးချယ်တင်မြှောက်လိုက်တဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များဟာ အစိုးရအဖွဲ့ကို ဦးဆောင်မယ့် သမ္မတလောင်းများကို ပြည်သူလူထုကိုယ်စား ဆက်လက်မဲပေးရွေးချယ်သွားကြမှာ ဖြစ်ပါတယ်။ ဒီလိုရွေးကောက်ပွဲ ရလဒ်များနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပေါ်ပေါက်လာမယ့် အစိုးရအဖွဲ့ကို ကျွန်တော့်အနေနဲ့ လက်ခံသွားမှာဖြစ်ပြီး နိုင်ငံရေးအင်အားစုအသီးသီးရဲ့ ခေါင်းဆောင်များအနေနဲ့လည်း လေးစားလက်ခံသွားကြမယ်လို့ ယုံကြည်ပါတယ်။

 

ရွေးကောက်ပွဲအပြီး ကြားကာလ တည်ငြိမ်အေးချမ်းမှုရှိစေဖို့အတွက်လည်း နိုင်ငံရေးအင်အားစုများမှ ခေါင်းဆောင်များနဲ့တွေ့ဆုံဆွေးနွေး အဖြေရှာသွားမှာ ဖြစ်ပါတယ်။ ဒီနိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲများကလည်း ကြားကာလ တည်ငြိမ်အေးချမ်းမှုနဲ့ နိုင်ငံရေးအခင်းအကျင်းသစ်ကို ချောမွေ့ညင်သာစွာ  အသွင်ကူးပြောင်းစေဖို့   များစွာအထောက်အကူပြုသွားမှာ ဖြစ်ပါတယ်။

 

ကျွန်တော်တို့ အားလုံးမျှော်မှန်းနေတဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ မြန်မာနိုင်ငံတော်သစ်ကို တည်ဆောက်တဲ့နေရာမှာ ခရီးရှည်ကြီးကို အားလုံးအတူ  ဖြတ်သန်းကြရဦးမှာဖြစ်ပါတယ်။ အနာဂတ်မှာလည်း ရွေးကောက်ပွဲပေါင်းများစွာကို ဖြတ်သန်းပြီး နိုင်ငံရေးဖြစ်ထွန်းတိုးတက်မှု အဆင့်ဆင့်ကို တည်ဆောက်သွားကြရမှာဖြစ်ပါတယ်။  ဒီလိုအဆင့်ဆင့် တက်လှမ်းရာမှာ ယခုကျင်းပတော့မည့် သမိုင်းဝင်ရွေးကောက်ပွဲကြီးကို လွတ်လပ်ခြင်း၊ မျှတခြင်းဆိုတဲ့ ဝိသေသတွေနဲ့ အောင်မြင်စွာ ကျင်းပနိုင်မှသာ ပြုပြင်ပြောင်းလဲမှုများ ရှေ့ဆက်နိုင်မယ့် နိုင်ငံရေးအခင်းအကျင်းသစ်တစ်ခုကို တည်တည်ငြိမ်ငြိမ် ကူးပြောင်းနိုင်မှာဖြစ်ပါတယ်။

 

ဒါ့ကြောင့် ဒီလိုမြန်မာနိုင်ငံအနာဂတ်အတွက် အရေးကြီးပြီး ကမ္ဘာကြီးကလည်း စောင့်ကြည့်နေတဲ့ ရွေးကောက်ပွဲကြီးမှာ နိုင်ငံရေးခေါင်းဆောင်များအနေနဲ့ အမြော်အမြင်ရှိရှိ၊ သဘောထားကြီးကြီးနဲ့ နိုင်ငံရေးရွေးချယ်မှုများ ပြုလုပ်ဖို့နဲ့ ပြည်သူများကလည်း  မိမိတို့ရဲ့ ဆန္ဒမဲတစ်ပြားကို လွတ်လပ်စွာ ဆန္ဒပြုကြဖို့ တိုက်တွန်းလိုက်ပါတယ်။

 

မဲဆန္ဒရှင်မိဘပြည်သူများ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံကြပါစေ။      ။