ရာဂီမုန်တိုင်းနှင့် ဆက်စပ်ဖြစ်ပွားသော သဘာဝဘေးအန္တရာယ်ဖြစ်သည့် ရုတ်တရက်ရေကြီးရေလျှံ ဘေးဒဏ်သင့်ခဲ့သည့် ဒေသများတွင် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် စေတနာရှင်အလှူရှင်များက အလှူငွေများ ဒုတိယအကြိမ် ပေးအပ်လှူဒါန်းပွဲကို စက်တင်ဘာ ၂၈ ရက်တွင် နေပြည်တော်၌ကျင်းပရာ စုစုပေါင်းအလှူငွေကျပ် ၁၀ ဒသမ ၅ ဘီလီယံကျော် လက်ခံရရှိခဲ့သည်။ စက်တင်ဘာ ၂၁ ရက်က ကျင်းပခဲ့သည့် ပထမအကြိမ် အလှူငွေများပေးအပ်လှူဒါန်းပွဲတွင်လည်း အလှူငွေစုစုပေါင်း ကျပ် ၃၂ ဒသမ ၂ ဘီလီယံကျော်ကို လက်ခံရရှိ ခဲ့ရာ စေတနာရှင်၊ အလှူရှင်များ၏ စေတနာသဒ္ဓါ ထက်သန်မှုမှာ ဝမ်းမြောက်ဝမ်းသာ အနုမောဒနာ သာဓုခေါ်ဖွယ်ရာပင်ဖြစ်သည်။
အလှူငွေများ ဒုတိယအကြိမ် ပေးအပ်လှူဒါန်းပွဲတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အလှူငွေများလက်ခံပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ရာ “ပျက်စီးခဲ့ရသည့် စိုက်ပျိုးမြေများ၌လည်း သင့်လျော်သည့် သီးနှံများကို ပြန်လည်စိုက်ပျိုးနိုင်ရန်လိုကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများအတွက် လိုအပ်သည့် အရင်းအနှီးများကို နိုင်ငံတော်မှဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ တက်ရောက်လာကြသည့် လုပ်ငန်းရှင်များအနေဖြင့်လည်း တတ်နိုင်သည့်ဘက်မှ ဝင်ရောက်ရင်းနှီး မြှုပ်နှံမှုများကို ဆောင်ရွက်ပေးကြရန် မေတ္တာရပ်ခံလိုပါကြောင်း၊ ထိုသို့ ဆောင်ရွက်မည်ဆိုပါက ထိခိုက်ခဲ့ရသည့် စိုက်ပျိုးရေးလုပ်ငန်းများ ပြန်လည်လည်ပတ်နိုင်မည်ဖြစ်သကဲ့သို့ ကုန်ထုတ်လုပ်မှုများကိုလည်း ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ မွေးမြူရေးလုပ်ငန်းများကိုလည်း အလားတူ ဆောင်ရွက်ပေးနိုင်ရေး စဉ်းစားပေးကြရန်လိုကြောင်း” ထည့်သွင်း ပြောကြားခဲ့သည်။
နေပြည်တော်ကောင်စီနယ်မြေအပါအဝင် ရေကြီးရေလျှံမှု ဘေးဒဏ်ခံစားခဲ့ရသည့် ဒေသအများစုမှာ စိုက်ပျိုးရေးဖြင့် အဓိကအသက်မွေးဝမ်းကျောင်းပြုကြပြီး တစ်ပိုင်တစ်နိုင်မွေးမြူရေးနှင့် စီးပွားဖြစ် မွေးမြူရေးအချို့လည်း ရှိကြသည်။ စပါး၊ ပဲ၊ ပြောင်း၊ ကြံ၊ ကြက်သွန်၊ ငရုတ်၊ ဖရဲ၊ သခွားမွှေး၊ ပန်းဂေါ်ဖီ၊ ဂေါ်ဖီ ထုပ်၊ မုန်လာ စသည်ဖြင့် စားသုံးသီးနှံ၊ ဆီထွက်သီးနှံ၊ မီးဖိုချောင်သုံးသီးနှံ၊ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ၊ ပန်းမန်များ စိုက်ပျိုးထုတ်လုပ်ရာ ဒေသကြီးများဖြစ်သည်။ နွား၊ ဆိတ်၊ ကြက်၊ ဝက် စသည်တို့ကိုလည်း စိုက်ပျိုးရေးနှင့်အတူ တွဲဖက်မွေးမြူကြပြီး မွေးမြူရေးခြံအချို့လည်းရှိသည်။ နာရီပေါင်းများစွာ မိုးရေချိန်လက်မများစွာရွာသွန်းပြီး တောင်ကျရေများ ဒလဟောထိုးဆင်းကာ ရုတ်တရက်ရေကြီး ရေလျှံမှုများဖြစ်ပေါ်ချိန်တွင် ရေနှင့်အတူ ပါလာသည့် သစ်ပင်၊ သစ်ကိုင်း၊ သစ်တုံးများ၊ ရွှံ့ညွန်အနည်အနှစ်များ တိုက်စားဖုံးလွှမ်းမှု တို့ကြောင့် စပါးစိုက်ဧကပေါင်း ခုနစ်သိန်းရှစ်သောင်းကျော်၊ တိရစ္ဆာန် သေဆုံးမှုပေါင်း တစ်သိန်းရှစ်သောင်းခန့်ရှိခဲ့သည်။ ရေဘေးဒဏ်ခံခဲ့ရသည့် စိုက်ပျိုးမွေးမြူတောင်သူတို့အဖို့ လယ်ယာ ကျွဲနွား အိမ်ရာ ပစ္စည်းဥစ္စာ ဆုံးရှုံးမှုများအပြင် မိသားစုဝင်များ ဆုံးရှုံးရသူများလည်း ရှိနေရာ လုပ်ငန်းများပြန်လည်လုပ်ကိုင်နိုင်ရန်မှာ အခက်အခဲများစွာ ရှိနေမည်ဖြစ်သည်။
ရာဂီမုန်တိုင်းနှင့် ဆက်စပ်ဖြစ်ပွားခဲ့သည့် ရေဘေးအန္တရာယ်သည် ဧရိယာကျယ်ပြန့်များပြားပြီး ထိခိုက်ပျက်စီး ဆုံးရှုံးမှုကြီးမားသည်နှင့်အညီ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ကိုင်ရမည့် လုပ်ငန်းနယ်ပယ် ကျယ်ပြန့်များပြားလှသည်။ စိုက်ပျိုးရေးအဓိကဖြစ်သော မိမိတို့နိုင်ငံအဖို့ ထိခိုက်ပျက်စီးခဲ့ရသော စိုက်ပျိုးမြေများနှင့် စိုက်ပျိုးထုတ်လုပ်သူတောင်သူတို့ကို အလျင်အမြန် ပြန်လည်နာလန်ထူလာစေရန် လိုအပ်သမျှကို အဘက်ဘက်မှ အားဖြည့်ကူညီ ပေးမှသာလျှင် နိုင်ငံ့စီးပွားလျော့နည်းကျဆင်းမှုအပေါ် ကုစားနိုင်မည်ဖြစ်သည်။ ပျက်စီးသွားသည့် လယ်မြေ ယာမြေများ အလျင်အမြန် ပြန်လည်ပြုပြင်ရေး၊ သီးနှံမျိုးစေ့ မျိုးကောင်း မျိုးသန့်များ ရရှိရေး၊ စိုက်ပျိုးရေများ အချိန်မီရရှိရေး၊ ခေတ်မီစိုက်ပျိုး ရေးနည်းပညာများ ရရှိရေးတို့အတွက် ရင်းနှီးမြှုပ်နှံ၍ ပြည်တွင်း ပြည်ပ ဈေးကွက်များနှင့် ချိတ်ဆက်ဆောင်ရွက်ခြင်းဖြင့် ရေဘေး သင့်တောင်သူများ၊ ဝင်ရောက်ရင်းနှီးမြှုပ်နှံသူလုပ်ငန်းရှင်များ နှစ်ဦး နှစ်ဝ အကျိုးဖြစ်ထွန်းကြစေရေး စဉ်းစားဆောင်ရွက်နိုင်ကြ ပါစေကြောင်း။
မြန်မာ့အလင်း