ဘေရွတ်၊ စက်တင်ဘာ ၃၀
လက်ဘနွန်တောင်ပိုင်း ရာရှီ ဒီယာ့ရှ် ဒုက္ခသည်စခန်းအလယ်ရှိ ဟားမားစ်ခေါင်းဆောင်၏ နေအိမ်ကို စက်တင်ဘာ ၃၀ ရက် နံနက် အစောပိုင်းက အစ္စရေးတို့ ဝင်ရောက်စီးနင်းမှုအတွင်း ဟားမားစ်အဖွဲ့ ခေါင်းဆောင် ဖာတာ ရှာရစ်ဖ် ၊ ၎င်း၏ဇနီးနှင့် သားနှစ်ဦးတို့ သေဆုံးသွားကြောင်း လက်ဘနွန်သတင်း ရင်းမြစ်များက ပြောကြားသည်။
တုရုမြို့အနီးရှိ အဆိုပါ ပါလက်စတိုင်းဒုက္ခသည်စခန်းကို အစ္စရေးက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ကြောင်း၊ ယင်းသည် လက်ဘနွန်နိုင်ငံအား တိုက်ခိုက်မှုစတင်ချိန်မှစ၍ ဒုက္ခသည်စခန်းကို ပထမဆုံးအကြိမ် ပစ်မှတ်ထားတိုက်ခိုက်ခြင်းဖြစ်ကြောင်း လက်ဘနွန် အမျိုးသား သတင်းအေဂျင်စီ၏ ကနဦးသတင်းတွင် ဖော်ပြသည်။
ဖာတာရှာရစ်ဖ်သည် ပါလက်စတိုင်း ပြည်သူများအတွက် တစ်သက်တာ တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့ပြီး ကျဆုံး လေပြီးသော ခေါင်းဆောင်များ၊ အာဇာနည်များနှင့်အတူ ပူးပေါင်း သွားပြီဖြစ်ကြောင်း ဟားမားစ် အဖွဲ့က အတည်ပြုထုတ်ပြန်သည်။
စက်တင်ဘာ ၂၉ ရက်က လက်ဘနွန်မြို့တော် ဘေရွတ်၏ ဆင်ခြေဖုံးရပ်ကွက်နှင့် လက်ဘနွန် တောင်ပိုင်းတို့ရှိ ဟစ်ဇ်ဘိုလာ ပစ်မှတ် ၄၅ ခုနှင့် လက်နက်သိုလှောင်ရုံများကို ပစ်မှတ်ထားကာ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း အစ္စရေးတပ်ဖွဲ့ က ပြောကြားသည်။ ဂါဇာကမ်းမြောင်မှ မြောက်ဘက်သို့ စစ်ဘက်မျက်နှာစာ ရွှေ့ဆိုင်းလိုက်ကြောင်း ကြေညာလိုက်ပြီးနောက် ဟစ်ဇ်ဘိုလာနှင့် အစ္စရေးတို့ကြား ထိပ်တိုက်ရင်ဆိုင်မှုများ သိသိသာသာ တိုးလာခဲ့သည်။
ဆင်ဟွာ၊ အင်န်အိတ်ချ်ကေ