ရေဘေးနောက်ဆက်တွဲ ကျန်းမာရေးပြဿနာ
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားမှုများသော မြို့နယ် ၃၅ မြို့နယ်မှ ရောဂါဖြစ်ပွားနိုင်ခြေရှိသော နေရာများတွင် နေထိုင်လျက်ရှိသည့် အသက်တစ်နှစ်အထက် ပြည်သူများကို ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ တုံ့ပြန်ကာကွယ်ဆေး (OCV) စတင်တိုက်ကျွေးလျက်ရှိပြီး ဆက်လက်၍ ပြင်းထန် ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားနိုင်ခြေရှိသည့် အခြားတိုင်းဒေသကြီး၊ ပြည်နယ်များရှိ ပြည်သူလူထုအား တိုက်ကျွေးနိုင်ရန် ဆောင်ရွက်လျက် ရှိသည်ဟု သိရသည်။
ယခုနှစ် မိုးဦးကျကာလ ဇွန်လဆန်းပိုင်းက ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့တွင် ဝမ်းပျက်ဝမ်းလျှောရောဂါ စတင်ဖြစ်ပွားခဲ့ပြီး ဇူလိုင်လတွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကူးစက်မှု ဖြစ်ပွားခဲ့ခြင်းကြောင့် ရောဂါကုသမှုနှင့် ကာကွယ်ထိန်းချုပ်မှုတို့ကို သက်ဆိုင်ရာက ဆောင်ရွက်ခဲ့ရသည်။ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါသည် ဝမ်းရောဂါကို ဖြစ်ပွားစေသည့် ကာလဝမ်းရောဂါပိုးအပါအဝင် ဗက်တီးရီးယားပိုး၊ ဗိုင်းရပ်စ်ပိုးနှင့် ကပ်ပါးပိုးများ အစာအိမ်နှင့် အူလမ်းကြောင်းအတွင်းသို့ ရောက်ရှိသွားခြင်းကြောင့်ဖြစ်ပွားရခြင်းဖြစ်သည်။ အဆိုပါ ရောဂါပိုးများသည် ယင်နားစာကဲ့သို့သော မသန့်ရှင်းသည့် အစားအစာများကို စားသုံးမိခြင်း၊ မသန့်ရှင်းသော ရေကိုသောက်မိခြင်း၊ အစာမစားမီ လက်ကိုစင်ကြယ်စွာမဆေးခြင်း၊ အိမ်သာတက်ပြီး လက်မဆေးခြင်း၊ ပတ်ဝန်းကျင်သန့်ရှင်းမှုနှင့် တစ်ကိုယ်ရေသန့်ရှင်းမှုတို့ အားနည်းခြင်း၊ ယင်လုံအိမ်သာ ဆောက်လုပ်သုံးစွဲမှု အားနည်းခြင်းတို့ကြောင့် ကူးစက်ပြီး ကာလ ဝမ်းရောဂါကို ဖြစ်ပွားစေသည်။
ပြီးခဲ့သည့် ရက်သတ္တပတ်များအတွင်း မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် မိမိတို့နိုင်ငံတွင် မြို့နယ်ပေါင်း ၃၃၀ ရှိသည့်အနက် ၅၄ မြို့နယ်တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့သည်။ ရေကြီး ရေလျှံမှုဖြစ်ပွားသည့် ဒေသများတွင် အများသုံးစွဲသည့် ရေတွင်း၊ ရေကန်စသည့် ရေအရင်းအမြစ်များ၊ မိလ္လာတွင်း၊ မိလ္လာကန်များ၊ တိရစ္ဆာန်အသေကောင်များ၊ အမှိုက်များနှင့် အန္တရာယ်ရှိ စွန့်ပစ် ပစ္စည်းများ စသည်တို့အားလုံး ရေဖုံးလွှမ်းရောနှောစီးဆင်းလျက် ရှိခြင်းကြောင့် ပတ်ဝန်းကျင် ညစ်ညမ်းမှု ဖြစ်ပေါ်လျက်ရှိရာ ဝမ်းပျက်ဝမ်းလျှောရောဂါ အပါအဝင် ကူးစက်ရောဂါများ ဖြစ်ပွား နိုင်သည့် အခြေအနေတွင် ရောက်ရှိနေခြင်းဖြစ်သည်။ သို့ဖြစ်ရာ ရေကြီးရေလျှံဖြစ်ပေါ်ပြီးနောက် မသန့်ရှင်းသော ရေအရင်းအမြစ်များကို မသုံးစွဲရန်နှင့် ရေစိုပြီး အနံ့အသက်မကောင်းသော အစား အစာတို့ကို မစားရန် သတိပေးထားခြင်းဖြစ်သည်။
လက်ရှိအခြေအနေတွင် ရေပြန်လည်ကျဆင်းသွားပြီဖြစ်သည့် ကျေးရွာရပ်ကွက်များတွင် အပျက်အစီးများနှင့် အမှိုက်သရိုက်များ၊ ရွှံ့ညွန်များကို ဖယ်ရှားရှင်းလင်းမှုများ ပြုလုပ်နေကြပြီး ရေမကျသေးသည့် နေရာများ၊ ရေဝပ်ကျန်ခဲ့သည့် ရပ်ကွက်၊ ကျေးရွာအစိတ်အပိုင်းများ ကျန်ရှိနေခြင်းကြောင့် ရေဘေးရှောင်စခန်းများ၌ ဆက်လက်ခိုလှုံနေရသည့် မိသားစုများ ကျန်ရှိနေကြရာ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာများ ဖြစ်ပွားမှုမရှိစေရန် ဂရုပြုကြရမည် ဖြစ်သည်။ ယာယီကယ်ဆယ်ရေးစခန်းများ၌ ခိုလှုံနေထိုင်ကြရစဉ်အတွင်း သွေးတိုး၊ နှလုံး၊ ဆီးချို စသည့် နာတာရှည်ရောဂါခံစားနေရသူများ၊ ပုံမှန်ဆေးသောက်နေကြရ သူများ ဆေးပြတ်လပ်မှု မရှိစေရန်နှင့် ဆေးကုသမှုခံယူနိုင်ရန် ဆောင်ရွက်ခြင်း၊ ဝမ်းပျက်ဝမ်းလျှော၊ ကာလဝမ်း၊ အစာအဆိပ် သင့်၊ တီဘီ၊ အသက်ရှူလမ်းကြောင်း ကူးစက်ရောဂါ၊ ဝက်သက်၊ အရေပြားယားနာ၊ ငှက်ဖျား၊ သွေးလွန်တုပ်ကွေး စသည့် ကူးစက် ရောဂါများ ကူးစက်ပျံ့နှံ့မှု မဖြစ်စေရန် ဆောင်ရွက်ခြင်း၊ မိမိတို့ ကြုံတွေ့ခဲ့ရသည့် သဘာဝဘေးအန္တရာယ်နှင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုတို့ကြောင့် စိတ်ကျရောဂါကဲ့သို့သော စိတ်ကျန်းမာရေးပြဿနာများ ခံစားရခြင်းအပေါ် သင့်တင့် လျောက်ပတ်စွာ ဖြေသိမ့်ခြင်းနှင့် ကြံ့ခိုင်သည့် စိတ်ဓာတ်ဆောက်တည်ခြင်း စသည်တို့ လိုအပ်သည်။
သို့ဖြစ်ရာ ရေဘေးကြောင့် ပတ်ဝန်းကျင်ညစ်ညမ်းသည့် အခြေအနေ၊ လူအများ စုဝေးနေထိုင်ရသည့် အခြေအနေတို့တွင် ဖြစ်ပေါ်လာနိုင်သည့် ကျန်းမာရေးပြဿနာများကို ဂရုပြုနေထိုင် စားသောက်ကြရန်နှင့် ဝမ်းပျက်ဝမ်းလျှောရောဂါ၊ ကာလဝမ်း ရောဂါတို့ မဖြစ်ပွားစေရန် နေမှု၊ စားမှု အရာရာ၌ ဂရုပြုကြရန် အကျိုးမျှော်၍ နှိုးဆော်အပ်ပါကြောင်း။
မြန်မာ့အလင်း