Yin Latt 11/23/2024p
ရှေးဟောင်း ယဉ်ကျေးမှုဒေသမြို့တော် ပုဂံဒေသဆီ လည်ပတ်ကြမယ်
ယဉ်လာဒ်
ခရီးသွား ပွင့်လင်းရာသီကာလကို ရောက်ရှိလာခဲ့ပါပြီ။ ဆောင်းရာသီကာလကိုလည်း ရောက်ရှိ လာတာမို့ အခုချိန် ကာလမှာ ခရီးသွားလို့ ကောင်းတဲ့နေရာတွေကတော့ ပုဂံ၊ ပုပ္ပါး၊ ကလော၊ ဘားအံ၊ ငွေဆောင်၊ ချောင်းသာဘက်ကို သွားရောက်လည်ပတ်သင့်တဲ့ အချိန်ဖြစ်ပါတယ်။ ဒီခရီးစဉ် တွေထဲကမှ ပထမဆုံး ပုဂံ- ပုပ္ပါးခရီးစဉ်ကို ဒီတစ်ပတ်ရဲ့ခရီးသွားလမ်းညွန် အနေနဲ့ ဖော်ပြ ပေးချင်ပါတယ်။
ရှမ်းပြည်အလှလိုမျိုး ခံစားရနိုင်တဲ့ တောင်ပေါ်တောင်ရွာရဲ့အလှအပတွေက ရေပန်းစားနေတာမို့ ပုဂံ ခရီးစဉ်နဲ့တွဲဖက်ပြီး ခရီးသွားကုမ္ပဏီတွေက အပတ်စဉ်ရောင်းချပေးနေတာကို တွေ့မြင်လာရ ပါတယ်။
“အခုချိန်ကတော့ ပုဂံဆိုရင် တောင်ပေါ်ရွာခရီးစဉ်ပါလား။ မပါရင် မလိုက်ကြဘူး။ ဧည့်သည် ၇၀ ရာခိုင်နှုန်း လောက်က ဒီခရီးစဉ်ပါမှ လိုက်ကြပါတယ်။ သောကြာနေ့တိုင်း အပတ်စဉ်ထွက်ရှိပြီး အများဆုံး ကား ၇ စီးလောက်ထိ ပုဂံခရီးကို ပို့ဆောင်နေရပါတယ်” လို့ The Unlock Travels & Tour က တာဝန်ရှိသူ က စာရေးသူ ကို ပြောပြ ပါတယ်။
တောင်ပေါ်တောင်ရွာရဲ့ တောင်နေကြာစိုက်ခင်းအများအပြား ရှိတဲ့ နိုဝင်ဘာလ၊ ဒီဇင်ဘာလနဲ့ ဇန်နဝါရီလတွေမှာ သွားရောက်လည်ပတ်သင့်ပါတယ်။ ဆောင်းရာသီ ကာလဖြစ်တာမို့ တိမ်မြူ ခိုးတွေနဲ့ လှပတာကြောင့် ခရီးသွား တွေရဲ့စိတ်ဝင်စားတဲ့ ခရီးစဉ်ဒေသ တစ်ခု ဖြစ်လာခဲ့ပါတယ်။
ခရီးစဉ်အားဖြင့် စျေးနှုန်းလည်း သင့်တင့်ပြီး သုံးညအိပ် လေးရက်ကို တည်းခို စားငြိမ်းအပြီးအစီး တစ်ယောက်ကို ၂၃၀၀၀၀ ကျပ် ဖြစ်တာမို့ အခုဆိုရင် ခရီးသွားကြတဲ့သူတွေဟာ Packge Tour တွေနဲ့ အများဆုံး သွားရောက် လည်ပတ်လာကြတာကို တွေ့လာရပါတယ်။
ဒါ့အပြင် ခရီးသွားတွေ အများဆုံးသွားရောက်လည်ပတ်ကြတဲ့ ပုဂံရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်ဒေသတစ်ခုလုံးကို အပေါ်စီးကနေ မြင်တွေ့နိုင်တဲ့ နန်းမြင့်မျှော်စင်ကိုလည်း ခရီးသွား တွေတခုတ်တရနဲ့ သွားရောက်လည်ပတ်ကြပါတယ်။ ရှေးဟောင်းယဉ်ကျေးမှုဒေသရဲ့ အမြင့်ဆုံး စေတီတော်ဖြစ်တဲ့ သဗ္ဗညုဘုရား ဉာဏ်တော်ထက် သုံးပေသာ နိမ့်တာမို့ ပုဂံဒေသရှုခင်းတစ်ခုလုံးကို မြင်တွေရနိုင်တဲ့ တစ်ခုတည်းသောနေရာ ဖြစ်ပါတယ်။
ပုဂံကို ရောက်ပြီဆိုရင် အများစု သွားရောက်လည်ပတ်ကြတဲ့ နန်းမြင့်မျှော်စင်ဆီကို သွားရောက် လည်ပတ် ကြပါတယ်။ ဒီမျှော်စင်ကို လာရောက်လည်ပတ်တဲ့ ပြည်တွင်းခရီးသွားတစ်ဦးကို ဝင်ကြေး ကျပ် ၃၀၀၀ နှင့် နိုင်ငံခြားသားဧည့်သည်ဆိုပါက တစ်ဦးကို ဝင် ကြေး ၅ ဒေါ်လာ ကောက်ခံပါတယ်။
ဒါ့ပြင် အများသူငှာ လာရောက်လေ့လာနိုင်ရန်အတွက် ပုဂံရှေးဟောင်း သုတေသနပြတိုက်ကို တနင်္လာနေ့ကနေ အများပြည်သူ ရုံးပိတ်ရက်များကလွဲပြီး နေ့စဉ်နံနက် ၉ နာရီခွဲကနေ ညနေ ၄ နာရီခွဲ အထိ ဖွင့်လှစ်ထားပြီး ပြတိုက်ဝင်ကြေးအနေနဲ့ပြည်တွင်း ခရီးသွားတစ်ဦးကို ကျပ် ၁၀၀၀၊ နိုင်ငံခြားသားတစ်ဦးကို ဝင်ကြေး ၁၀၀၀၀ ကျပ် ကောက်ခံတယ်လို့ သိရပါတယ်။
ပုဂံဒေသဟာ ယူနက်စကိုကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဒေသတစ်ခုဖြစ်ပြီး ရှေးဟောင်းအမွေ အနှစ်တွေနဲ့ စိတ်ဝင်စားစရာနေရာတွေအများအပြားတည်ရှိနေတဲ့ ခရီးစဉ်ဒေသ တစ်ခုဖြစ်တယ် ဆိုတာ အားလုံးသိရှိပြီးလည်း ဖြစ်ပါတယ်။
ခရီးသွား ဧည့်သည်တွေရဲ့ခရီးစဉ်ပုံစံ အကြိုက်ကို ရွေးချယ်ပြီး အခုဆိုရင် ခရီးသွား ကုမ္ပဏီ တွေက ရောင်းချလာခဲ့ကြတာကို တွေ့ရှိလာရပါတယ်။ တချို့ကတော့ ပုဂံတစ်ခွင် ခြေတော်ရာရှာ ခရီးစဉ် တွေ၊ တချို့ကတော့ ပုဂံဒေသရဲ့ နံရံဆေးရေးပန်းချီတွေကို လေ့လာကြပါတယ်။ မည်သို့ပင်ဆိုစေ ပုဂံ ရှေးဟောင်း ယဉ်ကျေးမှုဒေသကို ခရီးသွားဧည့်သည်တွေက ရာသီမရွေးလာရောက်လည်ပတ် လျက်ရှိကြပါတယ်။
ဒါ့ပြင် ပုဂံရှေးဟောင်း ယဉ်ကျေးမှုဒေသကို ဒီနှစ်ရဲ့ ၇ လတာကာလအတွင်းမှာ နိုင်ငံခြားသား ခရီးသွားဧည့်သည် ၁၇၇၄ ဦး ဝင်ရောက်ခဲ့တယ်လို့ ရှေးဟောင်းသုတေသနနဲ့ အမျိုးသားပြတိုက် ဦးစီးဌာန (ပုဂံဌာနခွဲ) မှ တာဝန်ရှိသူ ထံမှသိရပါတယ်။
အများစုကတော့ ဓာတ်ပုံအသားပေးရိုက်ကူးလို့ရတဲ့နေရာတွေကို ပို့ဆောင်ပေးလာပြီး ခရီးသွား ဧည့်သည် တွေကို ဆွဲဆောင်လာခဲ့ကြပါတယ်။
မြန်မာပြည် အနှံအပြားမှာ လှပလွန်းတဲ့ နေရာတွေများစွာရှိပါတယ်။ ဒေသခံတွေရဲ့ ပွင့်လင်း ရိုးသားမှုတွေ၊ ရိုးရာဓလေ့ထုံးစံအလှ၊ ယုံကြည်ကိုးကွယ်ရာအလှ၊ တောတောင်သဘာဝအလှ၊ အနုပညာသုခုမအလှ၊ အနုပညာရုပ်ဝတ္ထုတည်ဆောက်မှုအလှ၊ တိုင်းရင်းသားတို့ရဲ့ စုစည်းညီညွတ်မှု အလှတွေကို မြင်တွေ့နိင်စေပါတယ်။ မြန်မာပြည်ဟာ ကမ္ဘာပေါ်မှာ ဒြပ်ရှိ၊ ဒြပ်မဲ့ယဉ်ကျေးမှုတွေနဲ့ ပြည့်စုံလှပတဲ့ နိုင်ငံတစ်ခုပါပဲ လို့ ခရီးသွားကုမ္မဏီ တစ်ခုရဲ့ တာဝန်ရှိသူက ဆိုပါတယ် ။
ဒါကြောင့်မို့ ဆောင်းရာသီကာလ အေးအေးချမ်းချမ်းသွားရောက် လည်ပတ်နိုင်မယ့် ပုဂံနဲ့ ပုပ္ပါးခရီးစဉ်ဒေသကို ဒီတစ်ပတ်ဖော်ပြလိုက်ရပါတယ်။
- Log in to post comments