ဝါရှင်တန်၊ စက်တင်ဘာ ၃၀
အရှေ့အလယ်ပိုင်းတွင် စစ်ပွဲဖြစ်ပွားမှုကို ရှောင်ရှားရမည်ဖြစ်ကြောင်း၊ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က အလေးအနက်ထားပြောလိုက်ကြောင်း၊ ထို့အပြင် ၎င်းကအစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု နှင့်လည်း စကားပြောဆိုသွားမည်ဖြစ်ကြောင်း အင်န်အိတ်ချ်ကေသတင်းတွင် ဖော်ပြသည်။
တနင်္ဂနွေနေ့က အရှေ့အလယ်ပိုင်းတွင် စစ်ပွဲဖြစ်ပွားမှုကို ရှောင်ရှားနိုင်မည်လားဆိုသည့် သတင်းထောက်များ၏ မေးမြန်းမှုကို သမ္မတ ဂျိုးဘိုင်ဒင်က အမှန်တကယ်ရှောင်ရှားရမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။ အစ္စရေးနှင့် လက်ဘနွန်အခြေစိုက် ဟစ်ဇ်ဘိုလာတို့ကြား တင်းမာမှုမြင့်တက်လာချိန်တွင် သမ္မတဂျိုးဘိုင်ဒင်၏ အဆိုပါမှတ်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။
လက်ဘနွန်သို့ မြေပြင်မှဝင်ရောက်ကျူးကျော်နိုင်ခြေနှင့်ပတ်သက်ပြီး အစ္စရေးက အရိပ်အမြွက် ပြောကြားလိုက်ပြီးနောက် စိုးရိမ်မှုများ မြင့်တက်လျက်ရှိသည်။ အိမ်ဖြူတော်အမျိုးသားလုံခြုံရေးဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီသည် တနင်္ဂနွေနေ့က ABC News အစီအစဉ်၌ ပြောကြားရာတွင် အစ္စရေးတပ်မတော်၏ တိုက်ခိုက်မှုများ ဆက်တိုက်ဖြစ်ပွားပြီးနောက် ဟစ်ဇ်ဘိုလာ၏ အခြေအနေကို ရည်ညွှန်းပြောကြားခဲ့သည်။
၎င်းက ဟစ်ဇ်ဘိုလာ၏ ကွပ်ကဲမှုဖွဲ့စည်းပုံသည် ပျက်စီးလုနီးပါးဖြစ်နေကြောင်း၊ လွန်ခဲ့သော ရက် အနည်းငယ်အတွင်း အစ္စရေးတပ်မတော်က ဒုံးကျည်နှင့် ဒရုန်းထောင်ချီကို ဖျက်ဆီးနိုင်ခဲ့ကြောင်း ပြောသည်။ ထို့ပြင် ယနေ့ဟစ်ဇ်ဘိုလာသည် လွန်ခဲ့သော သီတင်းပတ်က ဟစ်ဇ်ဘိုလာ မဟုတ်ဘူးဆိုတာ မေးခွန်းထုတ်စရာ မရှိကြောင်း ၎င်းက ဆက်ပြောသည်။
ဟစ်ဇ်ဘိုလာကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ခေါ်ဆိုကာ အစ္စရေးသည် ၎င်း၏ ပြည်သူ၊ နယ်မြေနှင့် အချုပ်အခြာအာဏာခြိမ်းခြောက်မှုကို သုတ်သင်ဖယ်ရှားရှင်းလင်းရန် အခွင့်အရေးနှင့် တာဝန်ရှိကြောင်း ဂျွန်ကာဘီက ပြောသည်။
အင်န်အိတ်ချ်ကေ