၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ တတိယ(၁၀)ရက်ပတ်အတွက် မိုးလေ၀သနှင့် ဇလဗေဒခန့်မှန်းချက်
၁။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် လေဖိအားနည်းရပ်ဝန်း (၁)ကြိမ် ဖြစ်ပေါ်နိုင်ပြီး၊ ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ပါသည်။ အနောက်တောင် မုတ်သုံလေသည် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက်နေ့မှ ၃၀ ရက်နေ့အတွင်း မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများမှ ဆုတ်ခွာသွားဖွယ်ရာရှိပါသည်။ အနောက်တောင်မုတ်သုံလေသည် ကပ္ပလီ ပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် အားအနည်းငယ်မှ အားအသင့်အတင့် ရှိနိုင်ပါသည်။
မိုးအခြေအနေနှင့် မိုးရွာရက်
၂။ မိုးရွာသွန်းမှုအခြေအနေမှာ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ရွာသွန်းမြဲထက်ပိုနိုင်ပြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် အရှေ့ပိုင်း)နှင့် ချင်းပြည်နယ်တို့တွင် ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်ပါသည်။
၃။ နေပြည်တော်၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ၇ ရက်မှ ၉ ရက်ခန့်နှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် အရှေ့ပိုင်း)၊ ချင်းပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် ၄ ရက်မှ ၆ ရက်ခန့် မိုးထစ်ချုန်းရွာနိုင်ပါသည်။
မြစ်ရေအခြေအနေ
၄။ ဧရာ၀တီမြစ်ရေသည် မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့၊ ရွှေကူမြို့၊ ကသာမြို့၊ သပိတ်ကျင်းမြို့၊ မန္တလေးမြို့နှင့် စစ်ကိုင်းမြို့တို့တွင် ၁ ပေခွဲမှ ၃ ပေခန့်နှင့် မြင်းမူမြို့၊ ပခုက္ကူမြို့၊ ညောင်ဦးမြို့၊ ချောက်မြို့၊ မင်းဘူးမြို့၊ မကွေးမြို့၊ အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နှင့် ဇလွန်မြို့ တို့တွင် ပေဝက်မှ ၁ ပေခန့် လက်ရှိရေမှတ်များအထက် မြင့်တက်လာနိုင်ပါသည်။
၅။ ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့၊ ဟုမ္မလင်းမြို့နှင့် ဖောင်းပြင်မြို့တို့တွင် ၂ ပေမှ ၃ ပေခန့်နှင့် မော်လိုက်မြို့၊ ကလေး၀မြို့၊ မင်းကင်းမြို့၊ ကနီမြို့နှင့် မုံရွာမြို့တို့တွင် ပေဝက်မှ ၁ ပေခန့် လက်ရှိ ရေမှတ်များအထက် မြင့်တက်လာနိုင်ပါသည်။
၆။ မြစ်သာမြစ်ရေသည် ကလေးမြို့တွင် ၁ ပေခွဲခန့်၊ ဒုဋ္ဌဝတီမြစ်ရေသည် သီပေါမြို့၊ ရွှေစာရံနှင့် မြစ်ငယ်မြို့တို့တွင် ပေဝက်မှ ၁ ပေခန့်၊ စစ်တောင်းမြစ်ရေသည် တောင်ငူမြို့နှင့် မဒေါက်မြို့တို့တွင် ပေဝက်မှ ၁ ပေခန့်၊ ရွှေကျင်မြစ်ရေသည် ရွှေကျင်မြို့တွင် ၁ ပေခန့်၊ ပဲခူးမြစ်ရေသည် ဇောင်းတူမြို့နှင့် ပဲခူးမြို့တို့တွင် ၂ ပေမှ ၄ ပေခန့်၊ သံလွင်မြစ်ရေသည် ဘားအံမြို့တွင် ၁ ပေခန့်၊ သောင်ရင်းမြစ်ရေသည် မြဝတီမြို့တွင် ၄ ပေခန့်၊ ငဝန်မြစ်ရေသည် ငါးသိုင်းချောင်းမြို့၊ သာပေါင်းမြို့နှင့် ပုသိမ်မြို့တို့တွင် ပေဝက်မှ ၁ ပေခန့်၊ တိုးမြစ်ရေသည် မအူပင်မြို့တွင် ပေဝက်ခန့်နှင့် ဘီးလင်းမြစ်ရေသည် ဘီးလင်းမြို့တွင် ၂ ပေခန့် လက်ရှိရေမှတ်များအထက် မြင့်တက်လာနိုင်ပါသည်။
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန