ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အမြန်ဆုံးကြိုးပမ်းဆောင်ရွက်သွားမည်

 
 
မိဘပြည်သူများသို့ နိုင်ငံတော်သမ္မတပြောကြားသည့် ရေဒီယိုမိန့်ခွန်း ၆-၈-၂၀၁၅
 
 
မိဘပြည်သူများခင်ဗျား
 
 
ကျွန်တော်တို့နိုင်ငံမှာ ပြီးခဲ့တဲ့ဇူလိုင်လ ဒုတိယပတ်အတွင်းမှစပြီး အဆက်မပြတ်မိုးသည်းထန်စွာရွာသွန်းမှုကြောင့်ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ မကွေးတိုင်းနှင့်စစ်ကိုင်းတိုင်းတို့မှာ မကြုံစဖူး ရေကြီးနစ်မြုပ်မှု၊ မြေပြိုမှု၊ အိုးအိမ်များပြိုကျပျက်စီးမှု၊ လယ်ယာမြေများ ရေနစ်မြုပ်မှု၊ ကျွဲနွားတိရစ္ဆာန် များသေဆုံးမှုတို့ဖြစ်ပေါ်ပြီး ပြည်သူအများအပြား အသက် အိုးအိမ်စည်းစိမ် ဥစ္စာ ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ကြရပါတယ်။
 
 
မိုးအဆက်မပြတ် သည်းထန်စွာရွာသွန်းနေချိန်နှင့် တစ်ပြိုင်တည်းမှာပဲ ရခိုင်ပြည်နယ်အနောက်ဘက် ဘင်္ဂလားပင်လယ်မှာ ကိုမာခေါ်တဲ့ ဆိုင် ကလုန်းမုန်တိုင်းတစ်ခုဖြစ်ပေါ်ခဲ့တဲ့အတွက် ပိုမိုမိုးရွာသွန်းမှုနှင့် လေပြင်း များ တိုက်ခတ်မှုဒဏ်ကိုပါ ရခိုင်ပြည်နယ်အတွင်းရှိ မြို့အများအပြား ကြုံတွေ့ ကြရပါတယ်။ ဤကဲ့သို့ မကြုံစဖူး ထူးကဲတဲ့သဘာဝဘေးဒဏ်နဲ့ ကြုံတွေ့ရတဲ့ ဒေသခံ ပြည်သူတွေဟာ ပစ္စည်းဥစ္စာများကိုစွန့်ပစ်ခဲ့ရပြီး မိမိတို့ သားသမီးများနဲ့ မိအိုဖအိုများကိုချီပိုးကာ ဘေးလွတ်ရာဒေသများဆီသို့ အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ ထွက်ပြေးတိမ်ရှောင်ခဲ့ကြရပါတယ်။ ထိခိုက်မှုအခံရဆုံး မြို့နယ် များကတော့ မိုးကောင်းမြို့နယ်၊ ကောလင်း၊ ဝန်းသိုမြို့နယ်၊ ကလေးမြို့နယ်၊ ချင်းပြည်နယ်ရှိ မြို့နယ်အများစု၊ ရခိုင်ပြည်နယ်မှ မြို့နယ်အများစုတို့နဲ့ မကွေးတိုင်းဒေသကြီးမှ ပွင့်ဖြူနှင့် စလင်းမြို့နယ်တို့ ဖြစ်ကြပါတယ်။
 
 
ထွက်ပြေးတိမ်းရှောင်လာကြတဲ့ရေဘေးသင့်ပြည်သူများနဲ့ တချို့ခက်ခဲစွာ ကယ်တင်လာခဲ့ကြရတဲ့သူများအား ဒေသခံပြည်သူများအနေနဲ့သက်ဆိုင်ရာ မြို့နယ်အတွင်းရှိ လုံခြုံစိတ်ချရသည့်နေရာများမှာ ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ပြီး အသက်ရှင် ရပ်တည်နိုင်ရေးအတွက် စာနာစိတ်အပြည့်နဲ့ ကယ်တင်စောင့်ရှောက်ထားခဲ့ကြရာ ယနေ့အထိ တစ်နိုင်ငံလုံး ရေဘေး သင့်အိမ်ထောင်စုပေါင်း နှစ်သိန်းသုံးသောင်း ခုနစ်ထောင်ကျော် ရှိပါတယ်။
 
 
၎င်းတို့အတွက် နေ့စဉ်ကျွေးမွေးမှု၊ အဝတ်အထည်အသုံးအဆောင်ပစ္စည်း များဝေငှပေးမှုနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတို့ကို ဒေသခံပြည်သူများ၊ မြို့အကျိုးဆောင်အဖွဲ့များ၊ စည်ပင်သာယာအဖွဲ့များ၊ ကြက်ခြေနီ၊ မီးသတ်၊ တပ်မတော်၊ ရဲတပ်ဖွဲ့နဲ့ အစိုးရဝန်ထမ်းများမှ ကနဦးကူညီစောင့်ရှောက်လျက် ရှိပြီး ဤဖြစ်စဉ်များကိုသိလျှင်သိချင်း ရပ်ဝေးရပ်နီးမှ အလှူရှင်များ၊ လူမှုရေး အသင်းအဖွဲ့များ၊ ရဟန်းပုဂ္ဂိုလ်၊ လူပုဂ္ဂိုလ်များ၊NGO အဖွဲ့များ၊ အပြည်ပြည် ဆိုင်ရာသံရုံးအဖွဲ့များမှ အစားအစာ၊ အသုံးအဆောင်ပစ္စည်းများ၊ အဝတ် အထည်၊ ဆေးဝါးများကို စေတနာထက်သန်စွာ ပေးပို့လှူဒါန်းကြတဲ့အတွက် အလှူရှင်များအားလုံးကို နိုင်ငံတော်ကိုယ်စား ကျေးဇူးအထူးတင်ပါကြောင်း ပြောကြားအပ်ပါတယ်။
 
 
နိုင်ငံတော် အပိုင်းကလည်း ဘေးဒုက္ခကြုံတွေ့နေရသူများအား ကယ်ဆယ်ရေး၊ ကူညီစောင့်ရှောက်ရေးတို့ကို စနစ်တကျ စီစဉ်ဆောင်ရွက်ပေး လျက်ရှိပြီး မူလအနေအထားကို အမြန်ဆုံးပြန်လည်ရောက်ရှိအောင် ငွေအား၊ လူအား၊ ပစ္စည်းအားတို့ဖြင့် စီမံဆောင်ရွက်ပေးရန် အသင့်ပြင်ဆင်ထား ရှိပြီးဖြစ်ပါတယ်။ သဘာဝဘေးဒဏ်ကို တားဆီး၍မရနိုင်သော်လည်း ထိခိုက်ဆုံးရှုံးမှု အနည်းဆုံးဖြစ်အောင် စီမံဆောင်ရွက်မှု၊ မူလအခြေအနေသို့ အမြန်ပြန်လည်ရောက်အောင် ပြန်လည်ထူထောင်ပေးမှုတို့ကို ကိုယ်ချင်းစာနာ စိတ်၊ မျိုးချစ်စိတ်၊ တာဝန်ရှိမှု၊ တာဝန်သိမှု၊ တာဝန်ယူမှုတို့ဖြင့် ပြည်သူများနှင့် ပူးပေါင်းကာ အစွမ်းကုန်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
 
 
မိုးသည်းထန်စွာရွာသွန်းမှု၊ တောင်ကျရေများ တိုက်စားမှုတို့ကြောင့် မီးရထားလမ်းများအပါအဝင် လမ်းတံတားများပျက်စီးမှုလည်း အများအပြား ဖြစ်ပေါ်ခဲ့ပါတယ်။ လမ်းပန်းဆက်သွယ်ရေးများ ပြတ်တောက်မသွားရအောင် အမြန်ဆုံးပြန်လည်ကောင်းမွန်ရန် သက်ဆိုင်ရာဝန်ထမ်းများမှ ပြုပြင်လျက်ရှိ နေကြပါတယ်။ ရေများပြန်ကျသွားသည်နှင့်လယ်ယာမြေများ အမြန်ဆုံး ပြန်လည်စိုက်ပျိုးနိုင်ရန် ထွန်စက်များ၊ မျိုးစပါးများကိုလည်းအသင့်ပြင်ဆင်ထားရှိပြီး ဖြစ်ပါတယ်။ ရေနစ်မြုပ်မှုကြောင့် ပျက်စီးသွားသည့် အိမ်များ၊ လုံးဝ ရေမျောသွားသည့် ဆုံးရှုံးသွားတဲ့ အိမ်များအား ပြန်လည်ပြုပြင်ရန်နှင့် အသစ် ပြန်လည်ဆောက်လုပ်နိုင်ရန်အတွက်လည်း အကူအညီပေးရန်စီစဉ်ထားပြီး ဖြစ်၍ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အမြန်ဆုံး ကြိုးပမ်းဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။
 
 
ယခုအခါ အဆိုပါဒေသများမှာ မိုးရွာသွန်းမှုလျော့နည်းလာသဖြင့် ရေများ တဖြည်းဖြည်းကျဆင်းလာပြီ ဖြစ်ပါတယ်။ အချို့ရေဘေးသင့်သူများ မိမိတို့ ရပ်ကွက်၊ ကျေးရွာများသို့ပြန်ပြီး နေအိမ်များကို ပြန်လည်ပြုပြင်နေကြပြီ ဖြစ်ပါတယ်။ ၎င်းတို့အတွက် ယာယီစားသုံးနိုင်ရန် ဆန်နှင့် ထောက်ပံ့ငွေ အချို့ကိုလည်းပေးလိုက်ပြီး အချိန်အတိုင်းအတာတစ်ခုအထိ ဆန်များ ထောက်ပံ့ပေးသွားမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအလယ်ပိုင်းနှင့် အောက်ပိုင်း တို့မှာလည်း မြစ်ရေကြီးမှုများဖြစ်ပေါ်လာနေသဖြင့် ကယ်ဆယ်ရေး၊ ကူညီ ရေးလုပ်ငန်းများဆောင်ရွက်နေကြပြီ ဖြစ်ပါတယ်။ ရေတားတာတမံများ မကျိုးပေါက်စေရေးအတွက် နေ့ရောညပါ စောင့်ကြပ်ကြည့်ရှုလျက်ရှိပြီး ဖြစ်ပေါ်လာပါက အမြန်ဆုံးထိန်းချုပ်နိုင်ရန် အသင့်ပြင်ဆင်ထားကြပြီး ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ ဧရာဝတီတိုင်းအတွင်းရှိ ငဝန်မြစ်ရေနဲ့ ဧရာဝတီမြစ်ရေများ စိုးရိမ်ရေမှတ်အထက်သို့ကျော်လွန်လာနေ၍ ဟင်္သာတ မြို့နှင့်ညောင်တုန်းမြို့တို့မှာ စိုးရိမ်ဖွယ်ရာအခြေအနေသို့ ရောက်ရှိနေ ပါတယ်။ သဘာဝဘေးအန္တရာယ်ဟာ ကျရောက်လာပါက တားဆီး၍ မရနိုင်ပါသောကြောင့် အန္တရာယ်ရှိလာနိုင်ပါက ဘေးကင်းရာသို့ ကြိုတင် ရွှေ့ပြောင်းနေထိုင်ခြင်းသည်သာ စိတ်အချရဆုံးဖြစ်ပါကြောင်း မိဘပြည်သူ များသို့ အသိပေးတိုက်တွန်းအပ်ပါတယ်။
 
 
မိဘပြည်သူများ ဘေးကင်းလုံခြုံကြပါစေ။