အနည်းစုသာအနိုင်ရသည့်ပါတီများက Check and Balance မပျောက်စေရန် ဆက်လက်ဆောင်ရွက် ရွေးကောက်တင်မြှောက်ခြင်းမခံရသည့်ပါတီများအနေဖြင့် လွှတ်တော်ပြင်ပနိုင်ငံရေးနှင့် ထိန်းကျောင်း

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် နိုဝင်ဘာ ၁၅ ရက်က ရန်ကုန်မြို့ရှိ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ နိုင်ငံရေးပါတီများမှခေါင်းဆောင်များနှင့် တွေ့ဆုံစဉ် ပြောကြားသည့် မိန့်ခွန်းအပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

 

ကျွန်တော့်အနေနဲ့လုပ်ဖော်ကိုင်ဖက် နိုင်ငံရေးပါတီခေါင်းဆောင်များကို အခုလိုထပ်မံပြီးတွေ့ဆုံခွင့်ရတဲ့အတွက် ဝမ်းမြောက်မိပါတယ်။  လွန်ခဲ့တဲ့ ငါးနှစ်တာကာလအတွင်း ကျွန်တော်တို့အစိုးရ ဦးဆောင်အကောင်အထည်  ဖော်ခဲ့တဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေထဲမှာ အခုလိုနိုင်ငံရေးပါတီများနဲ့ တွေ့ဆုံမှုကနေရရှိတဲ့ အကြံဥာဏ်များကို ထည့်သွင်းစဉ်းစား အကောင်အထည် ဖော်လုပ်ဆောင်ခဲ့တာလည်း လုပ်ငန်းစဉ်တစ်ခုဖြစ်ခဲ့ပါတယ်။ အခုလိုတိုင်းပြည်အတွက် အရေးပါတဲ့အချိန်မှာလည်း အသွင်ကူးပြောင်းရေး ညင်သာချောမွေ့ စေရေးအတွက် နိုင်ငံရေးပါတီများနဲ့ တွေ့ဆုံရခြင်းပဲဖြစ်ပါတယ်။ 

 

အခုဆိုရင် ၂ဝ၁၅ အထွေထွေရွေးကောက်ပွဲကြီးကို အောင်မြင်စွာကျင်းပပြီးစီးနိုင်ခဲ့ပြီဖြစ်ပါတယ်။ နိုင်ငံတကာကလည်း ရွေးကောက်ပွဲနဲ့ပတ်သက်လို့ ချီးကျူးဂုဏ်ပြုနေတာတွေ အများအပြားရှိနေပါပြီ။ ကျွန်တော့်အနေနဲ့  ကျွန်တော်အစဉ်ကတိပြုပြောကြားခဲ့တဲ့အတိုင်းပဲ လွတ်လပ်တဲ့ရွေးကောက်ပွဲ များကို ကျွန်တော်တို့ရဲ့ အုပ်ချုပ်ရေးကဏ္ဍကနေ ဆောင်ရွက်နိုင်သမျှ ဆောင်ရွက်ပေးခဲ့တာဖြစ်ပါတယ်။  အခု အဲ့ဒီကတိအတိုင်းပဲ  ဆောင်ရွက်ပေးခဲ့ပါပြီလို့ ထပ်လောင်းပြောကြားလိုပါတယ်။  ရွေးကောက်ပွဲများကို  လွတ်လပ်စွာ ကျင်းပနိုင်ခြင်းဟာ  ကျွန်တော်တို့နိုင်ငံရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းမှု အောင်အောင်မြင်မြင်နဲ့ ရှေ့ကိုဆက်သွားနေတယ်လို့ ဆိုရမှာဖြစ်ပါတယ်။ ကျွန်တော်တို့အစိုးရတာဝန်ယူချိန်ကစပြီး  န်ိုင်ငံရေးဖြစ်စဉ်မှာ ပြည်သူတွေ တက်ကြွစွာပါဝင်လာနိုင်ရေးအတွက် လိုအပ်တဲ့ နိုင်ငံရေးဖြေလျှော့မှုတွေ၊ မီဒီယာလွတ်လပ်ခွင့်တွေနဲ့ အုပ်ချုပ်ရေးပုံစံတွေကို ပြုပြင်ပြောင်းလဲခဲ့ပါတယ်။ ပြည်သူတွေ နိုင်ငံရေးမှာ နိုးကြားစွာပါဝင်လာခြင်းမှာ နိုင်ငံရေးပါတီများရဲ့ အင်အားကလည်း အရေးကြီးပါတယ်။ ဒါကြောင့်  ဒီနေရာကနေ နိုင်ငံရေး ပါတီများရဲ့ အခန်းကဏ္ဍကိုလည်း ဂုဏ်ပြုအသိအမှတ်ပြု ပြောကြားလိုပါတယ်။ 

 

ငါးနှစ်အတွင်းဆောင်ရွက်ခဲ့တဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များကနေ အသွင်ကူးပြောင်းရေးအတွက် အရေးကြီးတဲ့ အထွေထွေရွေးကောက်ပွဲ ကြီးကို ကျွန်တော်တို့ အောင်မြင်စွာကျင်းပနိုင်ခဲ့ပြီဖြစ်ပါတယ်။ ဒီလိုကျင်းပတဲ့အခါမှာ တည်တည်ငြိမ်ငြိမ်၊ အေးအေးချမ်းချမ်းနဲ့  အောင်မြင်မှုရှိစွာ ကျင်းပနိုင်ဖို့ ကြိုးပမ်းဆောင်ရွက်ခဲ့တဲ့ ရွေးကောက်ပွဲကော်မရှင်အဆင့်ဆင့်၊ ပါဝင်ယှဉ်ပြိုင်ကြတဲ့နိုင်ငံရေးပါတီများ၊ အနိုင်ရလွှတ်တော်ကိုယ်စားလှယ်များ၊ ပါဝင်ကူညီခဲ့ကြသူများနဲ့  မဲဆန္ဒရှင်ပြည်သူလူထုကြီးကိုလည်း ဂုဏ်ပြုအပ်ပါတယ်။

 

ကျွန်တော်တို့အစိုးရအဖွဲ့အနေနဲ့ ကျန်ရှိနေသေးတဲ့အစိုးရသက်တမ်း ကာလအတွင်းမှာ တည်ဆဲဥပဒေများ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ၊ ပြဋ္ဌာန်းချက်များအတိုင်း ဆက်လက်ဆောင်ရွက်ပြီး အသွင်ကူးပြောင်းရေးကို ချောမွေ့အောင် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ လုပ်ထုံးလုပ်နည်းများနဲ့အညီ ဒုတိယအကြိမ်လွှတ်တော်များ စတင်ကျင်းပဖို့ဖိတ်ကြားမှာဖြစ်ပါတယ်။ လွှတ်တော်များအနေနဲ့   ဆောင်ရွက်ရန်ရှိသည်များကို  အဆင့်ဆင့်ဆောင်ရွက်ပြီးတဲ့အခါမှာ ပေါ်ပေါက်လာမယ့်အစိုးရအဖွဲ့သစ်ထံကို သတ်မှတ်ချိန်အတွင်း စနစ်တကျ တာဝန်လွှဲပြောင်းပေးအပ်သွားမှာ ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်မှုမရှိစေဖို့နဲ့ တည်တည်ငြိမ်ငြိမ်နဲ့ ချောချောမွေ့မွေ့ဖြစ်စေဖို့ ဆောင်ရွက်မှာဖြစ်တယ်လို့ ထပ်မံပြောကြားလိုပါတယ်။

 

ကျွန်တော်တို့အစိုးရအဖွဲ့ တာဝန်ယူတဲ့ငါးနှစ်တာကာလသက်တမ်းအတွင်းမှာ ဆောင်ရွက်ရန်ရှိသည်များကို အကောင်းဆုံးဆောင်ရွက်ခဲ့ပြီးဖြစ်ပါတယ်။ အထူးသဖြင့်တော့ နိုင်ငံရေးအရကြည့်မယ်ဆိုရင် နိုင်ငံရေးအင်အားစု တွေအကြားမှာ စေ့စပ်ဆွေးနွေးညှိနှိုင်းခြင်းနဲ့ အဖြေရှာတဲ့နိုင်ငံရေးယဉ်ကျေးမှုသစ် အကောင်အထည်ပေါ်လာအောင်ဆောင်ရွက်ခဲ့ပါတယ်။ ငွေလဲနှုန်း၊ လွတ်လပ်တဲ့ ဗဟိုဘဏ်နဲ့နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေတွေကြောင့် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုတွေကို ဆွဲဆောင်နိုင်ခဲ့သလို အခုဆိုရင်အရှိန်အဟုန် ပြင်းပြင်းနဲ့ ဝင်ရောက်လုပ်ကိုင်ဖို့ အလားအလာကောင်းတွေတွေ့မြင်နေရပြီ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးကဏ္ဍမှာလည်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းရှစ်ဖွဲ့နဲ့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီ ချက်ကို လက်မှတ်ရေးထိုးနိုင်ခဲ့ပြီဖြစ်ပါတယ်။ လက်မှတ်မရေးထိုးသေးတဲ့ အဖွဲ့များအနေနဲ့လည်း  ပါဝင်လာနိုင်ဖို့ ကြိုးပမ်းဆောင်ရွက်နေပါတယ်။ ဒီစာချုပ်မှာ အဓိကအားဖြင့် လက်နက်ကိုင်ပဋိပက္ခတွေကို နိုင်ငံရေးနည်းလမ်း နဲ့ ဖြေရှင်းဖို့၊ ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုကြီးကို နိုင်ငံရေး ဆွေးနွေးပွဲများကနေတစ်ဆင့်   အတူတကွဝိုင်းဝန်းတည်ဆောက်ဖို့ဆိုတဲ့ နိုင်ငံရေးအာမခံချက်တွေ ပါဝင်ပါတယ်။ ဒီတစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (NCA) သည် ငြိမ်းချမ်းရေးအတွက် အခြေခံအုတ်မြစ်တစ်ခု အနေနဲ့ အကောင်းဆုံးချန်ထားရစ်နိုင်ခဲ့တာဖြစ်ပါတယ်။ မကြာမီမှာ NCA သဘောတူညီချက် အချိန်ဇယားများအတိုင်း နိုင်ငံရေးဆွေးနွေးပွဲများ စတင်ဖို့လည်း ကြိုးပမ်းဆောင်ရွက်နေပြီဖြစ်တဲ့အတွက် နောင်ပေါ်ပေါက်လာမယ့် အစိုးရအနေနဲ့ ဒီအခြေခံကောင်းတွေအပေါ်မှာ အကောင်းဆုံးဆက်လက် ဆောင်ရွက်သွားနိုင်မယ်လို့ ယုံကြည်ပါတယ်။

 

ဒီမိုကရေစီစနစ်မှာ  ရွေးကောက်ပွဲများသည်   အဓိကကျသော်လည်း ဒီရွေးကောက်ပွဲများဟာ သက်တမ်းအလိုက် အမြဲရှိနေမှာဖြစ်ပါတယ်။ ကျွန်တော် တို့တိုင်းပြည်ရဲ့စနစ်အရဆိုရင် ငါးနှစ်မှာတစ်ခါ ရွေးချယ်နေကြရမှာဖြစ်ပါတယ်။ရွေးကောက်ပွဲရလဒ်များဟာ ပြည်သူလူထုရဲ့အဆုံးအဖြတ်ဖြစ်ပါတယ်။ နိုင်ငံရေး ပါတီများဟာလည်း ရွေးကောက်ပွဲများမှာ နိုင်တဲ့ပါတီရှိမယ်၊ ရှုံးတဲ့ပါတီရှိမယ်။  သို့သော်လည်း ဒီမိုကရေစီစနစ်ဖြစ်တဲ့အတွက် ရွေးကောက်ပွဲမှာအများစု အနိုင်ရပါတီများဟာ ပြည်သူလူထုရဲ့ အကျိုးစီးပွားအတွက် ဆောင်ရွက်ရမှာဖြစ်သလို အနည်းစုသာ အနိုင်ရတဲ့ပါတီများအနေနဲ့ကလည်း ဒီမိုကရေစီရဲ့ အရေးကြီးတဲ့ ကိစ္စတစ်ခုဖြစ်တဲ့ Check and Balance မပျောက်စေဖို့အတွက် ဆက်လက်ဆောင်ရွက်သွားရမှာဖြစ်ပါတယ်။ ဒါ့အပြင် ရွေးကောက်တင်မြှောက် ခြင်းမခံရတဲ့ ပါတီများအနေနဲ့ကလည်း   လွှတ်တော်ပြင်ပနိုင်ငံရေးအနေနဲ့    ထိန်းကျောင်းသွားရမှာဖြစ်ပါတယ်။   ဒါမှသာလျှင်  ဒီမိုကရေစီစနစ်ဟာ အသက်ဝင်ရှင်သန်နေမှာဖြစ်ပါတယ်။ ဒါကြောင့် အပြန်အလှန်ထိန်းကျောင်း ခြင်းဖြစ်စဉ် အားကောင်းနေစေဖို့အတွက် နိုင်ငံရေးပါတီအားလုံးအနေနဲ့ ဆက်လက်ကြိုးပမ်းဆောင်ရွက်ကြဖို့ ဒီကနေတိုက်တွန်းလိုပါတယ်။

 

 တစ်ဖန် ကျွန်တော်တို့တိုင်းပြည်ဟာ အသွင်ကူးပြောင်းရေးဆောင်ရွက်နေ တဲ့နိုင်ငံဖြစ်တဲ့အားလျော်စွာ   အသွင်ကူးပြောင်းရေးအောင်မြင်ဖို့အတွက် အစိုးရနဲ့ လွှတ်တော်တို့မှာသာ တာဝန်ရှိတာမဟုတ်ဘဲ နိုင်ငံရေးအင်အားစုတိုင်းမှာ တာဝန်ရှိနေပါတယ်။  ဒါကြောင့်  အသွင်ကူးပြောင်းရေး ပြီးမြောက်အောင်မြင်ဖို့ နိုင်ငံရေးပါတီတွေရဲ့အားက အရေးကြီးတဲ့အခန်းကဏ္ဍမှာ ရှိနေပါသေးတယ်။ နောက်ပြီးတော့  ကျွန်တော်တို့တိုင်းပြည်ရဲ့ အခြေအနေအရ ငြိမ်းချမ်းရေးဖြစ်စဉ်မှာလည်း နိုင်ငံရေးပါတီများရဲ့အခန်းကဏ္ဍလိုအပ်ပါတယ်။ အထူးသဖြင့် ငြိမ်းချမ်းရေးဖြစ်စဉ်ကနေ ပေါ်ပေါက်လာမယ့် နိုင်ငံရေးဆွေးနွေး ပွဲများမှာ နိုင်ငံရေးအင်အားစုအသီးသီးအနေနဲ့ မိမိတို့ကိုယ်စားပြုမယ့် အခန်းကဏ္ဍအလိုက် ပါဝင်ရမှာဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံရေးပါတီများအနေနဲ့ နိုင်ငံရေးဆွေးနွေးပွဲများနဲ့ပတ်သက်ပြီး ပြင်ဆင်ထားကြရမယ်ဆိုတဲ့ အချက်ကိုလည်း မီးမောင်းထိုးပြလိုပါတယ်။ 

 

ရွေးကောက်ပွဲများရှိနေတာနဲ့အမျှ နိုင်ငံရေးပါတီများအနေနဲ့ အနိုင်အရှုံးဆိုတာလည်း ရှိနေမှာဖြစ်ပါတယ်။ ရွေးကောက်ပွဲတစ်ခုပြီးတိုင်းမှာလည်း ပြည်သူလူထုများရဲ့ ရွေးချယ်မှုဟာ အနည်းနဲ့အများ ပြောင်းလဲနေမှာဖြစ်ပါတယ်။ မည်သို့ပင်ပြောင်းလဲစေကာမူ အမှန်တကယ်အရေးကြီး တာကတော့ တိုင်းပြည်ကို တည်တည်ငြိမ်ငြိမ်အေးအေးချမ်းချမ်းနဲ့ ဆက်လက် ဖွံ့ဖြိုးတိုးတက်နေစေဖို့ပဲဖြစ်ပါတယ်။ ဒါကတော့ အစိုးရတိုင်းကလုပ်ဆောင်ရမယ့်တာဝန်ပဲဖြစ်ပါတယ်။ တိုင်းပြည်တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်နေဖို့အတွက်တော့ အားလုံးကဆောင်ရွက်နေရမှာပဲဖြစ်ပါတယ်။

 

ကျွန်တော်တို့နိုင်ငံဟာ ဒီမိုကရေစီလမ်းကြောင်းပေါ်ကို စတင်လျှောက် လှမ်းစ၊ တစ်နည်းအားဖြင့် စနစ်ဟောင်းကနေ စနစ်သစ်ကိုကူးပြောင်းနေရတဲ့ နိုင်ငံဖြစ်ပါတယ်။ ဒါကြောင့် အပြောင်းအလဲမှာ စနစ်တကျနဲ့ သိမ်သိမ်မွေ့မွေ့ ကူးပြောင်းဖို့လိုပါတယ်။ တစ်ဖန်ကျွန်တော်တို့နိုင်ငံရဲ့ ပထဝီအနေအထားနဲ့ ကမ္ဘာ့နိုင်ငံရေးဆိုတာတွေကိုလည်း ထည့်သွင်းစဉ်းစားရမှာ ဖြစ်ပါတယ်။  နိုင်ငံရေးအရ၊ စီးပွားရေးအရနဲ့ တိုင်းပြည်မှာဖော်ဆောင်နေတဲ့ ပြည်တွင်းငြိမ်းချမ်းရေးကိစ္စရပ်များအတွက် ဒီကိစ္စတွေဟာ အလွန်အရေးကြီးပါတယ်။အစိုးရတာဝန်ကို ထမ်းဆောင်မယ့်ပုဂ္ဂိုလ်များအနေနဲ့ ဒီအချက်ကို အထူးအလေးအနက်ထား ဆောင်ရွက်ရမှာလည်းဖြစ်ပါတယ်။

 

ကျွန်တော့်အနေနဲ့ကတော့ ရွေးကောက်ပွဲမတိုင်မီကတည်းက ကျွန်တော် ရေဒီယိုမိန့်ခွန်းမှာ ကတိပေးပြောကြားခဲ့တဲ့အတိုင်းပဲ ရွေးကောက်ပွဲရလဒ်များသည် ပြည်သူများရဲ့ဆန္ဒကို ထင်ဟပ်တယ်လို့ အလေးအနက်ယုံကြည်ပါတယ်။ရွေးကောက်ပွဲပြီးတဲ့နောက်မှာတော့ အသွင်ကူးပြောင်းရေးမှာ ချောချော မွေ့မွေ့ ဖြစ်ဖို့လိုတယ်။  တိုင်းပြည်အနေနဲ့  တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုး တိုးတက်မှုလမ်းကြောင်းပေါ်ကိုတက်လှမ်းနိုင်ဖို့  လာမယ့်အနာဂတ် ရွေးကောက်ပွဲတွေဟာ ပိုမိုစနစ်ကျလာရမယ်။ ဒီမိုကရေစီစံနှုန်းတွေ မြင့်မားလာရမယ်ဆိုတဲ့ ဦးတည်ချက်များအတွက်   ဒီကနေ့ကျွန်တော်တို့   နိုင်ငံရေးအင်အားစုများအားလုံးမှာ တာဝန်ရှိပါတယ်။

 

ဒီလိုအရေးပါတဲ့အခိုက်အတန့်မှာ ကျွန်တော်တို့အားလုံးရဲ့ဆင်ခြင်သုံးသပ်နိုင်စွမ်း၊ ပူးပေါင်းဆောင်ရွက်နိုင်စွမ်းနဲ့ အမြော်အမြင်ကြီးမှုများကအဆုံးအဖြတ်ပေးသွားမှာဖြစ်ပါတယ်။

 

နိဂုံးချုပ်အားဖြင့် ဒီကနေ့ကြွရောက်လာတဲ့ နိုင်ငံရေးပါတီခေါင်းဆောင်များ၊ နိုင်ငံရေးပါတီများအနေဖြင့်လည်းကောင်း၊ ပြည်သူလူထုတစ်ရပ်လုံးအနေ ဖြင့်လည်းကောင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီး ပိုမိုတည်ငြိမ်ဖို့၊ ပိုမိုငြိမ်းချမ်းသာယာဖို့၊ ပိုမိုဖွံ့ဖြိုးတိုးတက်ဖို့ ကျွန်တော်တို့အားလုံး အတူတူ လက်တွဲပြီး ပိုမိုကြိုးစားဆောင်ရွက်ကြပါစို့လို့ တိုက်တွန်းနှိုးဆော်ရင်း နိဂုံးချုပ် အပ်ပါတယ်။