NCA လက်မှတ်ရေးထိုးလိုက်ပြီး လုပ်ငန်းစဉ်များကို စတင်အကောင်အထည်ဖော်သည်နှင့်ပဋိပက္ခဘေးထွက်ဆိုးကျိုးများခံစားနေရသည့် လူဦးရေ၏ ၇ဝ ရာခိုင်နှုန်းသည် ငြိမ်းချမ်းရေး၏ အသီးအပွင့်များကို အချိန်တိုတိုအတွင်း ခံစားကြရမည်

 

နေပြည်တော်         အောက်တိုဘာ         ၁၅

 

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲ အခမ်းအနားတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ပြောကြားသည့် မိန့်ခွန်းအပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

 

ဒီကနေ့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူညီချက်စာချုပ် လက်မှတ်ရေးထိုးပွဲအခမ်းအနားကို လက်မှတ်ရေးထိုးရန် တက်ရောက်လာကြတဲ့  တိုင်းရင်းသားခေါင်းဆောင်များ၊  ပြည်တွင်းအသိသက်သေများ၊ နိုင်ငံတကာအသိသက်သေများ၊ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသံတမန်အကြီးအကဲများ၊ အစိုးရ၊ လွှတ်တော်၊ တပ်မတော်မှ ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများမှ ခေါင်းဆောင်များ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်တော်များနဲ့ အထူးဖိတ်ကြားထားသောဧည့်သည်တော်များကို မင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေကြောင်း နှုတ်ခွန်းဆက်သအပ်ပါတယ်။

 

ဒီကနေ့ဟာ  ကျွန်တော်တို့ မြန်မာနိုင်ငံအတွက် အရေးပါတဲ့ သမိုင်းဝင်နေ့ထူးနေ့မြတ်တစ်ခုဖြစ်ပါတယ်။ နိုင်ငံတော်ရဲ့ ငြိမ်းချမ်းရေးအနာဂတ်အတွက် လမ်းသစ်တစ်ခုကိုဖွင့်လှစ်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

 

လွတ်လပ်ရေးရပြီးကတည်းက လက်နက်ကိုင်ပဋိပက္ခတွေ မြန်မာနိုင်ငံမှာပေါ်ပေါက်ခဲ့ပါတယ်။  ဒီပဋိပက္ခ တွေကြောင့် သောင်းနဲ့ချီတဲ့ နှစ်ဖက်စလုံးကတပ်သားတွေ အသက်ဆုံးရှုံးခဲ့ကြရပါတယ်။  လက်နက်ကိုင်ပဋိပက္ခဒေသ တွေမှာနေထိုင်ကြတဲ့ သိန်းနဲ့ချီသော ပြည်သူတွေဟာ                            စစ်ဘေးစစ်ဒဏ်ကိုခါးစည်းခံခဲ့ရပါတယ်။  အားလုံးဟာကိုယ့်တိုင်းရင်းသား၊ ကိုယ့်ပြည်သူတွေပဲ ဖြစ်ကြပါတယ်။

 

ကျွန်တော်တို့အစိုးရတာဝန်စယူခဲ့တဲ့အချိန်မှာ ဒီမိုကရေစီစနစ်ကို ဦးတည်တဲ့ အပြောင်းအလဲတွေကို စတင်လုပ်ဆောင်ခဲ့ပါတယ်။ တစ်ဆက်တည်းမှာလည်း ငြိမ်းချမ်းရေးမရရှိဘဲ ဒီမိုကရေစီအပြောင်းအလဲကိုသွားဖို့ ခက်မယ်ဆိုတာကို သဘောပေါက်ခဲ့ပါတယ်။ 

 

ဒါ့ကြောင့် အပစ်အခတ်ရပ်စဲရေးအတွက် ၂ဝ၁၁ ခုနှစ် ဩဂုတ်လမှာ အစိုးရ ကနေ စတင်ကမ်းလှမ်းခဲ့ပါတယ်။    နှစ်နှစ်အတွင်း အစိုးရနဲ့တိုင်းရင်းသား လက်နက်ကိုင်(၁၄)ဖွဲ့အကြား အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်တွေကို ချုပ်ဆိုနိုင်ခဲ့ပါတယ်။ ကချင်ပြည်နယ်အတွင်းက လက်နက်ကိုင်ပဋိပက္ခတွေကို အတော်များများလျှော့ချနိုင်တဲ့ သဘောတူညီချက်တွေကိုလည်း လက်မှတ် ရေးထိုးနိုင်ခဲ့ပါတယ်။ 

 

ဒါပေမယ့် ကျွန်တော်တို့တိုင်းပြည်မှာ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးရဖို့  အပစ်အခတ်ရပ်စဲရေးတစ်ခုတည်းနဲ့မလုံလောက်ပါဘူး။ ကျွန်တော်တို့ရဲ့ နက်နက်ရှိုင်းရှိုင်းပြဿနာတွေကိုအဖြေရှာနိုင်ဖို့ နိုင်ငံရေးဆွေးနွေးပွဲတွေ ရှိဖို့လိုပါတယ်။ တစ်ဆက်တည်းမှာပဲ ဆွေးနွေးအဖြေရှာနေတဲ့ အချိန်အတောအတွင်းမှာ အပစ်အခတ်ရပ်စဲရေးခိုင်ခိုင်မာမာဖြစ်စေဖို့  လိုအပ်တဲ့ပြင်ဆင်မှု တွေလိုပါတယ်။ ဒါတွေကိုအကောင်အထည်ဖော်နိုင်ဖို့  အဓိကအင်အားစုများ လက်ခံတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်တစ်ခုရှိဖို့လိုတယ်ဆိုတာကို ကျွန်တော်တို့ သဘောပေါက်ခဲ့ပါတယ်။

 

ဒါ့ကြောင့် အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်တွေ ဘယ်လောက်ပဲရှိရှိ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူညီချက် (Nationwide Ceasefire Agreement-NCA) ဆိုတဲ့ ခေါင်းစဉ်အောက်မှာ အားလုံး ကျယ်ကျယ်ပြန့်ပြန့်လက်ခံထားတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်တစ်ခုပေါ်လာအောင် ဝိုင်းဝန်းကြိုးစားညှိနှိုင်းခဲ့ကြတာဖြစ်ပါတယ်။

 

ဒီလိုဆွေးနွေးညှိနှိုင်းခဲ့တဲ့အခါမှာ အစိုးရဘက်က အသိအမှတ်ပြုမထားတဲ့ အဖွဲ့တွေပါဝင်ခဲ့ကြပေမယ့် အားလုံးလက်ခံနိုင်တဲ့ဖြစ်စဉ်တစ်ခုထွက်ပေါ်လာ ရမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အားလုံးပါဝင်ဆွေးနွေးနိုင်အောင် ကြိုးစားခဲ့တာ ဖြစ်ပါတယ်။  NCA ထဲမှာပါဝင်တဲ့    သဘောတူညီချက်အားလုံးနီးပါးက တိုင်းရင်းသားလက်နက်ကိုင်များဘက်က တင်ပြချက်များအပေါ်အခြေခံပြီး အစိုးရဘက်က ညှိနှိုင်းခဲ့တာဖြစ်ပါတယ်။ 

 

အစိုးရ၊ လွှတ်တော်၊ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများက ကိုယ်စားလှယ်တို့ရဲ့  ဝိုင်းဝန်းကြိုးပမ်းမှု၊ သည်းခံမှု၊ သဘောထားကြီးမှု၊ အနစ်နာခံ ကြိုးစားအားထုတ်မှုတွေကြောင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက် မှုရပ်စဲရေးသဘောတူညီချက်စာချုပ်ကို ပါဝင်ဆွေးနွေးသူတွေအားလုံးက သဘောတူနိုင်ခဲ့တာဖြစ်ပါတယ်။

 

ကျွန်တော်တို့အစိုးရအနေနဲ့ကတော့ အားလုံးလက်ခံတဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်တစ်ခုပေါ်ပေါက်လာဖို့က လက်မှတ်ရေးထိုးရေးထက် ပိုပြီးအရေးကြီးပါတယ်။ အားလုံးလက်ခံတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်တစ်ခုကို အုတ်မြစ်ချနိုင်ရေးက မြန်မာပြည်အနာဂတ်အတွက် အရေးကြီးတဲ့လုပ်ငန်းစဉ်တစ်ရပ်လို့ ကျွန်တော် တို့အစိုးရကခံယူပြီး NCA သဘောတူညီမှုရအောင် အကောင်အထည်ဖော်ခဲ့တာ ဖြစ်ပါတယ်။ 

 

ဒါ့ကြောင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံး မပါနိုင်သေးပေမယ့် ကနဦးရှေ့ပြေးအနေနဲ့ပါဝင်ပြီး ရှေ့ဆက်သွားဖို့ အဆင်သင့်ဖြစ်နေတဲ့ အဖွဲ့တွေနဲ့ အရင်ဦးစွာလက်မှတ်ထိုးဖို့ ဆုံးဖြတ်ခဲ့တာပဲဖြစ်ပါတယ်။

 

ဒါပေမယ့် ကျန်နေသေးတဲ့အဖွဲ့တွေ ပါဝင်နိုင်ရေးကို ကျွန်တော်တို့အားလုံး ဆက်လက်ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်။ သူတို့အတွက်လည်း တံခါးဖွင့်ထားပါတယ်။ သူတို့ကိုယ်တိုင် ပါဝင်ဆွေးနွေးညှိနှိုင်းသဘောတူခဲ့တဲ့ အချက်များအပေါ်မှာ အုတ်မြစ်ချထားတဲ့   ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဖြစ်တဲ့အတွက်ကြောင့်  ဒီဖြစ်စဉ်ကို အကောင်အထည်ဖော်ရာမှာ သူတို့ရဲ့ဆန္ဒတွေကိုလည်း ထင်ဟပ်စေမှာဖြစ်ပါတယ်။  လက်မှတ်မထိုးသေးတဲ့အဖွဲ့တွေ   တောင်းဆိုလာရင် ငြိမ်းချမ်းရေးဖြစ်စဉ်ရဲ့   ဆက်လက်လုပ်ဆောင်ရမယ့်လုပ်ငန်းတွေမှာ သူတို့ပါဝင်နိုင်အောင် ကျွန်တော်တို့အစိုးရအနေနဲ့  ညှိနှိုင်းလုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ 

 

အခုတက်ရောက်လက်မှတ်ရေးထိုးကြတဲ့ နိုင်ငံတော်အစိုးရနဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ ခေါင်းဆောင်တွေအနေနဲ့ ကျွန်တော်တို့အားလုံးရဲ့အောင်မြင်မှုကို လှိုက်လှိုက်လှဲလှဲဂုဏ်ယူသင့်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ရဲ့သမိုင်းတန်ဖိုးက NCA ကိုဘယ်နှဖွဲ့ လက်မှတ်ရေးထိုးတယ် ဆိုတာထက် အားလုံးလက်ခံထားတဲ့ သဘောတူညီချက်တွေကို ဘယ်လောက်ထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်လဲဆိုတဲ့ မှတ်ကျောက်အပေါ်မှာ အခြေခံပါလိမ့်မယ်။ 

 

NCA ပါသဘောတူညီချက်တွေကို လက်တွေ့အကောင်အထည်ဖော်မှု အပေါ်အခြေခံပြီး နှစ်ဖက်အကြားယုံကြည်မှုတည်ဆောက်ရေးကို ပိုမိုခိုင်မာအောင် လုပ်ဆောင်သွားကြဖို့ဖြစ်ပါတယ်။ ကျန်နေသေးတဲ့ အဖွဲ့တွေအနေနဲ့လည်း NCA ပါ လုပ်ငန်းစဉ်တွေကို အကောင်အထည်ဖော်နိုင်လာတာနဲ့အမျှ အနှေးနဲ့အမြန်ဆိုသလို ဒီငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်လာကြမှာ ဖြစ်ပါတယ်။ 

 

NCA လက်မှတ်ရေးထိုးပြီး ပေါ်ပေါက်လာမယ့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တွေက ရှေ့ကိုဆက်သွားဖို့ပဲရှိပါတယ်။  နောက်ပြန်လှည့်စရာမရှိပါဘူး။ ဒါ့ကြောင့် NCA အပေါ်အခြေခံတဲ့ လုပ်ငန်းစဉ်များဟာ မြန်မာပြည်အနာဂတ် သစ်ရဲ့ ရေရှည်တည်တံ့ခိုင်မြဲတဲ့  ငြိမ်းချမ်းရေးရရှိဖို့    တစ်ခုတည်းသော လမ်းကြောင်းအဖြစ် ပေါ်ပေါက်လာမှာဖြစ်ပါတယ်။ 

 

NCA ဟာ နောင်မျိုးဆက်သစ်တွေရဲ့ အနာဂတ်အတွက် သမိုင်းလက် ဆောင်ဖြစ်ပါတယ်။ ဒါကြောင့် ဒီပွဲကိုစီစဉ်ခဲ့စဉ်အခါမှာ မျိုးဆက်သစ်လူငယ်တွေကိုပါ ဖိတ်ကြားဖို့ကျွန်တော်တို့စဉ်းစားခဲ့ပါတယ်။ သူတို့တွေရဲ့ အနာဂတ် အသစ်အတွက် သူတို့ရဲ့ရှေ့မှောက်မှာ ကျွန်တော်တို့တွေ ကတိကဝတ်ပြုကြတာပဲ ဖြစ်ပါတယ်။ 

 

၂ဝ၁၄ - ၂ဝ၁၅ နှစ်တွေရဲ့ စစ်တမ်းတွေအရ မြန်မာနိုင်ငံရဲ့ လူဦးရေ ၁ဝ ရာခိုင်နှုန်းဟာ တိုက်ပွဲဖြစ်ပွားရာဒေသတွေမှာနေထိုင်ကြပါတယ်။ လူဦးရေ ၄ဝ ရာခိုင်နှုန်းခန့်ဟာ လက်နက်ကိုင်ပဋိပက္ခရဲ့ အကျိုးသက်ရောက်မှုရှိတဲ့ဒေသ တွေမှာနေထိုင်ကြပါတယ်။ NCA လက်မှတ်ရေးထိုးလိုက်ပြီး လုပ်ငန်းစဉ်တွေ ကိုစတင်အကောင်အထည်ဖော်တာနဲ့ ပဋိပက္ခဘေးထွက်ဆိုးကျိုးတွေ ခံစားနေရတဲ့ လူဦးရေရဲ့ ၇ဝ ရာခိုင်နူန်းဟာ ငြိမ်းချမ်းရေးရဲ့ အသီးအပွင့်တွေကို အချိန် တိုတိုအတွင်းမှာ ခံစားကြရမှာဖြစ်ပါတယ်။ 

တိုက်ပွဲတွေလျှော့ချရပ်ဆိုင်းနိုင်ဖို့''ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာပူးတွဲစောင့်ကြည့်ကြီးကြပ်ရေးကော်မတီ(JMC)''ကိုဖွဲ့စည်းပြီးထိန်းသိမ်းလုပ် ဆောင်သွားမှာဖြစ်ပါတယ်။ တိုက်ပွဲတွေမရှိတော့တဲ့အခါ ဒီဒေသတွေမှာနေထိုင်တဲ့ ပြည်သူလူထုများဟာ အေးအေးချမ်းချမ်းနဲ့ လုပ်ကိုင်စားသောက်နိုင်တော့မှာ ဖြစ်ပါတယ်။

 

တည်ငြိမ်အေးချမ်းလာတာနဲ့အမျှ နိုင်ငံတော်အစိုးရအနေနဲ့ ဖွံ့ဖြိုးရေး လုပ်ငန်းတွေကို ပိုမိုအကောင်အထည်ဖော်နိုင်မှာဖြစ်ပါတယ်။ ပဋိပက္ခအလွန် ဒေသတွေမှာ နိုင်ငံတကာအထောက်အကူတွေ၊ လူထုအကျိုးပြုတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ဝင်ရောက်လာစေဖို့  ဦးစားပေးလုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

 

တစ်ဆက်တည်းမှာပဲ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု  ပူးတွဲကော်မတီ (UPDJC)ကိုဖွဲ့စည်းပြီး အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကို ဦးတည်ထားတဲ့  နိုင်ငံရေးဆွေးနွေးပွဲများကို အကောင်အထည်ဖော်သွားမှာ ဖြစ်ပါတယ်။ ဒီလုပ်ငန်းစဉ်တွေကို  NCA က ပြဋ္ဌာန်းပေးလိုက်တာဖြစ်ပါတယ်။

 

ယခုလက်ငင်းချက်ချင်းမှာပဲ ကျွန်တော်တို့တစ်တွေအကြားမှာ ကြီးမားတဲ့ အောင်မြင်မှုကြီးတစ်ခုရှိနေပါပြီ။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေနဲ့ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနဲ့ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဆိုတဲ့ ဒို့တာဝန်အရေးသုံးပါးကိုသဘော တူလက်ခံခဲ့ကြပါတယ်။ နိုင်ငံတော်အစိုးရဘက်ကလည်း တိုင်းရင်းသားတွေ တောင်းဆိုနေတဲ့  ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ နိုင်ငံတော်ကြီးကိုတည်ဆောက်ဖို့အတွက် လက်ခံသဘောတူခဲ့ပြီး ဖြစ်ပါတယ်။ မြန်မာပြည်ရဲ့ အစိုးရအဆက်ဆက်မှာ တစ်ခါမှမရှိခဲ့ဖူးတဲ့ ကျွန်တော်တို့အကြားဘုံလက်ခံထားတဲ့ အနာဂတ်ပန်းတိုင်တစ်ခုကိုသဘောတူညီန်ိုင်ခဲ့တာဖြစ်ပါတယ်။ ဒီဘုံအနာ ဂတ်ကိုအကောင်အထည်ဖော်နိုင်ရန်အတွက်  NCA ပါ သဘောတူညီချက်များကို  အကောင်အထည်ဖော်နိုင်ရေးက   ကျွန်တော်တို့အားလုံးအတွက် အရေးကြီးတဲ့ သမိုင်းပေးတာဝန်ပဲ ဖြစ်ပါတယ်။ NCA ဆိုတာ  ကျွန်တော်တို့ ထားရစ်ခဲ့မယ့် သမိုင်းအမွေ ဖြစ်ပါလိမ့်မယ်။

 

ဒီကနေ့ကစပြီး ကျွန်တော်တို့အားလုံးဟာ ကျွန်တော်တို့ရဲ့ ဘုံအနာဂတ်အတွက် အတူတကွတာဝန်ရှိသူတွေ ဖြစ်သွားပါပြီ။ ကျွန်တော်တို့ရဲ့သမိုင်းကို အတူတကွ ပုံဖော်ရေးသားကြရတော့မှာပါ။ သမိုင်းရဲ့အောင်မြင်မှု၊ ကျရှုံးမှုတွေ ကိုအတူတကွ တာဝန်ခံ၊ တာဝန်ယူကြရတော့မှာပါ။ ဒီကနေ့ လက်မှတ်ရေးထိုးတဲ့ NCA စာချုပ်ဟာဆိုရင် ကျွန်တော်တို့ အချင်းချင်းအကြားမှာတည်ဆောက်ရရှိလာတဲ့ ယုံကြည်မှုကို ပြသနိုင်ခဲ့တာ ဖြစ်ပါတယ်။ အနာဂတ်မျိုးဆက်သစ်များအတွက်  ငြိမ်းချမ်းရေးအမွေတစ်ခုချန်ထားနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ ကျွန်တော်တို့အားလုံးရဲ့ စိတ်ရင်းစေတနာအမှန်ကိုလည်း ထင်ထင်ရှားရှား သက်သေထူနိုင်ခြင်းပဲဖြစ်ပါတယ်။ 

 

နိဂုံးချုပ်အနေနဲ့ NCA လက်မှတ်ရေးထိုးနိုင်ရေးအတွက် ပါဝင်ကြိုးပမ်း ဆောင်ရွက်ကြသူအားလုံးကို အစိုးရအဖွဲ့က်ိုယ်စားလည်းကောင်း၊ နိုင်ငံသားများကိုယ်စားလည်းကောင်း ကျေးဇူးတင်ရှိကြောင်းပြောလိုပါတယ်။ NCA လက်မှတ်ရေးထိုးပွဲကနေ အောင်မြင်တဲ့အကောင်အထည်ဖော်မှု ဖြစ်လာတဲ့အထိ ကျွန်တော်တို့အားလုံး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြဖို့ တိုက်တွန်းရင်းသမိုင်း မှတ်တိုင်ကို အတူတကွစိုက်ထူကြဖို့ ဆန္ဒပြုလိုက်ပါတယ်။

 

အားလုံးကိုကျေးဇူးတင်ပါတယ်။