မန္တလေးမြို့တွင် လက်ရာမြောက်ရှေးဟောင်းကြေးမြင်မိဖုရားကျောင်း(ရန္တပိုရွာစားကျောင်း)ကို လေ့လာနိုင်

 
 
မန္တလေး    အောက်တိုဘာ    ၇
 
မန္တလေးမြို့သည် မြန်မာဘုရင်မင်း နောက်ဆုံးထီးနန်း စိုးစံခဲ့ရာ ယဉ်ကျေးမှုမြို့တော်ဖြစ်သလို  လေ့လာဖွယ်ရာ     ရှေးဟောင်းသမိုင်းဝင်နေရာများစွာရှိသည်။ ရှေးခေတ်မင်း မိဖုရားများမှသည် မှူးကြီးမတ်ရာများသည်  ဘုန်းတော်ကြီး ကျောင်းများကိုတစ်မူထူးခြားစွာ  ဆောက်လုပ်လှူဒါန်းခဲ့ကြသည်။   အများစုသောဘုန်းတော်ကြီးကျောင်းများကို ကျွန်းသားများဖြင့်ဆောက်လုပ်ကာ ပန်းပုအမွှမ်းများဖြင့် တန်ဆာ ဆင်ထားသည်။      ထိုသို့သောကျောင်းများစွာထဲတွင် မင်းတုန်းမင်း၏   မိဖုရားသုသီရိပဘာမဟေသီဆောက်လုပ် လှူဒါန်းသည့်     ကြေးမြင်မိဖုရားကျောင်း(ရန္တပိုရွာစား ကျောင်း) လည်းပါဝင်သည်။
 
ကျောင်းကြီးမှာ     လက်ရာမြောက်ရတနာပုံခေတ် ငါးစပ်ကျောင်းဆောင်ဖြစ်သည်။   ကျောင်းအပြင်ဘက်ပိုင်း မှစကာ  ပန်းပုအမွှမ်းများဖြင့်ခြယ်မှုန်းထားသည်။ ထူးခြား သော တည်ဆောက်မှုပုံသဏ္ဌာန်မှာ  နေကျော်လေးဆောင် နှင့် နေလိုက်သုံးဆောင်တွဲကာ  တည်ဆောက်ထားခြင်းပင်ဖြစ်သည်။ရတနာပုံခေတ်မှဘုန်းတော်ကြီးကျောင်းများ ထဲတွင်    တစ်မူထူးခြားသော    ကျောင်းတစ်ကျောင်းအဖြစ် ထင်ရှားသည်။
 
စတင်တည်ဆောက်စဉ်က    သစ်သားအမိုးများကို   သွပ်အမိုးများထပ်မံမိုးထားခြင်းမှအပ    အခြားအရာများမှာ  ရတနာပုံခေတ်လက်ရာများအတိုင်း  တည်ရှိသည်။  လှေကားအတက်တံခါးရွက်များမှာ   သစ်လုံးတစ်ခုတည်း ထွင်းထုထားသည့်ပန်းပုရုပ်ကြွများပင်ဖြစ်သည်။  ရှေ့ပိုင်း ရှိသစ်သားပွတ်လုံးတိုင်များတွင်    တောထွက်ခန်းနှင့် ဇာတ်တော်အချို့ကိုပန်းပုထုထားသည်။အလယ်ပိုင်းနေရာတွင်လည်း    ဇာတ်တော်အချို့ကိုပန်းပုအမွှမ်းများဖြင့်   ထုဆစ်ပုံဖော်ထားသည်။  ကျောင်းကြီးပေါ်တွင်ထူးခြားစွာ မြင်တွေ့ရသည်မှာ  ကြေးခုတင်၊ ရှေးမှန်အိမ်၊ မီးအိမ်များ၊ စာတိုက်ဗီရိုများ၊ ရှေးဟောင်းမှန်ဗီရိုများဖြစ်သည်။
 
ကြေးမြင်ကျောင်းဟု အမည်တွင်ရခြင်းမှာ  မူလက ရန္တပိုရွာသား(ဆီမီးခုံရွာစား)ကဆောက်လုပ်လှူဒါန်းခဲ့ သဖြင့် ရွာစားကျောင်းဟုခေါ်တွင်ခဲ့သည်။  သက္ကရာဇ် ၁၂၃၇ ခုနှစ်တွင်  ဆောက်လုပ်ကာ  မဟာဝိသုဒ္ဓါရာမတိုက် ရှိ တိုက်အုပ်ဆရာတော်  ဦးပညာတိဓဇဓမ္မလင်္ကာရ မဟာဓမ္မ ရာဇာဓိရာဇဂုရုအားတင်လှူခဲ့သည်။ တိုင်ပေါင်း ၉၉ လုံး နှင့် လှေကားနှစ်စင်းပါခြေတံရှည်ကျောင်းပင်ဖြစ်သည်။  
 
၁၂၄၁  ခုနှစ်တွင်   ဆရာတော်သည်ထိုတိုက်ဝင်းအတွင်း ရှိ ရမည်းသင်းကျောင်းမှ  ပြောင်းရွှေ့သီတင်းသုံးခဲ့သည်။ ၁၂၇၃ ခုနှစ်တွင်   သတိုးမင်းကြီး   မဟာမင်းလှမင်းခေါင် ကျော်သူဘွဲ့ခံ     ရေနံချောင်းမြို့စားဝန်ရှင်တော်မင်း၏သမီးတော် မင်းတုန်းမင်း၏ မိဖုရားကြေးမြင်တိုက်စား   သုသီရိပဘာမဟေသီက အရှေ့ပိုင်းကျောင်းဆောင်ကို   သွပ်အမိုးမိုးကာ   ကျောင်းအောက်ပိုင်း  ဘေးပတ်လည်ကို  ရာဇမတ်ကွက်များကာရံခဲ့ခြင်းကြောင့်    ကြေးမြင်မိဖုရား ကျောင်းဟုခေါ်တွင်ခဲ့ကြောင်းသိရသည်။   ယခုအခါ ရှေးဟောင်းလက်ရာမြောက်      ကြေးမြင်မိဖုရားကျောင်း (ရန္တပိုရွာစားကျောင်း)ကို        မဟာဇေယျဘုံရပ်ကွက်    အောင်မြေသာစံမြို့နယ်  ရေစစ်ကန်အနီး(၆၂)လမ်း အရှေ့ဘက်တွင်လေ့လာနိုင်ကြောင်း သိရသည်။
 
 
တိမ်တမန်