ဒီမိုကရေစီစနစ်ကို အခြေတည်ခိုင်မာသည်ထက်ခိုင်မာအောင် ဥပဒေနှင့်အညီ နိုင်ငံတော်အစိုးရ၏ ဦးဆောင်မှုအောက်တွင် တိုင်းရင်းသား ညီအစ်ကိုမောင်နှမများနှင့် လက်တွဲပူးပေါင်းဆောင်ရွက်သွားမည်

 
 
နေပြည်တော်  ဧပြီ  ၆
 
တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(ဗထူး) ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၁၁၉) သီဟတပ်ခွဲ သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြအခမ်းအနားကို ယနေ့နံနက် ၇ နာရီခွဲတွင် ဗထူးတပ်မြို့ တပ်မတော်(ကြည်း) ဗိုလ်သင်တန်း ကျောင်း (ဗထူး) စစ်ရေးပြကွင်း၌ ကျင်းပရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး  မဟာသရေစည်သူ မင်းအောင်လှိုင်ကိုယ်စား    ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး သီရိပျံချီစိုးဝင်း တက်ရောက်မိန့်ခွန်းပြောကြားသည်။
 
အဆိုပါအခမ်းအနားသို့    ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)၏ဇနီး ဒေါ်သန်းသန်းနွယ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အေးဝင်း၊ ဗထူးတပ်နယ်မှ တပ်မတော်အရာရှိကြီးများ၊ ဖိတ်ကြားထားသူများ၊ သင်တန်းဆင်း ဗိုလ်လောင်းများနှင့် ၎င်းတို့၏ မိဘဆွေမျိုးများ တက်ရောက်ကြသည်။
 
အခမ်းအနားတွင်   ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ဗိုလ်လောင်းတပ်ခွဲများ၏ အလေးပြုခြင်းကိုခံယူပြီး ဗိုလ်လောင်းတပ်ခွဲများအား  စစ်ဆေးကာ ကျောင်းဆင်းဗိုလ်လောင်းတပ်ခွဲများ၏ အနှေးလျှောက်၊ အမြန်လျှောက်ဖြင့် ချီတက်အလေးပြုခြင်းကို ခံယူသည်။
 
ယင်းနောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း(ဗထူး) ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၁၁၉) သီဟတပ်ခွဲမှ အကောင်းဆုံးဗိုလ်လောင်းဆုရရှိသူ ဗိုလ်လောင်းအမှတ် (၁၁၂) ဗိုလ်လောင်းမင်းအောင်အား ငွေဓားဆုချီးမြှင့်သည်။
 
ထို့နောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သင်တန်းဆင်း ဗိုလ်လောင်းများအား မိန့်ခွန်းပြောကြားရာတွင် ယနေ့သည် တပ်မတော်အတွက်  မျိုးဆက်သစ်များ အားသစ်လောင်းသော နေ့တစ်နေ့ဖြစ်ကြောင်း၊ ''တပ်မတော် (ကြည်း)တွင် အရည်အချင်းပြည့်ဝသော အရာရှိများ ဖြစ်ပေါ်လာစေရန်နှင့် ခြေလျင်တပ်စုတစ်စုကို ပိုင်နိုင်စွာကွပ်ကဲ၍ စစ်မြေပြင်တွင် တိုက်ပွဲဝင်နိုင် စေရန်''ဆိုသည့် ရည်ရွယ်ချက်ဖြင့် တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း (ဗထူး)က လေ့ကျင့်မွေးထုတ်ပေးလိုက်ခြင်းဖြစ်ကြောင်း။
 
နိုင်ငံတော်ကို ဘက်ပေါင်းစုံက ကာကွယ်နိုင်ရန် ပြည်သူက အားကိုးရသည့်  တပ်မတော်ဖြစ်ရန်အတွက်  တပ်မတော်သည်  စွမ်းရည်ရှိသော  တပ်မတော်  Standard Army ဖြစ်အောင် တည်ဆောက်လျက်ရှိကြောင်း၊ တပ်မတော်ကို Standard Army ဖြစ်အောင် တည်ဆောက်ရာတွင် တိုက် စွမ်းရည်နှင့် တိုက်စွမ်းအား မြင့်မားရန်လိုကြောင်း၊ တိုက်စွမ်းရည်မြင့်မားအောင် တပ်မတော်သားတစ်ဦးချင်းနှင့် တပ်ဖွဲ့လိုက် ကျန်းမာကြံ့ခိုင်မှုမှအစ စစ်ဆင်မှု အတတ်ပညာအဆုံးတို့ကို အကြိမ်ကြိမ်အဖန်ဖန် ထပ်တလဲလဲ လေ့ကျင့်ခြင်း ဖြင့် ကျွမ်းကျင်မှု (Skill) ရှိအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ တိုက်စွမ်းအား မြင့်မားရန်အတွက် ခေတ်မီစစ်လက်နက်ပစ္စည်းကိရိယာနှင့် နည်းပညာများကို  လူသားအရင်းအမြစ်ဖွံ့ဖြိုးမှုများဖြင့် ပေါင်းစပ်ပြီး  စဉ်ဆက်မပြတ် ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ နိုင်ငံတော်ကို အပြည့်အဝလုံခြုံအောင် ကာကွယ်နိုင်ရန်အတွက် တစ်ရက်၊ တစ်မနက်တည်းဖြင့် တပ်မတော်ကို တည်ဆောက်၍မရနိုင်ဘဲ  Revolution in Military Affair (RMA) ဟု ခေါ်သော ပြောင်းလဲနေသည့် စစ်ဘက်နည်းပညာများ၊ ပတ်ဝန်းကျင်နိုင်ငံ တပ်မတော်များ၏ လက်နက်၊ ခဲယမ်း၊ ယာဉ်၊ ယန္တရားဖြည့်ဆည်းမှုများအပေါ်  မျက်ခြည်မပြတ် အကဲခတ်ပြီး စဉ်ဆက်မပြတ် တပ်မတော်ကို တည်ဆောက် ကြရမည်ဖြစ်သကဲ့သို့  ရဲဘော်တို့အနေဖြင့်လည်း   ကျရာတာဝန်အလိုက်  RMA ကိုလည်း လေ့လာမှတ်သားပြီး သုံးသပ်အကြံပြုတင်ပြကြရန် လိုအပ်ကြောင်း။
 
တပ်မတော်သည် တိုင်းပြည်၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးရရှိအောင် ခေတ်အဆက်ဆက်တွင် ကျရာအခန်းကဏ္ဍကနေ ကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်း၊  ၂ဝ၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့တွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ (၈)ဖွဲ့နှင့် လက်မှတ်ရေးထိုးနိုင်ခဲ့သည့်အပြင် ပထမအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံကို  ၂ဝ၁၆ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်နေ့တွင် ကျင်းပနိုင်ခဲ့ကြောင်း။
 
ထို့ပြင် ဒီမိုကရေစီစနစ်ကို လိုလားတောင့်တခဲ့ကြသည့် ပြည်သူလူထု၏ဆန္ဒကို ဖော်ဆောင်နိုင်ရန်၂ဝဝ၈ ခုနှစ် ပြည်ထောင်စု မြန်မာနိုင်ငံတော်  ဖွဲ့စည်းပုံအခြေခံဥပဒေကို  ပြည်လုံးကျွတ်ဆန္ဒခံယူပွဲနှင့် အတည်ပြုဆောင်ရွက်ခဲ့ကြောင်း၊  ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ၂ဝ၁ဝ ပြည့်နှစ်တွင် ပါတီစုံ အထွေထွေရွေးကောက်ပွဲကြီးကို ကျင်းပပေးခဲ့ပြီး ဒီမိုကရေစီစနစ်သို့ ညင်သာစွာ ကူးပြောင်းနိုင်အောင် ပထမခြေလှမ်းစတင်ဆောင်ရွက်ခဲ့ကြောင်း။
 
ဒီမိုကရေစီဒုတိယခြေလှမ်းအတွက် ၂ဝ၁၅ ခုနှစ်မှာ Free  and Fair  ဖြစ်သည့် အထွေထွေရွေးကောက်ပွဲကြီးကို အောင်မြင်စွာကျင်းပနိုင်အောင် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးခဲ့ကြောင်း၊ ရှေ့ဆက်ပြီး ဒီမိုကရေစီစနစ်ကို အခြေတည်ခိုင်မာသည်ထက် ခိုင်မာအောင် ဥပဒေနှင့်အညီ  နိုင်ငံတော် အစိုးရ၏ ဦးဆောင်မှုအောက်တွင် တိုင်းရင်းသားညီအစ်ကိုမောင်နှမများနှင့် လက်တွဲပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထို့ပြင် တပ်မတော်၏  မွန်မြတ်သော  သမိုင်းကြောင်း  အစဉ်အလာကောင်းများကိုလည်း  တပ်မတော်သားအားလုံးက တာဝန်သိစိတ်နှင့် ဆက်လက်စောင့်ထိန်းလိုက်နာ သွားကြရမည်ဖြစ်ကြောင်း။
 
ပါတီစုံဒီမိုကရေစီစနစ်ကို ဖော်ဆောင်ရာတွင် တည်ငြိမ်အေးချမ်းမှုနှင့် တရားဥပဒေစိုးမိုးရေးသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒီမိုကရေစီ ရင့်သန်ခိုင်မာရေးအတွက် မရှိမဖြစ်လိုအပ်ကြောင်း၊ လက်နက်စွဲကိုင်ပြီး ဒီမိုကရေစီစနစ်ကိုဖော်ဆောင်၍မရနိုင်ခြင်းကြောင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် ဒီမိုကရေစီ၏ အနှစ်သာရကိုလက်ခံပြီး NCA မှ တစ်ဆင့် Political Dialogues ကို ဆက်လက်ဆွေးနွေးသွားနိုင်လိမ့်မည်ဟု လည်း တပ်မတော်က ယုံကြည်ချက်ထားရှိသကဲ့သို့ အကြောင်းအမျိုးမျိုးကြောင့် NCA တွင် ပါဝင်လက်မှတ်ရေးထိုးခြင်းမရှိသေးသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့်လည်း NCA  တွင် ပါဝင်လက်မှတ်ရေးထိုးပြီး Political  Dialogues တွင် ပါဝင်လာကြမည်ဟုလည်း ယုံကြည်ကြောင်း၊   တပ်မတော်အနေဖြင့်လည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် နိုင်ငံတော်အစိုးရ၏ ဦးဆောင်မှုနှင့် ဥပဒေဘောင်အတွင်းက တက်ကြွစွာ ပူးပေါင်းပါဝင်  ဆောင်ရွက်လျက်ရှိကြောင်း၊ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဦးတည်ပြီး စစ်မှန်သည့် ထာဝရငြိမ်းချမ်းရေး တည်ဆောက်နိုင်ရန်အတွက်လည်း တပ်မတော်၏ ငြိမ်းချမ်းရေးမူဝါဒ (၆)ရပ်နှင့်အညီ အမြဲတမ်းကြိုဆိုလျက်ရှိကြောင်း။
 
ထို့ပြင် နိုင်ငံ၏ ပထဝီအနေအထားနှင့် နိုင်ငံ့စွမ်းအားအရ နိုင်ငံတော်  ကာကွယ်ရေးအတွက်  ပြည်သူ့စစ်မဟာဗျူဟာကို  ချမှတ်ကျင့်သုံးလျက် ရှိကြောင်း၊ ပြည်သူ့စစ်မဟာဗျူဟာဖော်ဆောင်နိုင်ရန်အတွက်ဆိုလျှင် ပြည်သူလူထု အလွှာအသီးသီးအားစည်းရုံးပြီး အသွင်ပုံသဏ္ဌာန်အမျိုးမျိုး၊ နည်းလမ်း အသွယ်သွယ်နှင့် ဆောင်ရွက်လာကြမည့် မည်သည့်အန္တရာယ်မျိုးကိုမဆို  ကာကွယ်သွားကြရမည်ဖြစ်ကြောင်း၊ ပြည်သူလူထု၏ ယုံကြည်အားကိုးမှုကို ရရှိစေရန်အတွက် ပြည်သူ့အကျိုးပြုလုပ်ငန်းများကို လက်တွေ့ပါသည့်တပ်ပြင် စည်းရုံးမှုများကို အကောင်အထည်ဖော် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။ 
 
နိဂုံးချုပ်အနေဖြင့် အမျိုးသားရေးတာဝန်ဖြစ်သည့် ဒို့တာဝန်အရေး    သုံးပါးကို နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ကာကွယ်စောင့် ရှောက်နိုင်ရေးအတွက်  နိုင်ငံတော်နှင့် တပ်မတော်က ပေးအပ်လာမည့် မည်သည့်တာဝန်မျိုးကိုမဆို  ကျေပွန်အောင် ထမ်းဆောင်သွားကြရန်၊ အချိန်နှင့်အမျှ ပြောင်းလဲဖြစ်ပေါ်နေသည့်  စစ်မှုရေးရာနှင့် စစ်လက်နက်၊ အတတ်ပညာများကို ခေတ်နှင့်အညီ သိရှိပြီး ဆက်စပ်တွေးခေါ် လုပ်ကိုင်နိုင်သော ခေါင်းဆောင်ကောင်းများဖြစ်အောင် လေ့လာ၊ လေ့ကျင့်၊ လိုက်နာဆောင်ရွက်သွားကြရန်၊ စိတ်ဓာတ်၊ စည်းကမ်း၊ သစ္စာရှိမှု၊ စည်းလုံးညီညွတ်မှုနှင့်  အမိန့်နာခံမှုကောင်းပြီး စစ်ဘက်၊ နယ်ဘက်ဥပဒေများကို လေးစားလိုက်နာကာ နိုင်ငံတော်နှင့် တပ်မတော်အပေါ်၊ ရဲဘော် ရဲဘက်ချင်းအပေါ် မှန်ကန်သည့် သစ္စာစောင့်သိသော ခေါင်းဆောင်ကောင်းများဖြစ်အောင် ကြိုးစားသွားကြရန်၊ တပ်မတော်၏ မွန်မြတ်သည့် အစဉ်အလာကောင်းများကို အသက်ပေးကာကွယ်စောင့်ရှောက်ရင်း  မိမိလက်အောက်နှင့်  အထက်တပ်မှူးများက ယုံကြည်အားထားရသော ခေါင်းဆောင်ကောင်းများဖြစ်အောင် ခေါင်းဆောင်မှု အင်္ဂါရပ်များနှင့်အညီ ကျင့်ကြံနေထိုင် ကြိုးစားသွားကြရန်၊ စစ်သည်တော် ကျင့်ဝတ်များကို လေးစားလိုက်နာပြီး တပ်တွင်းတပ်ပြင်စည်းရုံးရေးကို ခိုင်မာ အောင်တည်ဆောက်ကာ နိုင်ငံတော်ကာကွယ်ရေးအတွက် ကျရာအခန်း ကဏ္ဍက ကျေပွန်အောင် ဆောင်ရွက်သွားကြရန် ပြောကြားသည်။ 
 
ထို့နောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ဗိုလ်လောင်းတပ်ခွဲများ၏ အလေးပြုခြင်းကို ခံယူသည်။
 
စစ်ရေးပြအခမ်းအနားအပြီးတွင် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အရှေ့ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူးတို့နှင့်အတူ ရိပ်သာဧည့်ခန်းမ၌ ထူးချွန်ဆုရ ဗိုလ်လောင်းများနှင့် ၎င်းတို့၏ မိဘများအား တွေ့ဆုံ၍ ဂုဏ်ပြုအမှာစကား ပြောကြားသည်။
 
ညပိုင်းတွင် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၁၁၉) သီဟတပ်ခွဲသင်တန်းဆင်း ဂုဏ်ပြုညစာစားပွဲအခမ်းအနားကို  တပ်မတော်(ကြည်း)  ဗိုလ်သင်တန်း ကျောင်း(ဗထူး) စစ်ရာထူးခန့်ထားရေးခန်းမဆောင်၌ ကျင်းပရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုယ်စား ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်ချီးမြှင့်သည်။
 
အဆိုပါသင်တန်းဆင်း ဂုဏ်ပြုညစာစားပွဲအခမ်းအနားသို့ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်း၏ ဇနီး ဒေါ်သန်းသန်းနွယ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး မှ တပ်မတော်အရာရှိကြီးများ၊ ဖိတ်ကြားထားသူများ၊ သင်တန်းဆင်းအရာရှိများနှင့် ၎င်းတို့၏ မိဘဆွေမျိုးများ တက်ရောက်ကြသည်။     
 
(မြဝတီ)