MRTV မှ ဝန်ထမ်းများ ရုပ်သံဇာတ်လမ်းတွဲ ရေးသားခြင်းဆိုင်ရာသင်တန်း အွန်လိုင်းဖြင့် တက်ရောက်လေ့လာ

 

နေပြည်တော် ဇွန် ၂၉

အာရှ-ပစိဖိတ် ရုပ်သံလုပ်ငန်းများ အဖွဲ့အစည်း Asia Pacific Broad-casting Union (ABU) က ယနေ့ မွန်းလွဲပိုင်းတွင် ရုပ်သံဇာတ်လမ်းတွဲ ရေးသားခြင်းဆိုင်ရာ သင်တန်းကို အွန်လိုင်းဖြင့် ပြုလုပ်ရာ မြန်မာ့ အသံနှင့်ရုပ်မြင်သံကြားမှ ဝန်ထမ်း ရှစ်ဦး တက်ရောက်လေ့လာကြသည်။
အဆိုပါသင်တန်းတွင် ABU ရှိ ပါကစ္စတန်နိုင်ငံ၌ ရုပ်သံလုပ်ငန်း ၃၅ နှစ် အတွေ့အကြုံရှိသည့် ကျွမ်းကျင်သူ Ms. Moneeza Hashmi က အောင်မြင်ကောင်းမွန်သည့် ရုပ်သံ ဇာတ်လမ်း၊ ဇာတ်ကွက်များ ဖန်တီး ရေးသားရန်အတွက် လိုအပ်သည့် အချက်အလက်များကို အွန်လိုင်းမှ ဆွေးနွေးပို့ချရာ ၎င်းသင်တန်းသို့ ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့ အသံနှင့် ရုပ်မြင်သံကြားရှိ နေပြည်တော် နှင့် ရန်ကုန်တို့မှ ဝန်ထမ်း ရှစ်ဦးတို့က အာရှ-ပစိဖိတ် ဒေသတွင်းနိုင်ငံ ၇၀ ကျော်မှ စိတ်ပါဝင်စားသူ ၃၇ ဦးတွင် ပါဝင်ချိတ်ဆက်ပြီး တက်ရောက် လေ့လာခြင်းဖြစ်သည်။
ABU အနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားစဉ် ရုပ်သံ ထုတ်လွှင့်ခြင်းဆိုင်ရာ အတွေ့အကြုံ နှင့် နည်းပညာများကိုလည်း Online မှတစ်ဆင့် မျှဝေပေးလျက်ရှိရာ ယနေ့တွင် ရုပ်သံဇာတ်လမ်းတွဲများ ရိုက်ကူး ထုတ်လုပ်မှုများအတွက် ဇာတ်လမ်း၊ ဇာတ်ကွက်ရေးသား ခြင်းဆိုင်ရာ အသိပညာ၊ အတတ် ပညာနှင့် နည်းပညာဆိုင်ရာများကို ဆွေးနွေးပို့ချခြင်း ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်