နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ရောဂါမပြန့်ပွားစေဖို့ ထိရောက်စွာ ဆောင်ရွက်နိုင်မည် ဆိုပါက နောက် (၁)လ၊ (၂)လလောက်အတွင်းမှာ ဒုတိယအကြိမ် Covid လှိုင်းထခြင်းကို တားဆီးနိုင်မည်ဟု မျှော်လင့်ရကြောင်း ရေးသားဖော်ပြ

 

နေပြည်တော် ဇွန် ၂၉

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ရောဂါမပြန့်ပွားစေဖို့ ထိရောက်စွာ ဆောင်ရွက်နိုင်မည်ဆိုပါက နောက်(၁)လ၊ (၂)လလောက်အတွင်းမှာ ဒုတိယအကြိမ် Covid လှိုင်းထခြင်းကို တားဆီးနိုင်မည်ဟု မျှော်လင့်ရပါကြောင်း ၎င်း၏ ဖေ့စ်ဘွတ်စာမျက်နှာမှ ယနေ့တွင် ရေးသားဖော်ပြထားသည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က Covid ရောဂါပြန့်ပွားမှုကို ကာကွယ်နိုင်ဖို့အတွက် (၂)ပတ်တစ်ကြိမ်အခြေအနေတွေကို သုံးသပ်ပြီး ဆက်လက် ထိန်းသိမ်းထားရမယ့် စည်းမျဉ်းတွေ၊ ဖြေလျှော့သင့်တာတွေ၊ မြှင့်တင်သင့်တာတွေကို ဆုံးဖြတ်ရပါကြောင်း၊ ယခုလကုန်မှာ မိမိနေအိမ်တွင် နေထိုင်ရေး (Stay at Home) အစီအစဉ်ကို မြို့နယ်တွေအားလုံး ဖြေလျှော့ပေးနိုင်ပြီဖြစ်ပါကြောင်း။
လူစုလူဝေးဖြစ်စေနိုင်မဲ့ကိစ္စများကိုတော့ ဆက်လက်ပိတ်ပင်ထားပါကြောင်း၊ ရောဂါမပြန့်ပွားစေဖို့ ထိရောက်စွာ ဆောင်ရွက်နိုင်မည်ဆိုပါက နောက် (၁)လ၊ (၂)လလောက်အတွင်းမှာ ဒုတိယအကြိမ် Covid လှိုင်းထခြင်းကို တားဆီးနိုင်မည်ဟု မျှော်လင့်ရပါကြောင်း၊ ရောဂါလက္ခဏာလုံးလုံးမပြဘဲ ကူးစက်ခံနေရသူတွေများတာကြောင့် အထူးသတိထားဖို့လိုပါကြောင်း၊ စျေးများလို အခြားသူများနဲ့ အချိန်ခပ်ကြာကြာ ထိတွေ့နိုင်တဲ့နေရာတွေမှာ Mask တပ်ဖို့ အထူးအရေးကြီးပါကြောင်း၊ လက်ကို ခဏခဏဆေးဖို့လည်း မမေ့ပါနဲ့။ မပေါ့ဆပါနဲ့။
အိမ်မှာနေရတဲ့ ကာလတွေအတွင်းမှာ အွန်လိုင်းအရောင်းအဝယ်တွေ မြင့်မားလာတယ်လို့ သိရပါကြောင်း၊ လူသားတွေရဲ့ အခြေအနေသစ်တွေရဲ့ လိုအပ်ချက်အရ ပြောင်းလဲနိုင်တာကို ပြတာပဲဖြစ်ပါကြောင်း၊ အချို့ကိစ္စတွေကတော့ ဘယ်တော့မှ မပြောင်းပါကြောင်း၊ ပြောင်းသင့်တဲ့အခါ ပြောင်းဖို့ လိုတာက ဘယ်တော့မှ မပြောင်းလဲနိုင်တဲ့ အရာပါ။ မိမိတို့ပြည်သူတွေ ပြောင်းသင့်ရင် ပြောင်းနိုင်စွမ်းရှိကြပါစေ ဟု ရေးသားထားသည်။