အောင်ပွဲအဆက်ဆက် ပြည်တော်ဝင်

 
၁၉၄၂ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် အင်္ဂလိပ်တို့ အားအကိုးဆုံး စင်ကာပူ ခံတပ်ကြီး ကျသွားသည်နှင့် ရန်ကုန်မှ အင်္ဂလိပ်တို့လည်း အထက်သို့ ရုတ်ချည်း ဆုတ် ခွာကြ၏။ မတ်လ(၈)ရက်နေ့တွင် ရန်ကုန်သည် သိသာ 
ထင်ရှားစွာ တုန်လှုပ်ချောက်ချားလေပြီ။ ရန်ကုန်မြို့တွင်လည်း ဂျပန်က ပဲခူးမြို့မြောက်ဘက် ၁ဝ မိုင်အကွာ၌ တည်ရှိသော ဘုရားကြီးရွာနှင့် ၁၈မိုင်အကွာ၌ တည်ရှိသော ပျဉ်ပုံကြီးရွာများ၌ ရောက်ရှိသိမ်းပိုက်ပြီးလေပြီ။ ဤသို့ဖြင့် ရန်ကုန်-မန္တလေး မီးရထားလမ်းကို ဂျပန်က ဖြတ်တောက်နိုင်လိုက်၏။ မန္တလေးမှာ ထိုသတင်းက ရုတ်ချည်းရောက်လာကာ တစ်မြို့လုံး တုန်လှုပ်ချောက်ချားကြလေပြီ။
သို့သော် မန္တလေး သူရိယသတင်းစာက ၁၃ဝ၃ ခု၊ တပေါင်းလဆုတ် ၁ဝ ရက် အင်္ဂါနေ့၊ (၁ဝ-၃-၁၉၄၂) နေ့ထုတ်တွင် 'ယခုအခါ မဟုတ်မမှန်သော ကောလာဟလသတင်းများ အနှံ့အပြား ထွက်ပေါ်နေသော်လည်း မန္တလေးမြို့၏ အခြေအနေမှာ ကောင်းမွန်ငြိမ်းချမ်းလျက်ရှိနေကြောင်း၊ ရှေ့အဖို့ တစ်စုံတစ်ရာဖြစ်မည့် နိမိတ်လက္ခဏာလည်း ယခုအချိန်အခါအထိ အရိပ်အမြွက်မျှ စဉ်းစားတွေးတော၍ မရနိုင်အောင်ရှိနေကြောင်း' ရေးသားဖော်ပြပါရှိခဲ့သည်။
ဂျပန်ဝင်ပြီ
သို့သော် ၁၃ဝ၃ ခုနှစ် တပေါင်းလဆန်း ၅ ရက် (၁၈-၂-၁၉၄၂) ဗုဒ္ဓဟူးနေ့ကတည်းက ဂျပန်လေယာဉ်ပျံ တစ်စင်းသည် သတင်းအရ မန္တလေးသို့ ဝင်လာပြီး နန်းတော်အတွင်းက အထက်ဗမာ(မြန်မာ)ပြည် အသင်းတိုက်ကို ဗုံးကြဲဖျက်ဆီးသွားပြီးဖြစ်သည်။ အိန္ဒိယမှ ပြန်လာသော ချန်ကေရှိတ် မန္တလေးသို့ ခေတ္တဝင်လာသည်ဟူသော သတင်းကြောင့် ဤသို့ ဗုံးကြဲခြင်းဟုဆို 
ကြ၏။ မကြာလိုက်၊ ဧပြီ (၃)ရက် သောကြာနေ့ မနက် ၁၁ နာရီခန့်တွင် အရှေ့ဘက်၊ တောင်ဘက်နှင့် အနောက်ဘက်တို့မှ ဂျပန်လေယာဉ်ပျံကြီးများ ပျားအုပ်ကြီးများ ပျံလာသကဲ့သို့ ဝင်ရောက်လာကြသည်။ ဂျပန်လေယာဉ်
အုပ်ကြီးက မြို့လယ်လူနေရပ်ကွက်များကို မီးလောင်ဗုံးများနဲ့ ပေါက်ကွဲသေကျေပျက်စီးစေသော ဗုံးများကြဲချသည်။ နိမ့်နိမ့်ပျံဆင်းပြီး မြင်မြင်သမျှ အရပ်သားများကို စက်သေနတ်နှင့် ပစ်ခတ်သည်။ ဂျပန်လေယာဉ်(၈ဝ)လောက်က မြို့ကို ပိုက်စိပ်တိုက် ဗုံးကြဲပစ်ခတ်၍ တစ်မြို့လုံးနီးပါး မီးလောင်ပျက်စီးကုန်၏။ မြို့သူမြို့သား ၂ဝဝဝ ကျော် ၃ဝဝဝ အတွင်း သေကျေပြီး ၃ဝဝဝ ထက်မနည်း ဒဏ်ရာရရှိကြသည်။ မန္တလေးသားများလည်း ထိတ်လန့်တကြားနှင့် တစ်ဦးနှင့်တစ်ဦး မကယ်နိုင်ကြ တော့ဘဲ ကိုယ့်အသက်ကိုယ်လုကာ ပြေးလွှားကြရတော့သည်။ ပြန်လည်ဆုတ်ခွာသည့် အင်္ဂလိပ်ကလည်း မြို့၏ လူနေရပ်ကွက်အချို့ကို မီးရှို့ဖျက်ဆီးသွားသဖြင့် တစ် မြို့လုံး မီးလောင်တိုက်သွင်းကာ သတ်ကွင်းကြီးတစ်ခု အသွင် ရုတ်ချည်းပြောင်းလဲသွားတော့သည်။ ဤသို့ ဖြင့် မေလ ၁ ရက်တွင် မန္တလေးကို ဂျပန်က လုံးလုံး လျားလျား သိမ်းပိုက်နိုင်လိုက်တော့သည်။
တောကြောင်လူဆိုးများလက်ချက်
မန္တလေးကို ဂျပန်က သိမ်းပိုက်အပြီး မေလ ၁၂ ရက်နေ့တွင် စစ်အတွင်း ကနဦးအစောဆုံးသတင်းစာအဖြစ် 'တိုင်းချစ်သတင်းစာ' ထွက်လာသည်။ 'ဗမာ့လွတ်လပ်ရေး တပ်မတော်၏ ခွင့်ပြုချက်အရ မန္တလေးမြို့ လက်ဆည်ကန်ရပ် တိုင်းချစ်ပုံနှိပ်တိုက်မှာ ပုံနှိပ်ထုတ်ဝေ တယ်' လို့ သတင်းစာရဲ့ ကျောဘက် အောက်ပိုင်းမှာ ရေးသားထားပြီး 'အယ်ဒီတာ ဦးမောင်မောင်ခင်' က
ခေါင်းကြီးပိုင်းမှာ 'အရေးတော်ပုံ အောင်ပြီ' ဆိုတဲ့ ခေါင်းစဉ်နှင့်ရေးသားခဲ့သည်။ ကနဦးထုတ် တိုင်းချစ် သတင်းစာပါ သတင်းများအရ မန္တလေးမြို့သည် စစ်ဘေးဒဏ်ကြောင့် အိမ်ခြေလေးသောင်းရှိသည့်အနက် မလောင်ဘဲ ကျန်ရစ်သော အိမ်များမှာလည်း တော ကြောင်လူဆိုးများလက်ချက်ဖြင့် ဘာမျှ ရစရာမရှိ အောင် ပျက်စီးဆုံးရှုံးသွားကြောင်း သိရှိကြရသည်။
ဗြိတိသျှနှင့် တရုတ်စစ်သားများ ဆုတ်ခွာသောအခါ ၁၉၄၂ ခုနှစ် ဧပြီလ ၃ဝ ရက်နေ့တွင် အင်းဝတံတားကြီး၏ စစ်ကိုင်းဘက်ခုံးနှစ်ခုံးကို ဖောက်ခွဲဖျက်ဆီးခဲ့လေပြီ သို့သော် မန္တလေးသိမ်းအပြီးအထိ မြို့ပတ်ဝန်းကျင်၌ ဗုံးသံ၊ အမြောက်သံများ ကြားနေရကြရဆဲဖြစ်၏။ အိန္ဒိယသို့ အလျင်အမြန် ဆုတ်ခွာနေသော ဗြိတိသျှနောက်အား ဂျပန်တပ်က ထက်ကြပ်မကွာလိုက်ကာ တိုက်ခိုက်နေဆဲဖြစ်သည်။
စစ်ကိုင်းသို့ စစ်ပြေးကြ
မန္တလေးကို ဂျပန်က ဗုံးစတင်ကြဲသောအခါ တရုတ်တန်းရပ်ကွက်သည် အထိအနာဆုံးဖြစ်သဖြင့် ဆရာမြို့မ ငြိမ်းတို့ မိသားစုသည်လည်း အမရပူရတွင် နှစ်လ၊ သုံးလမျှ သွားရောက်ခိုလှုံကြရသည်။ ထို့နောက် မန္တလေး
မြို့ အနောက်ပြင် ခင်မကန်တိုက်ရှိ ဘကြီးဦးနန္ဒိယ၏ တရုတ်တန်းကျောင်းသို့ ပြောင်းရွှေ့ကြပြန်၏။ မြို့လုံးကျွတ်နီးပါး မီးလောင်ပြာကျပြန်သောအခါ ဧရာဝတီတစ်ဖက်ကမ်း မင်းကွန်းသဲဖြူချောင်းရွာသို့ ပြေးကြရပြန် သည်။ ထို့နောက် စိတ်မချ၍ ကျောက်မဲသို့ ပြေးကြ သည်။
ကျောက်မဲ၌ တစ်နှစ်ခန့် ခိုလှုံပြီး မန္တလေး ပြန်ဆင်းလာသောအခါ မန္တလေးသည် ဂျပန်၏ လက်အောက်၌ ထင်သလိုမဟုတ်ဘဲ ပြားပြားမှောက်နေဆဲဖြစ်၏။ အပေါင်းအသင်းတွေလည်း စစ်ကိုင်းတောင်ရိုးမှာ စစ်ခိုစစ်ပြေးနေကြဆဲဖြစ်သည်။ ကိုရင်လေးက နိဗ္ဗိန္ဒချောင်မှာတဲ့။ နိဗ္ဗိန္ဒချောင်မှာ မြို့မအသင်းသားအများစု ရောက်နေကြသည်။ ဝါးချက်ရွာ ရွှေဇာလီချောင်မှာ စန္ဒရားဆရာ ကိုဘဒင်မိသားစု ရှိနေသည်။ ဆရာငြိမ်း မိသားစုသည် မန္တလေးရောက်ရောက်ချင်း စစ်ကိုင်းသို့ ကူးကြပြန် သည်။ ဝါးချက်ရွာ ရွှေဇာလီချောင်အထက် ကိုက် ၃ဝဝ အကွာ တောင်နံရံ၌ ကျောက်ဂူတစ်လုံးထွင်းပြီး စစ်ပြီး
ဆုံးသည်အထိ ဆရာငြိမ်းတို့မိသားစု ခိုလှုံခဲ့ကြသည်။
စစ်ကိုင်းတောင်၌ စစ်ခိုလှုံနေစဉ် ဆရာငြိမ်းသည် 'ကမ်းဆိပ်ရိပ်သာ သီတာရေယာဉ် ဧရာခွေဝန်း၊ သောင်ထွန်းတဲ့ တစ်ဖက်ကျွန်းဆွယ်' အစချီ ရေချိုးဆိပ်သီချင်း နှင့် 'ပြာပြာမှိုင်းမှိုင်း မြူခိုးလွင်ဆိုင်းရီ၊ တောင်တွေညို ညို့ ညို့ဝေရီ' အစချီသီချင်း(၂)ပုဒ်ကို ရေးစပ်ခဲ့လေ သည်။ ရေချိုးဆိပ်သီချင်းတွင် ဂျပန်ခေတ်က ကုန်ကြမ်း ပစ္စည်းရှားပါးမှုကြောင့် ရရာအမဲဆီများဖြင့် ချက်လုပ်သော ဆပ်ပြာခဲများကိုသာ အသုံးပြုရသဖြင့် အဆင်မပြေဖြစ်ရပုံကို 'အနားက အဘွားအို ... အဝတ် လျှော်နေရင်း ဆပ်ပြာကို ဆဲတော့ ဖောင်စွန်းတိုင်ပင် ရေတွေစင်ပါတယ်' ဟု ရေးစပ်ခဲ့သည်။
အလားတူ မန္တလေးမြို့က သီချင်းရေးဆရာတစ်ဦး ဖြစ်သည့် ဆရာညှာကလည်း မင်းကွန်းတောင်ရိုးရှိ မဟာဂီရိချောင် သဲဂူထဲ၌ စစ်ပြေးရှောင်တိမ်းရင်း 'စစ်အောင်နိုင်ရေး'၊ 'သီရိဓမ္မာသောက'နှင့် 'ပြည်တော်ဝင်' သီချင်းများကို ရေးစပ်ခဲ့လေသည်။
ဆရာညှာ၏ ပြည်တော်ဝင်
စစ်ကိုင်းတောင်ရိုးပေါ်က တရုတ်စံကားရိပ်တွင် သုံးနှစ်တာမျှ စစ်ခိုလှုံကြအပြီး ၁၉၄၅ ခု မတ်လ ၂၁ ရက် နေ့တွင် မန္တလေးမြို့၌ ရန်သူတစ်ဦးတစ်ယောက်မျှ မကျန်ရစ်ခဲ့တော့ဟု ကြေညာကာ မဟာမိတ်က ပြန်လည် သိမ်းပိုက်အပြီး စစ်ကြီးပြီးဆုံးတော့သည်။ မတ်လ ၂၃ ရက်နေ့၌ စစ်ကိုင်းချောင်၊ မင်းကွန်းချောင်အသီးသီးတွင် ခိုလှုံနေကြသော မြို့မအသင်းသားတွေကလည်း မန္တလေးသို့ တစုတဝေး ပြန်ကြလေပြီ။ အမရပူရစံရွေး ကူးတို့ဆိပ်မှ စစ်လက်ကျန် ထရပ်ကားကြီးပေါ် စုပြုံ တက်ကာ ရရာတူရိယာပစ္စည်းများဖြင့် မန္တလေးမြို့ တွင်းအထိ သီဆိုတီးမှုတ်ခဲ့ကြ၏။ မတ်လ ၂၃ ရက်ဆို
တော့ နောက်တစ်လအတွင်း သင်္ကြန်ကျတော့မည်။ မန္တလေးသားတွေက သင်္ကြန်ကို အခါတော်၊ အခါတွင်း ဟုပဲ ကလေး၊ လူကြီးမရွေး အစဉ်အဆက် သိကြသည်။ ထို့ကြောင့် ဆရာညှာက စစ်ကြီးကြောင့် သုံးနှစ်ကျော် လေးနှစ်မျှ သင်္ကြန်နှင့် ဝေးခဲ့ကြသော်လည်း ရှေးအစဉ် အဆက်ကတည်းက မန္တလေးသူ မန္တလေးသားတွေ ပျော်ပျော်ရွှင်ရွှင် ဆင်နွှဲခဲ့ကြသည့် သင်္ကြန်အခါတော် ရောက်ချိန်မှာ ရတနာပုံနန်းတွင်းအစဉ်အလာအတိုင်း အောင်စည်ရွမ်းသံနှင့် ပြည်တော်ဝင်ကြမယ်ဟု ထီးနန်း သုံးနှင့် ခန့်ညားစွာရေးစပ်ခဲ့သည်။
အခါတော် ရောက်ချိန် နီးလို့လာပြီလေ၊ 
ဒေါ်ဒေါ်မမ ... နှမတို့တစ်တွေ ... 
အသည်းစွဲချစ်မိတ်ဆွေ၊ ခေတ္တခွဲလို့နေ 
မြို့မနှင့်အတူတကွ လိုက်ပါနိုင်စေ 
အောင်စည်ရွမ်းသံ ကြားရပြီထင့်၊ 
ပြည်တော်ဝင်မယ်လေ ...'' တဲ့။
ဆရာညှာ၏ 'ပြည်တော်ဝင်'ကလည်း စစ်ကြောင့် ခိုလှုံနေကြသော စစ်ကိုင်းတောင်ရှိ မန္တလေးသားများနှင့် ကျန်ရစ်ခဲ့ရှာသော မန္တလေးသားများမမေ့လျော့ မေတ္တာမပျက် နှုတ်ခွန်းဆက်သကာ မြို့ပျက်ကြီးအား ပြန်လည်ထူထောင်ဖို့ အားမာန်များ တနင့်တပိုး ပေးစွမ်းနိုင်ခဲ့သည်။
၁၉၄၅ခုနှစ် နောက်ပိုင်း တီးဝိုင်း၊ အငြိမ့်၊ ဆိုင်း၊ဇာတ်ပွဲများနှင့် ၁၂ ရာသီမပြတ်ခဲ့သော မန္တလေးတွင်ပြည်တော်ဝင် သီချင်းက မင်္ဂလာရှိသောသီချင်းအဖြစ် အစဉ်အဆက်သီဆိုခဲ့ကြသောကြောင့် ပြည်တော်ဝင်သီချင်း မဆိုတတ်လျှင်ပင် မန္တလေးသားမဟုတ်ဟု သတ်မှတ်ခဲ့ကြသည်။ အထူးသဖြင့် မြို့မတူရိယာအသင်းက အလှူမင်္ဂလာ ဘုရားပွဲကျောင်းပွဲ ဧည့်ခံပွဲတိုင်း သူမပါ
လျှင် ပွဲမမြောက်သလောက်မို့ ပြည်တော်ဝင်ပြီး အောင် စည်ရွမ်းသံ မပြတ်ကြားခဲ့ကြရသည်။
ဒုတိယ ပြည်တော်ဝင်
၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက်နေ့တွင် လွတ်လပ်သော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အဖြစ် ကမ္ဘာသိကြေညာ နိုင်ခဲ့သည်။ သို့သော် အချင်းချင်း သဘောကွဲ မညီညွတ်မှုကြောင့် ပြည်တွင်းစစ်မီးကြီး တောက်လောင်ခဲ့ရသည်။ အမျိုးသားအချင်းချင်း လက်နက်စွဲကိုင် တော်လှန်ကြတော့၏။ တိုင်းရင်းသားလူမျိုးစု လက်နက်ကိုင်များက မန္တလေးကဲ့သို့ မြို့ကြီးများကိုပင် တက်ရောက်ခြယ်လှယ်လာပြီး မြို့တော်ရန်ကုန်သို့ပင် ထိပါးလာခဲ့ကြသည်။
၁၉၄၉ ခုနှစ် မတ်လ ၁၁ ရက်နေ့ ညနေ ၃ နာရီတွင် လက်နက်ကိုင် ကေအင်ဒီအိုများအောက်သို့ အခိုက်အတန့်အားဖြင့် မန္တလေးလည်း ကျရောက်သွားခဲ့ သည်။ မြို့သူမြို့သားများလည်း ရှေးနည်းတူ ကိုယ့်အိမ်ကိုယ့်ယာကို စွန့်ခွာကာ ထွက်ပြေးကြ၏။ မန္တလေးမြို့၏ အုပ်ချုပ်ရေးဆိုင်ရာ ရုံးများလည်း စစ်ကိုင်းမြို့သို့ ဆုတ်ခွာပြောင်းရွှေ့ ရုံးထိုင်ကြရသည်။ ဗိုလ်မှူးကြင်ဦးစီးသော မန္တလေးအခြေစိုက် အစိုးရတပ်ပေါင်းစုက စစ်ကိုင်းတွင် အင်အားပြန်လည်စုစည်းပြီး ဧပြီ ၆ ရက်နေ့တွင် မန္တလေးကို လူမျိုးစုများလက်မှ ပြန်လည်သိမ်းယူနိုင်ခဲ့သည်။
ဗိုလ်မှူးကြင်၊ ဗိုလ်မှူးအေးမောင်၊ ဗိုလ်မှူးထွန်းစိန် အစရှိသော ဗိုလ်မှူး၊ တပ်မှူးများ ရှေ့ဆောင်သည့် တပ်ပေါင်းစုများ မန္တလေးသို့ ပြန်လည်ကာ အုပ်စီးနိုင်သည် နှင့် မန္တလေးမြို့သည် ပုံမှန်အနေအထားသို့ ရောက်ရှိ ပြီး သတင်းစာများလည်း ပုံမှန်ထုတ်ဝေနိုင်ခဲ့ကြသည်။ ဧပြီလ ၉ ရက်နေ့တွင်ပင် ပထမဆုံးပြန်လည်ထုတ်ဝေနိုင်ခဲ့သော လူထုသတင်းစာ၏ မျက်နှာဖုံး၌ အစိုးရ တပ်များ မန္တလေးသို့ မည်သို့ပြန်သိမ်းပုံ၊ နန်းတွင်းရှိ လက်ကျန် လူမျိုးစုတပ်များကို မည်သို့တိုက်ထုတ်ပုံ၊ ပြင်ဦးလွင်သို့ ဆုတ်ပြေးသော လူမျိုးစုတပ်များအား နန်းရှေ့နှင့် အောင်ပင်လယ်မှဖြတ်၍ မည်သို့ချေမှုန်းပုံ များလည်း အကျယ်တဝင့် ရေးသားထားသည်။ မြို့သိမ်း တပ်များ၏ ရှေ့တန်းကွပ်ကဲရုံးကို (၈၄)လမ်း လက်ဆည် ကန်ရပ်ရှိ နဂါးဒေါ်ဦးတိုက်တွင် ဖွင့်လှစ်ထားသည်။
မန္တလေးမြို့အား ပြန်လည်သိမ်းပိုက်နိုင်ခဲ့သော ဧပြီ ၈ ရက်နေ့တွင်ပင် အောင်ပွဲခံတပ်များက မြို့တွင်းတစ်လျှောက် ချီတက်ပြီး မြို့တွင်းသို့ဝင်သော အခမ်းအနားကို ကျင်းပခဲ့သည်။ ထိုသတင်းကို (၉-၄-၄၉) ရက်နေ့ထုတ် လူထုသတင်းစာက 'မန္တလေးမြို့သိမ်း အောင်ပွဲအခမ်းအနား' ဟူသော ခေါင်းစဉ် ဖြင့် ဖော်ပြထားပုံမှာ -
မန္တလေးမြို့၌ ၈-၄-၄၉ ရက်နေ့ နံနက်တွင် ဗမာ့တပ်မတော်မှ ကမကထပြု၍ မြို့ပေါ်ရှိ အစိုးရတပ်များနှင့် ပြည်သူ့ရဲဘော်ဖြူများ မြို့သိမ်းအောင်ပွဲ အခမ်းအနားပြုလုပ်ရာ တပ်ပေါင်းစုံချီတက်သည်။ လမ်းမကြီးတစ် လျှောက်လုံးတွင် စောင့်မျှော်ကြည့်ရှုနေသော လူထုကြီးမှာ အထူးပင်စည်ကား များပြားလှကြောင်း၊နံနက် ၇ နာရီတွင် မန္တလေးစစ်ရဲ ဌာနချုပ်၌ တပ်ပေါင်းစုံစုရုံးပြီးလျှင် ၈ နာရီ တွင် အစီအစဉ်အရ မြို့မစည်တော်ကြီးက ရှေ့ဆောင်၍ ချီတက်လာကြကြောင်း၊၎င်းစည်တော်ကြီးနောက်မှ မန္တလေးမြို့အကျိုးဆောင်ရိက္ခာတာဝန်ခံ ဦးဝါသဝ (ခင်မကန် တိုက်) သည် ကားဖြင့် လိုက်ပါလာကြောင်း၊၎င်းနောက်မှ ဗိုလ်မှူးကြင် ဦးဆောင်ကာ တပ်မတော် စိန်ပြောင်းတပ်စု၊ တပ်မတော် စက်မှုလက်မှုတပ်၊ ဗိုလ်သင်တန်းတပ်၊ လူရိုင်း စစ်တပ်၊ တပ်မတော်လေ့ကျင့်ရေးတပ်၊ ဗိုလ် လောင်းတပ်စု၊ ပြည်ထောင်စု စစ်ရဲတပ်၊ ဗိုလ် စိန်မှန်တပ်၊ မုံရွာ-မန္တလေး စစ်ဝန်ထမ်းတပ်စု၊ ရဲဘော်ဖြူတပ်၊ ရဲဘော်ဟောင်းတပ်၊ စီဒီစီပြည်သူ့ပျောက်ကျားတပ်များနှင့်အတူ မြို့မ တူရိယာတပ်ပါ ချီတက်ကြကြောင်း (၈၄) လမ်း ဗိုလ်ချုပ်လမ်းနှင့်(၂၆)ဘီလမ်း တစ်လျှောက်လုံး မြို့သူမြို့သားများ တိုးဝှေ့ကြည့်ရှုကြသည် 
ကို တွေ့ရှိရကြောင်း၊ ပြည်ထောင်စုအလံများ လည်း လွှင့်ထူကြကြောင်းဟူ၍ သတင်းပေး ရေးသားထားခဲ့သည်။
အခါတော်ရောက်ချိန် နီးလို့လာပြီလေ
ထိုစဉ်က မြို့သိမ်းတပ်ဖွဲ့များနှင့်အတူ မြို့မတူရိယာအသင်းပါ လိုက်ပါလှည့်လည်သော အခါ အေဝမ်းဆရာညှာ၏ 'ပြည်တော်ဝင်' သီချင်းကိုပင် မြိုင်မြိုင်ဆိုင်ဆိုင် တီးမှုတ်ခဲ့ သည်ဆို၏။ နန်းတွင်း၌ ပြည်ထောင်စု အလံတော်စိုက်ထူသည်အထိပင် လိုက်ပါလှည့်လည် တီးမှုတ်ခဲ့သည်။ ထိုနေ့ကား ဧပြီလ ၈ ရက်နေ့မို့ 'အခါတော် ရောက်ချိန် နီးလို့လာပြီလေ၊ ဒေါ်ဒေါ် မမ နှမတို့ရေ အသည်းစွဲ ချစ်မိတ်ဆွေ ခေတ္တခွဲလို့နေ' ဟူသော သီချင်း စာသားနှင့် ဒုတိယအကြိမ်မြောက် လိုက်ဖက်ညီခဲ့ပြန်လေခြင်းဖြစ်သည်။ ကျောက်ဆည်မြို့ ရှေ့တန်းစခန်းသို့ပင် မြို့မက လိုက်ပါ ဖျော်ဖြေခဲ့ရသည်။
တကယ်တော့ ဧပြီလ ၆ ရက်နေ့ကတည်း က နန်းတွင်းကို မြန်မာတပ်မတော်က အပြီးအပိုင် သိမ်းပိုက်ပြီး ဖြစ်သည်။ ဧပြီ ၇ ရက်နေ့တွင် မန္တလေးတစ်မြို့လုံး စည်ကားလာ၏။ ဈေးချိုတော်ကြီးလည်း ပြန်လည် ဖွင့်လှစ်လိုက်
ပြီ။ ကိုင်းတန်းဈေး၊ ထီးတိုင်ဈေးစသော ပျံကျဈေးများလည်း ရောင်းဝယ်နေကြပြီ။ မနက်ဈေးဖြစ်သော ရဟိုင်းဈေးနှင့် ညနေဈေးဖြစ် သော သမီးတော်ဈေးများလည်း ပုံမှန်စည်ကား နေ၏။ မန္တလေးလျှပ်စစ်ဌာနကလည်း ဧပြီ ၈ ရက် ညမှာပင် မြို့ကို မီးပေးနိုင်ပြီ။ ဧပြီ ၉ ရက်ရောက်တော့ မုံရွာ၊ ရွှေဘို၊ ရေဦး ဘက်မှ အဝေးပြေးကားများပင် ယခင်ကလို ဝင်ရောက်လာကြ၏။ ၁၉၄၉ ခု ဧပြီလ ၈ ရက်နေ့တွင် ကေအင်ဒီအိုများလက်မှ မန္တလေးမြို့ လွတ်မြောက်၍ မြို့သိမ်း အခမ်း အနားကြီးအား မြို့လုံးကျွတ်မျှဝဲချီးကျင်းပပြီး 
မြို့မတူရိယာအသင်းကြီးကလည်း 'ပြည်တော်ဝင်' သီချင်းဖြင့် မြိုင်မြိုင်ဆိုင်ဆိုင် တီးမှုတ်ပါဝင်ခဲ့ခြင်းဖြစ်သည်။
တက်ခေတ်လူငယ်များ အားအင်တောင့်တင်းစေ
ဤသို့ဖြင့် ၁၉၄၅ခုနှစ်တွင် တစ်ကြိမ်၊ ၁၉၄၉ ခုနှစ်တွင် တစ်ကြိမ် မြို့သိမ်းအောင်ပွဲ အခမ်းအနားများတွင် ပြည်တော်ဝင်သီချင်း ကို မြို့လုံးကျွတ် သမိုင်းတွင်စွာ သီဆိုတီးမှုတ်ပြီးနောက် မန္တလေးမြို့တွင် လူထုအောင်ပွဲဆင်တိုင်း၊ ယုတ်စွအဆုံး ရန်သူမျိုးငါးပါးရန်က ရုန်းထွက်ကာ ပြန်လည်ထူထောင်တိုင်း ခေတ်အဆက်ဆက် 'ပြည်တော်ဝင်' ဖြင့် မြိန်မြိန်ယှက်ယှက် အောင်စည်ရွမ်းခဲ့ကြသည်ချည်း ဖြစ်သည်။ အထူးသဖြင့် ၁၉၆၈ ခုနှစ်မှ ၁၉၇၈ ခုနှစ်အထိ ၁၁ နှစ်တိုင်တိုင် မြို့မငွေငန်းအလှ ပြယာဉ်နှင့် မန္တလေးသင်္ကြန်ကို ပါဝင်ဆင်နွှဲခဲ့ သော အနုပညာရှင်ကြီးဝင်းဦးကလည်း နှစ်တိုင်း မပျက်မကွက် ငွေငန်းပေါ်မှ 'ပြည်တော် ဝင်' ဖြင့် အခါတော်ကို ကြိုဆိုခဲ့သည်။ သင်္ကြန်တွင်း ညဉ့်ဦးယံတိုင်း မန္တလေးတစ်မြို့လုံး အောင်စည်ရွမ်းသံလွှမ်းခဲ့သည်မှာ ၁၁ နှစ်
တိုင်ခဲ့သည်။ ထိုစဉ်ကာလ သင်္ကြန်အခါတွင်း ဖျော်ဖြေမှုသာမက တရိပ်ရိပ်ကျဆင်းနေ သော နိုင်ငံ၏ နိုင်ငံရေး စီးပွားရေးအဆိုး သံသရာထဲမှ ရုန်းကန်ထွက်နိုင်ဖို့ အနုပညာဖြင့် အားပေးသည့်အနေနှင့် သီဆိုစေခဲ့သော မန္တလေးသားကြီးများ၏ အစီအမံဟုဆိုသော် လွန်အံ့မထင်။
သည့်နောက်ပိုင်း နိုင်ငံရေးအကွပ်အညှပ် ပြင်းထန်လာချိန်တွင် ထောင်တွင်းတိုက်ပွဲများ အတွက် တွန်းအားဖြစ်စေခဲ့သော 'ပြည်တော်ဝင်' မှ ဖြစ်ဟဲ့ဆို ဖြစ်ရမယ်တဲ့ တက်ခေတ်လူငယ်များ အားအင်တောင့်တင်းစေ.. ဟူသော လှုံ့ဆော်မှုကို မန္တလေးသား နိုင်ငံရေး အကျဉ်းသားများက စတင်လိုက်သောအခါ 'ပြည်တော်ဝင်' သည် အာဏာပိုင်များအတွက် အဆိပ်အတောက်ဖြစ်ခဲ့သည်မှာ ၁၉၈ဝ ခုနှစ် ဝန်းကျင်ကတည်းကဖြစ်သည်။
ခေတ်အဆက်ဆက် နှလုံးသားထဲက ပြည်တော်ဝင်
တကယ်တော့ သီချင်းတစ်ပုဒ်၏ ကျော်ကြားထင်ရှားခြင်းဟူသည် ဓာတ်ပြားရမှ၊ ရေဒီယိုမှ ထုတ်လွှင့်မှ၊ ရုပ်မြင်သံကြားမှ ထုတ် လွှင့်မှဟူ၍မဟုတ်။ ပြည်သူများ၏ ရင်ထဲ နှလုံးသားထဲ ဘယ်လောက်စွဲနစ် စိမ့်ဝင်ခဲ့ သလဲဆိုသည်က အဓိကဖြစ်သည်။ အထူး သဖြင့် မန္တလေးသီချင်းတွေက အခြေအနေ
အရ ဓာတ်ပြားနှင့်၊ ရေဒီယိုနှင့် ရုပ်မြင်သံကြားဖန်သားပြင်နှင့် (ယခုအချိန်ထိ) အလှမ်းကွာဆဲဖြစ်သည်။ ထိုသီချင်းများထဲတွင် 'ပြည်တော်ဝင်' က ထိပ်ဆုံးကပါသည်။ ၁၉၄၅ ခုနှစ် ကတည်းကကိုး။ သို့သော် ကျွန် တော်တို့တစ်တွေ 'ပြည်တော်ဝင်' ဖြင့် အား အင်တွေ အကြိမ်ကြိမ် တောင့်တင်းခဲ့ပါပြီ။
အခုလည်း ငြိမ်းငြိမ်းချမ်းချမ်း ညီညီညွတ်ညွတ်နှင့် 'အောင်စည်ရွမ်း' ချင်ကြတာ သန်း ၅ဝ ကျော်သော မြန်မာပြည်သား အား လုံး၏ တူညီသောဆန္ဒပဲဖြစ်သည်။