ရခိုင်ပြည်နယ်ရှိ IDP စခန်းများနှင့် ယာယီတိုက်ပွဲရှောင်စခန်းများ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိ

 

နေပြည်တော် မေ ၂၈

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနသည် IDP စခန်းများနှင့် တိုက်ပွဲရှောင်စခန်းများ တွင် နေထိုင်ကြသည့် ပြည်တွင်းနေရပ်စွန့်ခွာသူများအား ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားခြင်းမှ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းများကို သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်ရှိ ငှက်ချောင်း(၁)နှင့် ငှက်ချောင်း(၂) IDP စခန်းတို့တွင် ဆပ်ပြာ ၁၆၂၆ တောင့်၊ Surgical Mask ၃၂၅၂ ခု၊ Hand Speaker တစ်လုံး၊ အပူချိန်တိုင်းကိရိယာ နှစ်ခု၊ ကိုဗစ်-၁၉ အသိပညာပေးအသံဖိုင် ထည့်သွင်းထား သော Memory Stick တစ်ခု၊ အဝတ်နှာခေါင်းစည်း ၁၈၅၉၀ နှင့် ဗီနိုင်းနှစ်ချပ်တို့ကို သွားရောက်ထောက်ပံ့ခဲ့ပြီး ရသေ့တောင်မြို့နယ်ရှိ ပေါက်ပင်ရင်း၊ ပိန်းတော၊ ကုန်တန်း၊ ခွဆုံ၊ အောက်ကျောင်းတောင်နှင့် ဘူးသီးတောင်မြို့နယ်ရှိ သေကံခွဆုံ၊ စက်ခေါ်ရွာ၊ သိန်းတန်၊ ဝရကျွန်းရွာ၊ ဆေးအိုး ကျရွာနှင့် သံခြေ ယာယီတိုက်ပွဲရှောင်စခန်းတို့တွင် Surgical Mask ၆၂၈ ခု၊ အဝတ်နှာခေါင်းစည်း ၄၉၆၆ ခု၊ အပူချိန်တိုင်းကိရိယာ ၁၁ ခု၊ လက်သန့်ဆေးရည် ၃၁၂ ဘူး၊ Hand Speaker ၁၃ ခု၊ ကိုဗစ်-၁၉ အသိပညာပေးအသံဖိုင် ထည့်သွင်းထားသော Memory Stick ၁၃ ခု၊ ဗီနိုင်း ၁၃ ခု၊ ထုံး ၁၉ အိတ်နှင့် လက်ဆေးစင် ငါးခုတို့ကို သွားရောက် ထောက်ပံ့ခဲ့သည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးနှင့်ပတ်သက်၍ ထောက်ပံ့မှု လုပ်ငန်းများအပြင် အသိပညာပေးလုပ်ငန်းများ၊ အသိပေး နှိုးဆော်ခြင်းလုပ်ငန်းများနှင့် စိတ်ဓာတ်ရေးရာမြှင့်တင်ပေး မှုဆိုင်ရာလုပ်ငန်းများကို နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်အားလုံးတွင် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်