COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် ဆေးရုံသုံးစက်ပစ္စည်းကိရိယာများ လှူဒါန်း

 

နေပြည်တော် မေ ၂၈

 

Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများအတွက် အလှူရှင်များက ဆေးရုံသုံး စက်ပစ္စည်းကိရိယာများကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန၌ လာရောက်လှူဒါန်းရာ Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ အတွင်းရေးမှူး(၂)၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက လက်ခံသည်။
အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်
ရှေးဦးစွာ အလှူရှင်များကိုယ်စား Rotary Club of Central Yangon ၏ ဥက္ကဋ္ဌ ဦးထက်ညီက Rotary Club of Central Yangon သည် ကျန်းမာရေး၊ ပညာရေးနှင့် စီးပွားရေးကဏ္ဍများတွင် အကျိုးပြုလုပ်ငန်းများ ဆောင်ရွက် လျက်ရှိပါကြောင်း၊ ယခု ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်စဉ်၌ မိမိတို့အနေဖြင့် ဆေးရုံများတွင် လူနာများအား ကုသမှု ပေးရာတွင် အသုံးပြုရန် စက်ပစ္စည်း ကိရိယာများ လာရောက်လှူဒါန်းခြင်း ဖြစ်ပါကြောင်း ရှင်းလင်းပြောကြား သည်။
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးက ယခုကဲ့သို့ ဆေးရုံသုံး စက်ပစ္စည်းကိရိယာများ လှူဒါန်းမှု သည် ကိုဗစ်-၁၉ လူနာများအတွက် သာမက အခြားရောဂါဖြင့် ကုသမှု ခံယူရသော လူနာများအတွက်လည်း အသုံးပြုနိုင်မည်ဖြစ်သဖြင့် ရေရှည် အကျိုးရှိမည်ဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်း များအတွက် ယခုအချိန်တွင် လူမှုရေး အသင်းအဖွဲ့များ၊ ပရဟိတ အဖွဲ့အစည်းများနှင့် ပြည်သူများ၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှု အခန်း ကဏ္ဍသည် အရေးကြီးပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး က လှူဒါန်းမှုများကို လက်ခံပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည် ပေးအပ်သည်။
လှူဒါန်း
ယနေ့ လှူဒါန်းမှုတွင် Rotary Club of Central Yangon (District 3350)မှ အမေရိကန်ဒေါ်လာ ၅၀၀၀၀ တန်ဖိုးရှိသည့် Patient Monitor ၅၉ ခု၊ Rotary Club of Central Yangon (District 3350), District 2570, Rotary Club of Kawagoe and Rotary Club of Honjo Minami တို့မှ အမေရိကန်ဒေါ်လာ ၆၁၅၀၀ တန်ဖိုးရှိ Syringe Pump ၁၁၅ ခု၊ Rotary Club of Central Yangon (District 3350) နှင့် District 3630 တို့မှ အမေရိကန်ဒေါ်လာ ၆၀၀၀၀ တန်ဖိုးရှိ Patient Monitor ၇၄ ခု တို့အား လှူဒါန်းခဲ့သည်။
ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးသည် တိုင်းရင်းသားလူမျိုး များရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှမော်ဦးက Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများအတွက် လာရောက် လှူဒါန်းမှုကို လက်ခံပြီး ဂုဏ်ပြု မှတ်တမ်းလွှာ ပြန်လည်ပေးအပ် သည်။
ထိုသို့လှူဒါန်းမှုတွင် တိုင်းရင်း သားလူမျိုးများရေးရာ၊ ဒုတိယဝန်ကြီး ဦးလှမော်ဦး - ဒေါ်တိုးတိုးသူ မိသားစု၊ ဒေါ်အေးမြင့်ဦး၊ ဒေါ်အေးချစ်ဦး၊ ဒေါက်တာသီသီဦးနှင့် ဒေါ်စီစီဦးတို့က ငွေကျပ် ၁၅ သိန်းကို လှူဒါန်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်